6/12/2011

ပြည်သူ့ဝေဒနာသည် တော်လှန်ရေးသမားတို့ ဝေဒနာ

| နေ၀န်းနီနီ သီချင်းခွေထုတ်ဖို့ သီချင်းသွင်းနေစဉ်က မင်းမင်းထွေးငယ်၊ ကိုမြတ်သူ၊ မစန်းစန်းမြင့် ABSDF ရဲ့ ပထမဦးဆုံး တောတွင်းအဆိုတော် သုံးယောက်ပုံဖြစ်ပါတယ်။


Nay Won Ni Ni by Min Min Htwe Nge

ဆေးပစ္စည်းတွေသိမ်းရင်း ကျွန်မ လယ်ကွင်းပြင်ကို လှမ်းကြည့်လိုက်မိတယ်။ ကျောင်းသားတပ်မတော်က စစ်သားတွေနဲ့ ကွင်းကလေးရွာက လူကြီး၊ လူငယ်တွေနဲ့ စကားပြောရင်း စပါးရိပ်သိမ်းနေကြတယ်။ သီချင်းသံတွေလဲ လေမှာလွင့်ပြန့်လို့ နေတယ်။ သမုဒ္ဒရာ ၀မ်းတထွာအတွက် ဆင်းရဲပင်ပမ်းစွာ လုပ်ကိုင်စားသောက်ရတဲ့ လယ်သမားဦးကြီးတွေကို ကျောင်းသားတပ်မတော်သားတွေက ရောက်ရာဒေသတွေမှာ အကူအညီပေးနေကြတယ်။ ဒီတော့ ရွာသူရွာသားတွေကလည်း ကျောင်းသားတပ်မတော်သားတွေကို သားသမီးရင်းတွေနဲ့မခြား သဘောထားလာခဲ့ကြပါတယ်။ ကျောင်းသားလေးတွေ လာရင်စားဖို့တဲ့လေ စပါးကသပ်သပ် အသီးဝလံကလည်း သီးခြားခွဲလို့ ဖယ်ထားကြရှာတယ်။ ရောက်လာရင်လည်း အသားတွေဘာတွေ ပေါ်ကျွေးရှာတယ်။ မလုပ်ပါနဲ့ဆိုလည်း မရဘူး အလွန်ကို စိတ်သဘောထား ဖြူစင်ကြတဲ့ ကျေးလက်ပြည်သူတွေပါ။ ဒါပေမဲ့ မဆလကတော့ ဒီရိုးသားတဲ့ ဦးကြီးတွေကိုလည်း မညှာခဲ့ပါဘူး။ ပေါ်တာဆွဲလား ဆွဲရဲ့ ပေါ်တာကြေးဆိုပြီး ငွေအဓမ္မကောက်၊ ကြက်ဆွဲ၊ ၀က်ဆွဲ နွားတောင်မှမချန်ဘူး။ စပါးဆိုတာကတော့ ၀မ်းစာချန်ဖို့ ဝေးလို့ တော်လှန်ရေးသမားတွေကို ထောက်ပံ့မှာစိုးလို့တဲ့လေ စပါးကျီတွေကို မီးနဲ့ရှို့သွားကြသေးတယ်။ ဒါတင်ဘယ်ကမလဲ အပြစ်မဲ့သူတွေကို မထင်ရင်မထင်သလို ပစ်သတ်ညှဉ်းဆဲ မုဒိန်းကျင့် တကယ့်ကို ရက်စက်ယုတ်မာတဲ့ စစ်အစိုးရပါလား။

“ဆရာမလေး”

ကျွန်မ အတွေးလေးတွေ ရုတ်တရက် ရပ်သွားပြီး အသံလာရာဆီကို ရုတ်တရက် လှည့်ကြည့်မလိုက်တယ်။ အသက် ရှစ်ဆယ်လောက် ရှိမယ်ထင်ရတဲ့ အဘွားအိုတယောက်ကို လူငယ်တယောက်က တွဲပြီးဝင်လာတာကို တွေ့လိုက်ရတယ်။

“လာပါ လာပါ အဖီး နေမကောင်းလို့လားဟင်” အဘွားအိုက ကြမ်းပြင်ကို လက်နဲ့စမ်းပြီး ထိုင်ရင်း “နေကောင်းပါတယ် ဆရာမလေးရယ် အဖီးက ဒီကိုလာချင်လို့ ရွာကကောင်လေးတယောက်ကို အပို့ခိုင်းတာပါ” “ အဖီး နေခဲ့တော့နော်” အဘွားအိုကို လိုက်ပို့တဲ့ ကောင်လေးက ပြောပြောဆိုဆိုနဲ့ ပြန်သွားတယ်။ ကျွန်မ ဘယ်ကစပြီး စကားစပြောရမယ်ဆိုတာ စဉ်းစားနေတဲ့ အခိုက်မှာပဲ အဘွားအိုက “ ဆရာမလေးတို့ ကျောင်းသားတွေ လာပြီး စာသင်ပေးတယ်၊ ဆေးကုပေးတယ်၊ စပါးကူရိပ်ပေးတယ်၊ အဖီးတော့ ကျေးဇူးတင်ပြီး ၀မ်းသာလို့ မဆုံးပါဘူး ဆရာမလေးရယ်”

ဒီတော့ ကျွန်မလည်း “အော်.. အဖီးရယ် ဒီလိုလည်း မဟုတ်သေးပါဘူး သမီးတို့ကို ကျေးဇူးတင်စရာ မလိုပါဘူး သမီးတို့ တော်လှန်ရေးသမားတွေကို အဖီးတို့ရွာတွေကပဲ ကျွေးမွေးထားတယ် မဟုတ်လား သမီးတို့ကတောင် ပြန်ပြီးကျေးဇူးတင်ရမှာပါ ပြီးတော့လည်း သမီးတို့ ကျောင်းသားတွေက အဖီးတို့ ရွာတရွာထဲမှ မဟုတ်တာ မြို့အနှံ့ ရွာအနှံ့ ရောက်တဲ့နေရာမှာ ရှိတဲ့ ပြည်သူတွေရဲ့ ၀ိုင်းဝန်းကူညီ လုပ်ပေးနေတာပဲ သမီးတို့ရဲ့ ခေါင်းဆောင်တွေ ကိုယ်တိုင်က မှာထားတယ် ပြည်သူကို တတ်နိုင်သမျှ လုပ်ကျွေးပြုရမယ် စောင့်ရှောက်ပေးရမယ် ပြည်သူတွေဘ၀ ဖွံဖြိုးတိုးတက်အောင် လုပ်ပေးရမယ်တဲ့ အဲဒါကလည်း ဟောဒီကရင်ပြည်နယ်တခုတည်း မဟုတ်ဘူး တနိုင်ငံလုံးမှာ ရှိတဲ့ပြည်သူတွေ အားလုံးကို လုပ်ပေးရမဲ့ တာဝန်တွေ သမီးတို့မှာ ရှိပါတယ် အခုသမီးတို့ နိုင်ငံမှာ ပြည်သူတွေနစ်နာဆုံးရှုံးခဲ့ရတဲ့ လွတ်လပ်မှုတွေ၊ လူ့အခွင့်အရေးတွေ၊ တရားမျှတမှုတွေနဲ့ ငြိမ်းချမ်းရေးတွေအတွက် သမီးတို့ တိုက်ပွဲဝင်နေကြတာပါ အဖီးတို့လို ပြည်သူတွေက သမီးတို့ရဲ့ ကျေးဇူးရှင် မိဘတွေပါ၊ သမီးတို့မှာ ကျေးဇူးဆပ်ရမဲ့ တာဝန်တွေရှိပါတယ်။ အဖီးတို့ အခုလို ထောက်ခံအားပေးနေတာ တွေ့ရတော့ သမီးတို့က ပိုပြီးအားတက်မိတယ် အဖီးရယ်။ ”

“ဟုတ်တာပေါ့ ထောက်ခံရမှာပေါ့ သမီးရယ် သမီးတို့က အဖီးတို့ဘ၀ တိုးတက်သာယာဖို့ တကယ်လုပ်နေကြတာကိုး အဖီးလေ ဆရာမလေးကို မမြင်ရပေမဲ့”

“ရှင်” ကျွန်မ အတော်လေး အံ့အားသင့်သွားမိပါတယ်။ “အဖီး မျက်စေ့မမြင်ဘူး” “ဟုတ်လား ကျွန်မက အဖီးမျက်စေ့ မှုန်နေတယ်လို့ပဲ ထင်နေတာ” “ဟုတ်တယ်ဆရာမလေး အဖီး မျက်စေ့မမြင်တော့ဘူး” ။

“ အို ” ကျွန်မ အတော်လေး စိတ်မကောင်း ဖြစ်သွားရပါတယ်။ အဘွားအိုကတော့ သူ့စကားကို ဆက်ပြောလာပါတယ်။ “ဆရာမလေးက တော်တော် စိတ်သဘောထားကောင်းပုံရတယ်၊ အဖီးသမီးလည်း စိတ်သဘောထား ကောင်းရှာတယ် အဖီးမျက်စေ့ မမြင်ရလို့သာပေါ့ ဆရာမလေး မျက်နှာကို သိပ်ကြည့်ချင်တယ် သမီးလေးနဲ့များ တူမလားပေါ့-လေ။ ”

ကျွန်မက အဖီးပြောတဲ့ စကားကို အတော်လေးပဲ စိတ်ဝင်စားသွားမိတယ်။ ဒါနဲ့ “အဖီးသမီးက အခုဘယ်မှာလဲ အဖီးနဲ့အတူတူ မနေဘူးလား” လို့ ကျွန်မ မေးလိုက်မိတယ်။ ဒါအခါမှာတော့ အဘွားအိုမျက်နှာ ချက်ချင်း ညှိးလျှော့ကျသွားတာကို ကျွန်မ တွေ့လိုက်ရပါတယ်။ ခဏအကြာမှာတော့ အဘွားအိုဟာ တိုးညှင်းလေးတွဲ့တဲ့အသံနဲ့ “အဖီးသမီးအကြောင်းကို သိချင်တာလားကွယ် သူအခုမရှိရှာတော့ဘူး ဟိုးလွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကပေါ့ အခုလို စပါးပေါ်ချန်မှာ တရွာလုံး အလုပ်များနေတဲ့အချိန်ပေါ့ စပါးတွေ ရိပ်သူရိပ် လှန်းသူလှန်း ထောင်းတဲ့သူထောင်းနဲ့ပေါ့လေ အဲဒီအချိန်မှာပဲ မဆလစစ်သားတွေ ရွာထဲဝင်လာပြီး သေနတ်တွေနဲ့ ပစ်တော့တာပါပဲ တနှစ်စာ စားဖို့စုထားတဲ့ စပါးတွေသိမ်း မွေးထားတဲ့ မွေးထားတဲ့ ကြက်တွေ ၀က်တွေကို သတ်စား အဖီးတို့ရွာကိုလည်း သူပုန်အားပေးတဲ့ရွာ သူပုန်ရွာဆိုပြီးတော့ မီးရှို့တော့တာပဲ မီးလောင်တယ်လည်းဆိုရော အဖီးရဲ့သမီး နော်ရှီးလာလည်း ပြေးရတာပေါ့ အဲဒီတုန်းက အဲဒီတုန်းက သူက ကိုယ်ဝန်ကြီးနဲ့ မွေးခါနီးပဲ သူ့သမီးဦးလေးကို ဆွဲပြီးပြေးအလာကို မဆလစစ်သားတယောက်က သူ့စစ်ဖိနပ်ကြီးနဲ့ လှမ်းကန်လိုက်တာ သမီးနော်ရှီးလာဟာ တချက်ပဲ အသံထွက်နိုင်တယ် တခါတည်း အသက်ပါပျောက်သွားတယ်။ အဖီးက ပြေးထူမယ်အလုပ် အဲဒီစစ်သားက အဘွားကြီး မလှုပ်နဲ့ တဆစ်ပါသွားမယ် ဆိုလို့ မလှုပ်ရဲဘူး ကြောက်လန့်တကြား အော်ဟစ်ငိုယိုပြီး ပြေးလာတဲ့ မြေးမလေး နော်ဖေါ့ဝါးကိုသာ ဆီးပွေ့ဖက်ထားလိုက်တယ်။ အဲဒီအချိန်မှာပဲ စောဖိုးဆေး အဖီးရဲ့သားမက် နော်ရှီးလာရဲ့ ယောက်ျားရောက်လာတော့ မဆလ စစ်သားက မင်းလည်း သူပုန်ပဲဆိုပြီး ပစ်သတ်လိုက်ကြတယ် ဆရာမလေးရယ်။”

အဘွားအိုလည်း ပြောရင်း အသံတချက် တိမ်ဝင်သွားပြီး ပါးပြင်မှာ မျက်ရည်တွေ လိမ့်ဆင်းကျလာတာကို ကျွန်မ တွေ့လိုက်ရပါတယ်။ အဘွားအိုလိုပဲ ကျွန်မရင်ထဲမှာ ဆို့နစ်ကြေကွဲစွာ ခံစားနေမိပါတယ်။ ခဏအကြာမှာ အဘွားအိုက “ အဲးဒီနောက်မှာတော့ အဖွားလည်း မြေးမလေး နော်ဖေါဝါးကို ချီပြေးခဲ့ပါတယ် ပြေးရင်းလွှားရင်း မီးလောင်နေတဲ့ သစ်ပင်အကိုင်းကြီးတခုဟာ ကျိုးကျလာပြီး အဖီးရဲ့ခေါင်းကို ရိုက်မိတော့တာပဲ၊ အဖီးသတိရလို့ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ဘာမှမမြင်ရတော့ဘူးလေ အနားမှာ ငိုရှိုက်နေတဲ့ အသံကိုသာ အဖီးကြားတော့တယ်၊ အဖီးအတော်လေး ထိတ်လန့်တုန်လှုပ်သွားမိတယ်၊ ဒါပေမဲ့ မြေးမလေး ဘာမှမဖြစ်တာ သိရတော့ အဖီးအတော်လေး စိတ်ချမ်းသာခဲ့တယ်၊ မြေးမလေးကို မေးကြည့်တော့ အဖီးရောက်နေတာ အဇင်းပေါ်တော်မူ ဆေးရုံမှန်း သိခဲ့ရတယ်။”

အဘွားအိုရဲ့ စကားသံဟာ ကြေကွဲဆို့နစ်စွာ တိတ်ဆိတ်သွားခဲ့တယ်။ ကျွန်မလည်း အဘွားအိုကို လှမ်းအကြည့်မှာ မျက်ရည်တွေ ပိတ်ဖုံးပြည့်လွှမ်းနေတဲ့ ကျွန်မ မျက်လုံးတွေက အဘွားအိုရဲ့မျက်နှာကိုေ၀၀ါးရီမှုန်စွာပဲ မြင်ရပါတော့တယ်။ အဘွားအိုရဲ့ ခံစားချက်တွေက ကျွန်မနှလုံးသားထဲကိုပါ ကူးစက်ခံစားစေခဲ့ပါတယ်။ ကျွန်မဟာ အပြစ်မဲ့တဲ့ ပြည်သူတွေကို မတရားအနိုင်ကျင့် ဖိနှိပ်ရက်စက်လွန်းတဲ့ စစ်အာဏာရှင်တွေနဲ့ သူတို့နောက်လိုက်တွေရဲ့ ပြုမူကျင့်ကြံမှုတွေ သိရလို့ နှုတ်ခမ်းကို တင်းတင်းကိုက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်မိပါတော့တယ်။ စိတ်ထဲမှာလည်း ရဲဝံ့စွာ ရေရွတ်လိုက်တယ် ငါ့အသက် ငါ့ခန္ဓာရှိနေသရွေ့ ဒီစစ်အာဏာရှင်တွေကို ရဲရဲဝံ့ဝံ့ တော်လှန်တိုက်ခိုက်သွားမယ်။

နှစ်ဦးသား ကျေကွဲဝမ်းနည်းမှုတွေ ကိုယ်စီနဲ့ ငြိမ်သက်နေတုန်းမှာပဲ “အဖီးထမင်းစားရအောင်” လို့ ကရင်လို ခေါ်သံကြားလို့ ကျွန်မ ကြည့်မိလိုက်တဲ့အခါမှာတော့ အသက် ဆယ်နှစ်လောက် ရှိမယ်ထင်ရတဲ့ အသားဖြူဖြူဖွေးဖွေး ကလေးမလေးတယောက်ကို ပလိုင်းလေးလွယ်လို့ တွေ့လိုက်ပါတယ်။ အဘွားအိုရဲ့ မြေးမလေးပဲ ဖြစ်ရမယ်လို့ ကျွန်မထင်မိလိုက်တယ်။ ကျွန်မ ထင်သည့်အတိုင်းပဲ အဘွားအိုက မျက်ရည်သုတ်ရင်းနဲ့ “အဲဒါအဖွားရဲ့ မြေးမလေး နော်ဖေါဝါးပေါ့ဆရာမလေး” လို့ ပြောပြပါတယ်။ “လာလေ နော်ဖေါဝါး” ကလေးမလေးက သူ့အဖွားဘေးမှာ ၀င်ထိုင်လိုက်ပါတယ်။ ကျွန်မက “ဗမာစကားပြောတတ်လား” မေးတော့ “နည်းနည်း ပြောတတ်တယ်” လို့ ဖြေပါတယ်။ အဖွားအိုက “ဆရာမလေး အခုချိန်ထိ အဖီးကို စောင့်ရှောက်ကျွေးမွေးလာတာ ဒီမြေးလေးပေါ့ စာလည်း မတတ်ရှာဘူးကွယ် ဒါပေမဲ့ သူ့အပါးနဲ့ အမိုးကို စစ်သားသတ်တာ မြင်ထားတော့ စစ်သားဆို သူမုန်းတယ် ကြောက်တယ်” ကျွန်မက ပြုံးပြီး “နော်ဖေါဝါးက စာသင်ချင်လားဟင်” မေးတော့ ကလေးမလေးက “ဟင့်အင်း အဖီးကို ထမင်းကျွေးရမယ် သဒါမူ” “မဟုတ်ဘူးလေ ညဘက်မှာ သင်လို့ရတာပဲ” ။ “ညဘက်မှာသင်လို့ရလားဟင် နော်ဖေါ့သင်ချင်တယ် နော်ဖေါ့လေ ကြီးလာရင် သဒါမူလို ဆေးဆရာမလုပ်မယ်”။ “ဆရာမ သင်ပေးပါ့မယ် နော်ဖေါ့ရယ်” ကလေးမလေး မျက်နှာ ရွှန်းလဲ့လို့ သွားပါတော့တယ်။

“သဒါမူ နော်ဖေါ့တို့နဲ့ ထမင်းလိုက်စားလေ” “ဆရာမ စားပြီးပြီကွဲ့” “နောက်ဆို အားရင်အဖီးတို့ဆီ လာလည်နော့်ဆရာမလေး” “ဟုတ်ကဲ့ရှင် ကျွန်မအားရင် လာလည်ပါ့မယ်” “အဖီးတို့ ပြန်တော့မယ်နော် ဆရာမလေး” “ဟုတ်ကဲ့ရှင့်” ။ ကျွန်မဟာ မြေးအဖွားနှစ်ယောက် ရွှေ့ရွှေ့နဲ့ ပြန်သွားတာကို ငေးကြည့်ရင်းနဲ့ ကျွန်မ နှလုံးသားထဲမှာတော့ ၀မ်းနည်းခြင်း ကျေကွဲခြင်း၊ နာကျည်းမုန်းတီးခြင်း၊ သနားကရုဏာ ဖြစ်ခြင်းတို့ကို ရောထွေးစွာ ခံစားနေခဲ့ရပါတော့တယ်။ “ဟေ့ ညီမလေး ခရီးထွက်ရမယ် ဘာတွေစဉ်းစားနေတာလဲ” “သြော် ကိုမြင့်ဇော်ပါလား ခုနက မျက်စေ့မမြင်တဲံ အဖွားအိုက သူ့အကြောင်း ပြောပြနေတာလေ ၁၉၇၉ ခုနှစ်လောက်က ဒီရွာကို မဆလ စစ်တပ်တွေလာပြီး သောင်းကျန်းတုန်းကပေါ့” “အကိုလည်း ဒီအကြောင်းတွေကို ရွာသူကြီး ပြောပြလို့ သိပြီးပါပြီ မဆလ စစ်တပ်တွေ သောင်းကျန်း ရက်စက်ခဲ့တာ၊ ဖျက်ဆီးခဲ့တာ ဒီရွာတရွာတည်းမှ မဟုတ်ဘဲ ကော့ဆိုင်း၊ အစွန်း၊ စကားဝှက် အများကြီးပါပပဲလေ”။ “ညီမတော့ ဒီအကြောင်းကို ပြည်သူတွေသိအောင် ဒေါင်းအိုးဝေ စာစောင်ထဲမှာ ထည့်ရေးမယ်”။ “ကောင်းတာပေါ့ ညီမလေးရဲ့ ဒီစစ်အာဏာရှင်တွေ ဘယ်လောက် ဖိနှိပ်တယ်၊ ရက်စက်ယုတ်မာတယ်ဆိုတာ ကမ္ဘာကပါသိအောင် ထုတ်ဖေါ်ရေးရမယ် ကိုကိုတို့ သပိတ်ကာလတုန်းကလည်း ထောင်နဲ့ချီပစ်သတ်ခဲ့တာပဲ သူတို့ရက်စက်ခဲ့တဲ့ ပြည်သူတွေရဲ့ဘ၀ဟာ မကြာခင် လွတ်မြောက်ကြတော့မှာပါ” ။

“ဟုတ်တယ် ကိုမြင့်ဇော် ပြည်သူတွေ ဘယ်တော့မှ ဒီလိုဘ၀မျိုးမရောက်အောင် ရက်စက်မှုဒဏ်မခံရအောင် ညီမလေးတို့ တော်လှန်ရေးသမားတွေမှာ တာဝန်ရှိတယ်။ ဒီစစ်အစိုးရ အာဏာရှင်တွေကို အပြုတ်တိုက်ရမယ်၊ ပြည်သူတွေရဲ့ ဒုက္ခခံစားနေရတာတွေဟာ တော်လှန်ရေးသမားတွေရဲ့ ဝေဒနာတွေပဲ မဟုတ်လား ကိုမြင့်ဇော်ရယ်”။ ကျွန်မဟာ တော်လှန်ရေးအတွက် ယုံကြည်ချက်အပြည့်နဲ့ ကျောပိုးအိတ်နဲ့ ဆေးအိတ်ကို ကောက်လွယ်လိုက်တယ် ကျွန်မတို့ အောင်သီရိ စည်းရုံးရေးစစ်ကြောင်းဟာ တိုင်းပြည်အတွက် ပြည်သူတွေအတွက် ခရီးဆက်ရဦးမယ် မဟုတ်ပါလား။ ကျွန်မတို့ မိုးကောင်းကင်ကို မော့ကြည့်လိုက်တဲ့အခါမှာတော့ “သြော် မိုးကောင်းကင်ကြီးကတော့ ဖြူစင်အေးမြလိုက်တာနော့်”

မင်းမင်းထွေးငယ်

အောင်သီရိ ကျန်းမာရေးနှင့် စည်းရုံးရေးစစ်ကြောင်း

(ဤဇတ်လမ်းသည် ၁၉၇၈ ခုနှစ်က ကွင်းကလေးရွာကို မဆလစစ်တပ်မှ ၀င်ရောက်သောင်းကျန်း ဖျက်ဆီးခဲ့စဉ်က အမှန် ဖြစ်ပျက်ခဲ့သော ဇာတ်လမ်း ဖြစ်ပါသည် - မင်းမင်းထွေးငယ်)

ဒီသီချင်းနဲ့ ခရီးသွားဆာင်းပါးလေးက ၁၉၈၈ ခုနှစ်မှာ ငယ်ရွယ်နုပျိုတဲ့ ကာလမှာ တောတွင်းကို ရောက်သွားတဲ့ ကျောင်းသူတွေရဲ့ တော်လှန်ရေးမှာ ပါဝင်တဲ့ အခန်းကဏ္ဍနှင့် အာဏာရှင် အဆက်ဆက်လက်အောက်မှာ ခံစားနေရတဲ့ ပြည်သူလူထုရဲ့ ဆင်းရဲဒုက္ခအပေါင်းကို ထင်ဟပ်ဖေါ်ပြနေလို့ ပြန်ဖေါ်ပြဖြစ်ပါတယ်။ ABSDF တပ်ရင်း ၂၀၄၊ သေ့ဘောဘိုးစခန်းမှ ရဲမေ မင်းမင်းထွေးငယ်က ၁၉၉၀ ခု မတ်လထုတ် ABSDF ရဲ့ ဒေါင်းအိုးဝေ အတွဲ (၁) အမှတ် (၁၁) မှာ ရေးသားတဲ့ ဆောင်းပါးကို နေ့သစ်မှ ကူးယူပြီး ဇော်ဂျီလက်ကွက်နဲ့ ပြန်ရိုက်ကာ ဖေါ်ပြထားပါတယ်။

သီချင်းကလည်း ၉၁ ခုနှစ်က ABSDF ပြန်ကြားရေးက ထုတ်ဝေတဲ့ "ဘ၀တက္ကသိုလ်မှ နေ၀န်းနီနီ" သီချင်းခွေထဲမှ မင်းမင်းထွေးငယ် ဆိုထားတဲ့ သီချင်းအမည် နေ၀န်းနီနီ သီချင်း ဖြစ်ပါတယ်။ Nge Naing.
source by :

0 ယောက်ရဲ့ထင်မြင်ချက်: