12/19/2011

ခေတ်သစ် လူငယ် သိကြစေ (၃)

၁၉၈၉ ခုနှစ်၊ မတ်လ၊ ဒုတိယ အပတ် တနေ့လုံး မြို့နယ် အတွင်းရှိ ပါတီ ကိစ္စများနှင့် အလုပ်များနေသည်။ ရှစ်လေးလုံး လူ ထုအရေးတော်ပုံကြီးအတွင်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ကြသော လူငယ် အများစုသည် ပါတီများ အတွင်း ရောက်ရှိသွား ကြသည့် လူငယ်များ အပေါ် မကျေနပ်ကြ၊ ဗကသ၊ ရကသ၊ အကသများ အဖြစ် ဖြင့်သာ ရပ်တည် လိုကြသည်။ ကျောင်း သားသည် ကျောင်းသား အရေးသာ လုပ်ရမည်ဟု ဆိုသူကဆို၊ ပါတီ တခု၏ အောက်တွင် လှုပ်ရှား ရသည်ကို ဘောင်ကျဉ်း သည်ဟု ပြောသူက ပြော၊ တနေ့ တနေ့ ဆွေးနွေးရင်း စည်းရုံး၊ စည်းရုံးရင်း နိုင်ငံရေး သင်တန်း ဆန်ဆန် ပို့ချနှင့် မအားလပ် ရပါ။

ထိုစဉ် တောင်ဥက္ကလာပမြို့နယ်မှ မင်းနိုင်သူနှင့် မောင်မောင်တို့ အိမ်သို့ရောက်လာသည်။ အချိန်ကား ညနေ(၅) နာရီ လောက် ရှိပါသည်။ မင်းနိုင်သူ က “ကျနော်တို့ ဆွေးနွေးစရာ ရှိလို့ပါ” ဟု ဆိုလာသည့် အတွက် ကျနော်က ဆွေးနွေးပါလို့ တုံ့ပြန် လိုက်ပါသည်။ ထိုအခါ သူက “ကျနော်တို့ လူ့ဘောင်သစ် ဗဟိုကော်မတီမှာ ကွန်မြူနစ်တွေ၊ ကွန်မြူနစ် ဝါဒ ဘက်ကို ယိမ်းတဲ့ သူတွေ ပါတယ်ဆိုတာ လက်ခံပါသလား’’ ဟု မေးပါသည်။ ကျနော်က “အေးလေ အဲဒါ ဘာဖြစ်လဲ? တို့တတွေ ကြီးပြင်းလာတဲ့ အချိန်မှာ လေ့လာစရာ ဆိုလို့ လက်ဝဲ စာပေတွေပဲ ရှိတာပဲ။ မင်းတို့က ဘယ်သူတွေကို ဦးတည်ပြီး ပြောချင် တာလဲ’’ ဟု ပြန်မေးလိုက်သည့်အခါ သူက “ကိုမိုးသီး၊ ကိုသက်ထွန်းနှင့် နိုင်ငံရေးဦးဆောင်အဖွဲ့က ကိုဋ္ဌေးအောင် တို့လေ” ဟုပြောပါသည်။

ကျနော့် စိတ်ထဲမှာ အတွေးများ တရစပ် ဝင်လာပါသည်။ တို့ကို ဗိုလ်မှုးချုပ်ဟောင်း အောင်ကြီးက NLD ကို ဖြိုခွဲသလို လုပ်ပြန်ပြီလား ဆိုတဲ့အတွေး။ ဇာတ်ကြောင်း နည်းနည်း ပြန်ကောက်ပါရစေ။

၁၉၈၈ ခုနှစ် စက်တင်ဘာလ (၂၇) ရက်နေ့မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို နဝတ အဖွဲ့မှ ထုတ်ပြန်ပါ သည်။ ထုတ်ပြန်ပြီးတာနဲ့ ဦးအောင်ကြီး၊ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့အပါ တဖက် (၄) ဦးစီ ပေါင်း (၁၂) ဦးနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီကို ဖွဲ့စည်းပြီး မှတ်ပုံတင်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် ဘက်က (၄) ဦး ဆိုတာ ကတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဦးဝင်းတင် (ဟံသာဝတီ)၊ ဒေါ်မြင့်မြင့်ခင် (ဘားကောင်စီရှေ့နေကြီး) နှင့် ဦးအောင်လွင် (ရုပ်ရှင်မင်းသား) တို့ဖြစ်ပါသည်။ နောက်ပိုင်းတွင် အလုပ် အမှုဆောင် ကော်မတီဝင် (၁၂) ဦးနှင့် မလုံလောက်တော့သည့်အတွက် ဗဟိုဦးစီအဖွဲ့ဝင် (၃၀) ဦး တိုးချဲ့ဖွဲ့စည်းပါသည်။

ဒေါ်အောင်ဆန်းစုကြည် ဘက်မှ ပါဝင်ခွင့် ရသူတွေ ကတော့ ဦးချမ်းအေး (မောင်စူးစမ်း)၊ ဦးထွန်းတင်၊ ဦးကိုယု၊ ဦးတင်ရွှေ (မုံရွာ)၊ ဦးမိုးသူ၊ ဦးဝင်းခက်၊ ဦဘသော်(မောင်သော်က)၊ ဦးစိုးသိန်း(မောင်ဝံသ)၊ ဒေါက်တာ ငွေစိုး စသည့် ပုဂ္ဂိုလ်များ ဖြစ် ပါသည်။

ထိုအချိန်တွင် ဥက္ကဋ္ဌ ဦးအောင်ကြီးက အဖွဲ့ချုပ် အတွင်းမှာ “ကွန်မြူနစ်တွေ ရောက်နေပါပြီ” “ကွန်မြူနစ် တွေကို ဖယ်ရှား ပစ်ရမယ်” လို့ ပြောရင်း ပြဿနာမီးပွား စတင်လိုက်ပါသည်။ တနည်းအားဖြင့် အရှိန်ရစဖြစ်လာသည့် NLD ပါတီ၏ ထိပ် ပိုင်းကို ဖြိုခွဲလိုက်ခြင်း ဖြစ်ပါသည်။ ဦးအောင်ကြီး ဖယ်ရှား ပစ်လိုသည့် သူများမှာ ဦးဝင်းတင် အပါအဝင် ဒေါ်မြင့်မြင့်ခင်၊ ဦးအောင်လွင်၊ ဦးချမ်းအေး၊ ဦးထွန်းတင်၊ ဦးကိုယု၊ ဦးတင်ရွှေ၊ ဦးမိုးသူ တို့တတွေ ဖြစ်ပါသည်။

နောက်ဆုံးတွင် အလုပ် အမှုဆောင် ကော်မတီဝင် (၁၂) ဦးနှင့် ဗဟို ဦးစီ အဖွဲ့ဝင် (၃၀) စုစုပေါင်း (၄၂) ဦးရဲ့ ရှေ့မှာ အစွပ်စွဲ ခံ ရသူများဘက်မှ ရှုံးလျှင် နှုတ်ထွက် ပေးရေး၊ စွပ်စွဲသူ ဘက်မှ ရှုံးနိမ့်လျှင်လည်း နှုတ်ထွက် ပေးရေး သဘောတူ ညီချက်နှင့် မဲခွဲ ဆုံးဖြတ်ကြပါသည်။ ဥက္ကဋ္ဌ ဦးအောင်ကြီး အပြတ်အသတ် ရှုံးနိမ့်သွားပါသည်။ ဥက္ကဋ္ဌ ဦးအောင်ကြီး နှုတ်ထွက် ပေးရပြီး “ပြည်ထောင်စု အမျိုးသား ဒီမိုကရေစီ ပါတီ”ဟူ၍ ပါတီတခု ထူထောင် သွားပါသည်။ ဝမ်းနည်းစရာ ကောင်းသည်မှာ ဦးအောင်ကြီး ၏ ပါတီ ထဲသို့ တက္ကသိုလ် ကောလိပ် ပေါင်းစုံမှ ဆရာ ဆရာမများ၊ ကျောင်းဆရာဟောင်းများ စသည့် ပညာ ရှင်၊ ပညာတတ်ပေါင်းများစွာ ပါဝင်သွားခြင်း ဖြစ်ပါသည်။

ဤဖြစ်စဉ်သည် NLD ပါတီ တည်ထောင်ကာစ၌ ဖြစ်ခဲ့သော ဖြစ်စဉ် အကျဉ်း ဖြစ်ပါသည်။ ယခု ၁၉၈၉ ခုနှစ် မတ်လတွင် လူ့ဘောင်သစ် သည်လည်း အရှိန်အဟုန်ဖြင့် မြို့နယ်ပေါင်း (၂၀၀) ကျော်တွင် ပါတီရုံးများ ဖွင့်လှစ်ပြီး နေပြီး ဖြစ်ပါသည်။ လာချေပြီလား NLD လို ဖြစ်ရပ်ဟု တွေးရင်း အလိုက်သင့် မျှောပေး လိုက်ပါသည်။ “အေးလေ ပါတီ ထိပ်ပိုင်းမှာတော့ ခင်ဗျား သိတဲ့ အတိုင်းပါပဲ” ဟု ပြောလိုက်သော အခါ ၎င်းတို့ ကျေနပ်သွားကြသည်။ သူတို့ဘက်သား ရပြီပေါ့လေ။ ကျနော်က တဆက်တည်း “ခင်ဗျားတို့ ဘာလုပ်ကြမလဲ” ဟု မေးလိုက်သော အခါ သူတို့က “မကြာခင်မှာ သိမယ်” ဟု ပြန်ဖြေပြီး ဒေါ်အောင်ဆန်းစုကြည် ၏ ခြံထဲတွင် ရှင်းလင်းပွဲ လုပ်ရန် စီစဉ်ထားကြောင်း ပြော၍ ပြန်သွားကြသည်။

ကျနော် အလေးအနက် စဉ်းစားရပြီ။ “ဘယ်သူ့ လက်ချက်လဲ၊ ဘယ်သူ နောက်ကွယ်က ကြိုးကိုင် နေတာလဲ၊ သိအောင် စုံ စမ်းမယ်” ဆို၍ မည်သူ့ကိုမျှ ကျနော် မပြောတော့ပေ။ မတ်လ တတိယ အပတ် ညနေပိုင်းတွင် မင်းနိုင်သူ (တောင်ဥက္က လာပမြို့နယ်)၊ ဝင်းမောင်(လှိုင်မြို့နယ်) တို့ အိမ်ရောက်လာ၍ စာအုပ်တအုပ် ပေးပါသည်။ “မိုးသီးဇွန် သို့မဟုတ် ကြိုးမဲ့ လေတံခွန်” ဆိုသည့် စာအုပ်၊ ပါတီ ဥက္ကဋ္ဌ မိုးသီးဇွန်အား အထွေထွေ အတွင်းရေးမှုး မိုးဟိန်းနှင့် တွဲဘက် အတွင်းရေးမှုး ရဲနိုင်အောင် တို့မှ ဝေဖန်ထားခြင်း ဖြစ်နေသည်။

သူတို့က ဆက်ပြီး ပြောသည်မှာ “မနက်ဖန်မနက်(၇) နာရီမှာ ကားနဲ့ လာခေါ်မယ်၊ စောင့်နေပါ”။ သူတို့ ပြန်သွားသည်နှင့် ကျနော်လည်း စာအုပ်ကို ဖတ်ရင်း စိတ်မကောင်း ဖြစ်ရသည်။ ကျနော့် စိတ်အထင် မတ်လ(၁၇) ရက်နှင့် (၁၈) ရက် တ ရက်ရက်ပါပဲ၊ မနက်(၇) နာရီ ထိုးသည်နှင့် မင်းနိုင်သူ ကားဖြင့်လာကြိုသည်။ ဒေါ်အောင်ဆန်းစုကြည် ၏ ခြံရှေ့တွင် ကားရပ်ပေးသည်။ အိမ်ကြီး၏ ဘေးတွင် ခန်းမလို အခန်းကြီး တခန်း ရှိပါသည်။ အစည်းအဝေးခန်းပေါ့၊ ကျနော့်ကို အခန်း ထဲဝင်ဖို့ပြောတော့ ဒုတိယတန်း ထောင့်ဆုံးတွင် ဝင်ထိုင် လိုက်ပါသည်။

မိုးဟိန်းနှင့် ရဲနိုင်အောင် ရောက်လာပါသည်။ လူ (၅၀) ခန့် ရောက်လာသည့် အချိန်တွင် မိုးဟိန်းနှင့် ရဲနိုင်အောင်မှ ကွန် မြူနစ်အန္တရာယ် ကြောက်စရာ ကောင်းကြောင်း စသည်ဖြင့် ပြောကြသည်။ ကျနော် အရမ်း အံ့သြသွားသည်။ “ဘာတွေ ဖြစ်ကုန်ပြီလဲ” မကြာသေးခင် လအနည်းငယ်၌ NLD တွင် ဦးအောင်ကြီးက ကွန်မြူနစ် ပြဿနာ လုပ်၍ ထွက်သွားရပြီ။ ယခု ကျနော်တို့ ပါတီ ထိပ်ပိုင်းမှာ ကွန်မြူနစ်တွေ ဝန်းရံ နေသည်ဆိုပြီး ဦးအောင်ကြီး ၏ လမ်းကြောင်း အတိုင်း ခင်းလာနေ ပြန်သည်။ သူတို့ခင်းသည့် နေရာမှာ ဒေါ်အောင်ဆန်းစုကြည် ၏ ခြံဝန်းကြီးထဲမှာ ဖြစ်သည်။

(၁၁) နာရီ ထိုးလျှင် ထမင်းစား နားမည် ဆိုပြီး၊ ထမင်းစားရန် ခေါ်သည်။ ကျနော် မလိုက်ချင်ကြောင်း ငြင်းဆိုပြီး ဆက် ထိုင်နေပါသည်။ မကြာခင်မှာ NLD လူကြီးမင်း (၃) ဦး မင်းနိုင်သူ ဆီသို့ ရောက်လာကြသည်။ တဦးတော့ ကျနော်မသိပါ၊ ကျနော်သိတာ NLD ၏ အထွေထွေ အတွင်းရေးမှုး ဦးချစ်ခိုင်(ဒုတိယ ဗိုလ်မှူးကြီးဟောင်း)နှင့် ဦးရွှေ (ဗိုလ်မှူးကြီးဟောင်း) (မကြာခင်မှာပင် မိခင် ပါတီ အဖွဲ့အစည်းသို့ ကြိုတင် အကြောင်းကြားခြင်း မရှိဘဲ ရွေးကောက်ခံရသည့် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်များအဖြစ်မှ နှုတ်ထွက် ခဲ့သည့် အတွက် ၁၉၉၁ ခုနှစ်၊ အောက်တိုဘာလတွင် နှစ်ဦးစလုံးအား NLD မှ ထုတ်ပယ် ခဲ့ပါသည်။) တို့က ကျနော့်ကို စူးစမ်းသည့် အကြည့်ဖြင့် ကြည့်ကြသည်။ မင်းနိုင်သူမှ “ကိစ္စ မရှိပါဘူး၊ ကျနော် တို့ လူပါ” ဆိုတော့မှ သူတို့က “ပိုက်ဆံ လောက်ရဲ့လား၊ ထပ်ယူလေ” ဆိုပြီး ငွေတော်တော် များများ ထုတ်ပေးပါသည်။ ကျနော် သဘောပေါက်သွားသည်။

နေ့လည် (၁၂)နာရီ ထိုးတွင် ကိုမိုးသီးတို့ အုပ်စုလိုက် ဝင်လာကြသည်။ ကိုယဉ်ထွေး၊ ကိုဂျင်မီ၊ ကိုတင်ထွန်းလှိုင် တို့ လည်း ပါလာကြသည်။ ခန်းမကြီးသည်လည်း ဆူညံ၍သွားသည်။ ဤသို့ဖြင့် လိုရင်းကိုသာ ရေးရလျှင် ဗဟိုနှင့် အောက် ခြေ အပြန်အလှန် ညှိနှိုင်း၍ အောက်ခြေ ပါတီဝင်များ၏ သဘောထားဆန္ဒနှင့် အညီ လူ့ဘောင်သစ်သည် မည်သည့်အ ခါမျှ ပြိုကွဲမည်မဟုတ်ကြောင်း၊ အလုပ် အမှုဆောင် ကော်မတီ အားလုံးသည်လည်း စိတ်ဝမ်း ကွဲပြားကြမည်မဟုတ်ဘဲ ရှေ့ ဆက်၍ တိုက်ပွဲ ဝင်ကြမည် ဆိုသည့်အကြောင်း စာရေးလက်မှတ်ထိုးကာ ဖြန့်ဝေလိုက်ပါသည်။

နိုင်ငံရေး လောကတွင် ရန်သူ မည်သည် မထင်မှတ်သည့် နေရာမှ ပုံစံ အမျိုးမျိုးနဲ့ ဝင်လာတတ်ကြောင်း၊ မိမိတို့ မည်သည့် အဖွဲ့အစည်းပင် ဖြစ်စေ အတွင်းစည်း လုံခြုံ၍ မည်သည့် အမှောင့် ပယောဂကိုမျှ နားမယောင်ဘဲ စည်းလုံး နေခြင်းသည်သာ အဓိက ဖြစ်ကြောင်း ဗဟို ကော်မတီ တရပ် အနေနှင့်လည်း ဗဟို ကော်မတီများ အတွင်းသာ ညှိနှိုင်း၍ အမြင် မတူပါက တစင်ထောင်ခြင်း၊ ဂိုဏ်းခွဲခြင်းများ မပြုကြဘဲ အောက်ခြေ ပါတီဝင်များ၏ ဆန္ဒကိုပါ အရေးတယူ ဆွေးနွေးပြီး ဆုံးဖြတ်ကြ မှသာ ဒီမိုကရေစီ အမြည်းလေး လက်ရှိ ခံစား နေကြရသည့် ပြည်သူ လူထု၏ အမြင် လွဲမှားမှုများကို ရှောင်ရှား နိုင်မည် ဖြစ်ကြောင်း ခေတ်သစ် လူငယ်များကို ပြောလို ပါသည်။

သန့်စင်အောင် (ရန်ကင်း)
၁၇-၁၂-၂၀၁၁

source by : နေ့သစ်

အမှတ် (၁) ၊ အမှတ် (၂)

0 ယောက်ရဲ့ထင်မြင်ချက်: