ဖွတ် မိကျောင်းဖြစ်... မြစ် မချမ်းသာ - အပိုင်း (၁)
ဗထူးနှင့် သံတောင်ကြီး တွေမှာ ဖွင့်လှစ်ထားတဲ့ တိုက်ခိုက်ရေးကျောင်းရဲ့ ခြေလျင်တပ်ရင်းမှူး သင်တန်းကို အလွှာပေါင်းစုံမှ အရာရှိများ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ရုံးမှ ခေါ်ယူတဲ့သင်တန်း အပတ်စဉ်တိုင်း တက်ရောက်ခဲ့ရပါတယ်။
မြန်မာ့တပ်မတော်လေ အမ်အိုင်ဂျီ-၂၉ တိုက်လေယာဉ်များ
ခြေလျင်တပ်ရင်းမှူး သင်တန်းလို့ နာမည်တပ်ထားပါလျက် လေသူရဲတွေ၊ စစ်အင်ဂျင်နီယာတွေ၊ စစ်ဗိုလ်ဆရာဝန်တွေ၊ ကွန်ပျူတာ Programmer တွေဟာ မိမိတို့ရဲ့ အထူးပြုသီးခြား ပညာရပ်ဆိုင်ရာတွေကို အသာမေ့ထားလို့ ခြေလျင်တပ်က ဗိုလ်မှူးများနဲ့ အတူ စစ်နည်းဗျူဟာ သင်ခန်းစားများဖြစ်ကြတဲ့ ချီစစ်/တိုက်စစ်/ခံစစ်/ခွါစစ် တွေအား အလွတ်ကျက်ရင်း.. မျက်စိနှင့်စာ မခွာဝံ့ပဲ နပန်းလုံးနေရပါတယ်။
နိုင်ငံတကာ တပ်မတော်တွေ War Game ကို Simulatorနှင့် တိုက်ပြီးလေ့ကျင့်နေချိန်မှာတော့ တပ်မတော်က စစ်ဗိုလ်များဟာ မြေပြင်ရှိ ၄ လတာကာလ အတောအတွင်း “မီးနာမှ သံကောင်းမည်” “သံကောင်းမှ ဒါးထက်မည်” ဆိုတဲ့ ဒါးတံဆိပ် တိုက်ခိုက်ရေးကျောင်းရဲ့ ပညာပေးမှု အောက်မှာ စိတ်ပန်းလူပင်ပန်း ဒုက္ခခံရင်း အကျိုးအမြတ်အဖြစ် ညီနောင်များရဲ့ တပ်အသီးသီးမှ အကြောင်းလေးတွေ သိခွင့်ရတာကို ဖွင့်ချပေးလိုက်ပါတယ်။
တပ်အသီးသီးမှာ ရှိနေစဉ်မှာတော့ ပခုံးပေါ်က အပွင့်တွေနဲ့ လျှော်ညီအောင် မင်နဲ့မောင်းနဲ့ နေကြရင်း၊ အမိစစ်တက္ကသိုလ်မှာ နေစဉ်က ရင်းနှီးမှုတွေ ပျောက်လုနီးပါးအထိ အလုပ်ကိုယ်စီနဲ့ သူငါအပြိုင် အထက်လူကြီး အငြိုညင် မခံရရေး ကြိုးစားခဲ့ကြပေမယ့် သင်တန်းသားဘ၀မှာတော့ မိခင်တပ်ရင်း တပ်ဖွဲ့မှ ရာထူးတွေ တာဝန်တွေ အဆောင်အယောင်တွေ ဖယ်ထားပြီး သင်တန်းသားချင်းဆိုတဲ့ အခြေအနေ တစ်ခုအောက်မှာ ဟိုးအရင် ၁၀ နှစ်တာလောက်က ဗိုလ်လောင်း ဘ၀လိုပဲ ပေါ့ပါးလွတ်လပ်စွာ ရင်ထဲက စကားတွေ ပြောဖြစ်ကြပါတယ်။ တပ်မတော် (လေ) ရဲ့ လေတပ်စခန်း တစ်ခုထက်မကမှာ ဒီအဖြစ်မျိုးတွေ ဖြစ်နေတာပါ။ ဒီထဲကမှ သူငယ်ချင်းတစ်ယောက် ပြောပြတဲ့ ဖြစ်စဉ်လေးကတော့...
လေတပ်စခန်းဌာနချုပ်မှူး နေရာလစ်လပ်စွာ အချိန်အတော်ကြာရှိနေခဲ့သော လေတပ်စခန်း တစ်ခုမှာပါ။ အုပ်ချုပ်ရေးတပ်မှူးဟာ Senior အတော်ကျသူ ဒုဗိုလ်မှူးကြီးတစ်ဦး ဖြစ်ပြီး၊ မကြာခဏလည်း ခေတ္တလေတပ်စခန်းမှူး တာဝန်ယူနေရသလို အုပ်ချုပ်ရေးပိုင်းမှာလည်း အတော်ကျွမ်းကျင်သူ ဖြစ်ပါတယ်။ လေတပ်စခန်း တစ်ခုလုံး သူ့ခြေသူ့လက် လုပ်ချင်ရာလုပ်နိုင်သလို မော်တော်ယာဉ်၊ တပ်ထောက်၊ ရိက္ခာ ကအစ တပ်ဝင်းအတွင်းက နှစ်ရှည်သီးပင်စားပင်တွေရဲ့ ၀င်ငွေတွေ စတာတွေဟာ သူ့စိတ်တိုင်းကျ စီမံထားပါတယ်။ လေတပ်စခန်းမှူး တာဝန်နဲ့ ရောက်လာသူများကလည်း ခဏလောက်ပဲ နေရပြီး ပြောင်းပြောင်း သွားတာကြောင့် သူ့စီမံကွပ်ကဲမှုအောက်မှာ တပ်ဟာ နေသားကျနေသလို ဖြစ်နေခဲ့ပါတယ်။
လေတပ်ရဲ့ ထုံးစံအတိုင်း ရပေါက်ရလမ်းဌာနများကို သူ့စိတ်ကြိုက် အရာရှိ ၃ ဦးလောက်နဲ့ပဲ ကြီးကြပ်စေခဲ့ပါတယ်။ အဲဒီအခြေအနေကို ကြည့်မရသော အရာရှိတစ်ဦးကတော့ ဖြစ်စဉ်အားလုံးကို အသေးစိတ် မှတ်သားပြီး အချိန်အခါ အခွင့်တစ်ရပ်ကို စောင့်နေခဲ့ပါတယ်။ တကယ်တော့ ဒီအရာရှိဟာ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးပိုင်းမှာ အားနည်းချက်ရှိသလို လေတပ်ရဲ့ Fighter Row ဖြစ်တဲ့ ပျံသန်းရေးမှာလည်း အားနည်းတာကြောင့် အုပ်မှူးကလည်းမသုံးသလို၊ အုပ်ချုပ်ရေး တပ်မှူးကလည်း မသုံးလိုတာကြောင့် ဘယ်နေရာထားရမှန်း မသိဖြစ်နေလို့ ချောင်ထိုးခံထားရတာကို မကျေမနပ် ဖြစ်နေတာ ကြာမြင့်နေပြီ ဖြစ်ပါတယ်။
လေတပ်စခန်းဌာနချုပ် လေယာဉ်ဝင်းအတွင်း လေသူရဲများ ဂျက်တိုက်လေယာဉ် အပေါ်မတက်ခင် ပြင်ဆင်နေကြပုံ
အုပ်ချုပ်ရေးတပ်မှူးရဲ့ လုပ်ဆောင်မှုတွေမှာ တရားတာရော၊ မတရားတာရောရှိပေမယ့် တပ်မှာတော့ ထူးထူးခြားခြား အခြေအနေတွေမရှိပဲ ပုံမှန်လည်ပတ်နေသလို၊ ကျန်အုပ်မှူး/ တပ်မှူးများ အရာရှိ/စစ်သည်များကြားမှာ စိတ်ဝမ်းကွဲပြားမှုတွေ မရှိပါဘူး။ လေတပ်စခန်းမှူး တွေကလည်း ရောက်လာသမျှက ခပ်အေးအေးတွေ ဖြစ်လေတော့ အုပ်ချုပ်ရေး တပ်မှူး ရှာဖွေပေးသမျှ၊ အကြံအဖန်ငွေတွ အပ်သမျှနဲ့ ကျေနပ်တင်းတိမ်နေပြီး စခန်းအုပ်ချုပ်မှုကိစ္စတွေကို Guide လုပ်ပေးရုံလောက်ပဲ လုပ်ပေးကာ အေးဆေးစွာ အချိန်ကာလ တစ်ရပ် ကုန်ဆုံးခဲ့ပါတယ်။
ဒါပေမယ့် မကြာသော ကာလကတော့ ထက်မြက်တယ်လို့ ကျော်ကြားနေတဲ့ လေတပ်စခန်းမှူး ပြောင်းရွှေ့ရောက်ရှိလာခဲ့ပါတယ်။ ဒီစခန်းကို မရောက်ခင်ကတည်းကပင် အဲဒီ လေတပ်စခန်းမှူး အသစ်က ဒီစခန်းရဲ့ အုပ်ချုပ်ရေးတပ်မှူးရဲ့ လုပ်ရပ်တွေကို လက်မခံဘူး၊ မြေလှန်ပစ်မယ်လို့ ကြွေးကြော်သံ ကြိုပို့ထားပါတယ်။ Promotion နှင့် ပြောင်းလာတဲ့ အရာရှိသစ် တော်တော်များများဟာ တက်ကြွသူများပါသလို အာဏာပါဝါများကို လိုတာထက် ပိုပြီး ပြချင်တဲ့လူများ ပါတတ်တာမို့ တပ်တွေများအဖို့ အရာရှိ အသစ်ပြောင်းလာတိုင်း မကြာခဏ လိုက်လံပြုပြင်ပေးရတဲ့ ဒုက္ခလည်း ကြုံတွေ့နေရပါတယ်။
ဒီတော့ အနေကြာနေတဲ့ အုပ်ချုပ်ရေး တပ်မှူးကလည်း လေတပ်စခန်းမှူး အသစ် ရောက်တဲ့နေ့မှာ အေးစက်စွာ ကြိုဆိုပြီးအိမ်ဝေရာဝစ္စ၊ လုပ်ဖို့ ချောင်ထိုးထားတဲ့ အရာရှိကို လွှတ်လိုက်ပါတော့တယ်။ အဲဒီမှာ စတွေ့တာပါပဲ။
အပိုင်း ၂ ကို နောက်တစ်ပတ်တွင် ဆက်လက်ဖေါ်ပြသွားပါမည်။
source by : http://photayokeking.org
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment