1/16/2012

စာရေးသူ နေမျိုးဇင် ခေါ် ကလောင် ညီတိုးငြိမ်း ထောင်ဆယ်နှစ် ဆုရခဲ့သော ဆောင်းပါး

ခါနွေဆန်းစ ဒီမတ်လ ရော်ဝါတွေ မကြွေနိုင်၊ ရွက်သစ်တွေလည်း မဝေနိုင်၊ ရာသီတွေ ဖေါက်ပြန် အချိန်ခါမဟုတ် မိုးတွေရွာ၊ မတ်လကြီး အစောမနက် မှာ မြူတွေ ဆိုင်းလို့၊ ဟော ကမ္ဘာပျက်တော့မယ်လို့ တချို့က ပြောကြတယ်။ ဘာလို့ဆို ဂျပန်ပြည် ငလျှင်က ကနဦးနမိတ်တဲ့။ မြန်မာပြည် ရှမ်းတောင်လည်း လာပြီ၊ အိမ်တွေပြိုလို့ လူတွေငိုလို့။ တည်မြဲခိုင်မာပါတယ် ဆိုတဲ့ မြေကမ္ဘာရေ မကြေငြာပဲ မပျက်စီးပါနဲ့အုံး။

တို့တတွေ ငြိမ်းချမ်းတဲ့ ဘ၀လေးတွေ မြင်ခွင့် မရသေးဘူး ၊ တို့မြန်မာတွေ လွတ်လပ်တဲ့ လူ့ဘ၀ မရသေးဘူး။ ခိုင်မြဲလှတယ် ဆိုတဲ့ အာဏာရှင် စနစ်ဆိုး တို့နိုင်ငံမှာ မချုပ်ငြိမ်းသေးဘူး၊ မြေကမ္ဘာတောင် နေစရာ မရှိတော့အောင် ခြောက်လှန့် ပျက်စီးလာတာ ဘယ်ဟာမှ မတည်မြဲဘူးဆိုတာ အာဏာရှင်တို့ သတိမမူမိကြရော့သလား။

လွန်ခဲ့တဲ့ ၆၆ နှစ်တာကာလတွေတုန်းက တို့မြေ ဒီမြေမှာ နိပွန်ဘိရုမာ ဘန်ဇိုင်း အသံတွေနဲ့အတူ တို့မြန်မာတွေ ထဲက လောက်ကောင်တွေ ချမ်းသာ ကြီးပွားကြတယ် အလိုတော်ရိတွေ လက်ဖျားငွေသီးနေချိန် " ငဘ " လို လူစဉ်မမှီအောင် ဘ၀ပျက်ခဲ့ရသူ မြန်မာတွေ တို့မြန်မာတွေ လူဖြစ်ရှုံးခဲ့ရတယ်။ မိန်းမတွေ အဓမ္မကျင့်ခံရတယ်။ လူကြီးကလေး မကျန် လက်သည်းခွါခံသူခံရ။ အပြစ်မဲ့ အရမ်းကာရော အဖမ်းခံ အသတ်ခံ အနှိပ်စက်ခံသူခံရ။ ရေနွေးပူနဲ့လောင်းသတ်တာလည်း ခံရ။ ဘုန်းကြီးရဟန်းမကျန် နှိပ်စက်ဖမ်းဆီး၊ လွတ်လပ်ခြင်းပျောက် ကျွန်သပေါက် ဘ၀နဲ့ ညွံမှောင်နစ်အောက် ဘ၀တွေ ပျောက်ခဲ့ရပါပကော.....။

"အနီးကပ်ဆုံး ရန်သူကို ချေမှုန်းကြ" "ဗမာပီပီ ဗမာ့သွေးကို ပြကြ" ဗိုလ်တေဇ ဦးဆောင်ပြီး ပြည်သူ့ကြားက ပြည်သူ့အား၊ လူထုကြားက လူထုအား၊ ညီညွတ်တဲ့ အားနဲ့ ဖက်ဆစ်တွေကို ချေမှုန်းခဲ့တယ်။

ဗိုလ်တေဇ ခေါ် ဗိုလ်ချုပ်အောင်ဆန်းက မြန်မာ့တပ်မတော်ကို ဦးဆောင်ဖွဲ့စည်းပြီး ကမ္ဘာတွင်တဲ့ ဖက်ဆစ်တော်လှန်ရေးကြီးတွေကို ဆင်နွဲခဲ့တာဟာ တို့မြန်မာတွေ ကျွန်ဘ၀ က လွတ်ဖို့။ တို့မြန်မာတွေ သူတပါး အဖိနှိပ်ခံဘ၀ ကလွတ်ဖို့။ လွတ်လပ်ဖို့၊ တို့မြန်မာတွေ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီနိုင်စွမ်းရှိဖို့ သူတို့ သူတို့ အာဇာနည်တွေ အသက်တွေ စတေးပေးဆပ်ပြီး နှောင်းလူ ငါတို့အတွက် သူတို့ စွန့်လွှတ်ခဲ့ကြတယ်။

တချို့သော စစ်သားကြီးတွေက သေအံ့မူးမူးမှာ ပြောခဲ့တယ် " လွတ်လပ်မှ အမျှဝေပါ " တဲ့။

ဟော အဲဒီ စစ်သားကြီးတွေလိုပဲ ၀တ်စားပြီး အဲဒီစစ်သားကြီးတွေ ကိုင်ခဲ့တဲ့ လွတ်လပ်ရေး တိုက်ပွဲဝင် သေနက်တွေကို ဆက်ကိုင်ထားတဲ့ ကနေ့ခေတ် ၊ ကွယ်လွန်သွားတဲ့ အာဇာနည် စစ်သားကြီးတို့ရေ ထကြည့်ပါလှည့်အုံး၊ မြင်လှည့်။ ရှုလှည့်ပါဦး၊

တမျိုးသားတည်းချင်း တနိုင်ငံသားထဲချင်း မုဒိန်းတွေကျင့်၊ လူမျိုးတုန်း မတတ် သတ်၊ အစိတ်သားတောင် မချန်နဲ့ မြေမြူပ်အပြီး လိုချင်တယ်တဲ့။ သယံဇာတတွေဆိုတာ လူ လက်တဆုပ်စာ အတွက် ဘိုးဘွားအမွေဖြစ်ကုန်ပြီ။ နိုင်ငံ့ရာသီဥတုကြီးလည်း အကျင့်ပျက်လာဒ်စားမှုတွေနဲ့ အတူ ဖေါက်ပြန်ကုန်ပြီ၊ သစ်တောတွေလည်း ကုန်၊ ရေနံဓါတ်ငွေ့တွေလည်း တိုင်းတပါးအတွက်၊ တိုင်းပြည်ရဲ့ ပင်မ လုပ်ငန်းကြီးတွေ စီးပွားရေး ကြီးတွေက ဒီလူ ဒီလူ လက်တဆုပ်စာ လက်ထဲမှာ။ လူထုနဲ့ တိုင်းရင်းသား ထုကတော့ ကိုယ်ပေါ်မှာ အနူဝဲစွဲ ယုံမက အစာအိမ်တောင် အနာတွေ အမာရွတ်တွေနဲ့လူလိုတွေးခွင့်မရ၊ လူလိုနေခွင့်မရ၊ လူလို မစားရ၊ လူလို ဘာလွတ်လပ်ခွင့်မှ မရတဲ့ တိရိစ္ဆာန် သာသာ နေရရှာတဲ့ လူဆိုတဲ့ သတ္တ၀ါ တမျိုး မြေကမ္ဘာမှာ ပေါ်ထွက်လာအောင် မြန်မာမြေက အာဏာရှင်တွေက ပုံသွင်းလိုက်တယ်။ ဘာသိပ္ပံပညာမှ မသုံးဘဲ ရက်စက်ကြမ်းကြုပ်ခြင်း အာဏာအလျင်နဲ့ပဲ ဖန်တီးခဲ့တယ်။ သိပ်တော့ မကြာပါဘူး၊ နှစ်ပေါင်း ငါးဆယ်လောက်ပဲ အကြောက်တရား ပြင်းပြင်း ရိုက်သွင်းခြင်း နဲ့ စိတ်ဖိစီးခြင်း လူမဆန်စွာ ရက်စက်ခြင်း ဥပဒေမဲ့ခြင်းနဲ့ သွတ်သွင်းလိုက်တာ။ အင်္ကျီဝတ်သော တိရိစ္ဆာန်သာသာ လူတွေ အခုဆို သန်းခြောက်ဆယ် နီးပါးလောက် ရှိလောက်ရောပေါ့။ အဲဒီ သန်းခြောက်ဆယ် လောက်က လေ အမွဲဆုံးတိုင်းပြည်ထဲမှာ စိတ်ဓါတ်ကိုယ်ကျင့် သိက္ခာ အရလည်း အနိမ့်ကျဆုံးလို့ တခြား နိုင်ငံသားတွေ က သတ်မှတ်ကြတယ်တဲ့။

ဘာကြောင့်ဆို ကိုယ်တွေ ညံ့လို့ ကိုယ်တွေ ခံရတာကို ရှေးဘ၀ ကုသိုလ်လို့ ယိုးစွတ်ရှောင်လွဲပြီး နှောင်းလာမယ့်သူတွေကို မျက်နှာလွဲ ခဲပစ် နေကြသူများလို့တဲ့။
အဲဒီအထဲက နည်းနည်းတွေးတတ်တဲ့ တိရိစ္ဆာန်သာသာ လူဆိုတာထဲ ငါလည်း တယောက် အပါပေါ့။

ဟုတ်တယ်လေ ။ ငါ့မှာလည်း ဘာမှ လူလို လွတ်လပ်ခွင့်မှ မရသေးတာ။
အကျဉ်းထောင်တွေထဲမှာလည်း သူတော်စင် သူတော်ကောင်းတွေက လူ့ငမိုက်သား ငရဲသားတို့ရဲ့ အဖမ်းဆီး အနှိပ်အစက် ကိုခံနေရတယ်။ ဖက်ဆစ်တို့ကို တော်လှန်ရင်း အသက်ဇီဝိန် ကြွေလွင့်ခါနီး စစ်သားကြီးတို့ရေ ကနေ့ ဒီအခြေအနေတွေ အမှန်တရားတွေ ကြည့်ပြီး လွတ်လပ်မှ အမျှဝေပါ လို့ပဲ ပြောမလား၊

ရင်ထုမနာ ကြေကွဲစွာနဲ့ ငါ့အမွေကိုယူခဲ့တဲ့ သားဆိုးတွေ သားမိုက်တွေ ဆိုပြီး သေရွာက တဖန် ပြန်လာပြီး လွတ်လပ်ရေး တိုက်ပွဲကြီးတွေ ဆက်ဆင်နွဲရအုံးမယ် ငါပြန်လာခဲ့မယ်လို့ ရင့်ကြူးကြွေးကြော် သွားလေမလား။

........

အခု ပြည်တွင်းမှာ မဟာလူသား အမျိုးသားခေါင်းဆောင် အမျိုးသမီးတစ်ဦး ။ ကမ္ဘာမှာ အလုပ်အများဆုံး လူတွေ တောင် သူမ ရဲ့ များပြားလှတဲ့ နေ့စဉ် လုပ်ဆောင်ဖွယ်တာတွေကို မှီမယ် မထင်။ သူ့နောက်မှာ သူမ နားမှာ သူမ အနီးမှာ သူတို့နိုင်ငံကိုကောင်းစေချင်တဲ့ လူတွေ မျိုးချစ်တွေ အပြည့်၊ သူတို့ ထဲမှာလည်း ဆွမ်းဆန်ထဲက ဟာ တချို့က ယောင်တီးယိမ်းခို နေသေးတာပေါ့။

ငါတို့ သူတို့လည်း ဧရာဝတီ နံဘေးတွေမှာ မွေးခဲ့တာပါ။ ငါတို့ကို စစ်သေနက်တွေ မိုးပြီး မော်ခွင့်မပြု၊ ပြူခွင့် မသာ၊ အာဏာစက်အောက် ပြားပြားမှောက်အောင် လုပ်နေသူတွေကလည်း ဧရာဝတီ နံဘေး မွေးခဲ့သူတွေပါပဲ။ သူတို့ ခါးထောက်၊ သူတို့ မာန်မောက်နေပေမယ့် တကယ့်  တကယ်တွေးကြည့်တော့ သူတို့ထဲမှာ ငါတို့ သားချင်းတွေ ငါတို့ ညီအကိုတွေ ငါတို့ ဆွေမျိုးတွေ အားလုံးသော ငါတို့ဟာ တမြေတည်းသားတွေပါ။
ဘာလို့များ တမြေထဲသားချင်း နှိပ်စက်ကလူ ပြုချင်ကြပါလိမ့်။ ဘာလို့များ ဒီမြေပေါ် အတူတူ မွေးဖွားကြီးပြင်းလာခဲ့ကြပြီး၊ ထားစရာ မရှိအောင် ချမ်းသာလွန်းသူ အနည်းစုနဲ့ စားစရာ မရှိတော့အောင် မွဲတေလွန်းသူ လူထု အများစုကြီးအဖြစ် သိမ်ငယ်စရာ နိုင်ငံရွာ အဖြစ် ကွာခြား သွားရပါလိမ့်။

မိုးယံချိမ့်မတတ် လူထုအုံကြွမှုကြီးတွေ ၊ ဘုရားသားတော်တို့ ရဲ့ ဘ၀ဂ်ညံမျှ မေတ္တာပို့ မြည်ကြွေးငိုသံတွေဟာ ယမ်းခိုးတွေ သေနက်သံတွေ ၊ သွေးညှီနံ့တွေ၊ အကျဉ်းစခန်းက ခြေချင်းသံတွေ နဲ့ အတူ မြုပ်ကွယ် စခန်းသိမ်းသွားတော့တယ်။

ဒါပေမယ့် အဲဒီ ကျည်ဆံထိပ်ဖူး ပိုင်ရှင်ကြီးတွေ ထဲမှာလည်း အိပ်မက်ဆိုးတွေ ၊ နမိတ်ဆိုးတွေနဲ့ အရိပ်ထိုးနေတာဟာ သူတို့အတွင်းထဲမှာ ဇာတ်တူသားစားတဲ့ ဘီလူးတွေ ပေါလာလို့ပေါ့တဲ့ ၊ တချို့က ဆိုတယ်။ တချို့က သုံးသပ်တယ်။ ဘီလူး မဟုတ်ဘူးတဲ့ ၊ အရင်းမြစ်က စနစ်။ လူတွေကို ဖိနှိပ်ကျွန်ပြုတဲ့ အာဏာရှင် စနစ်တဲ့။ ဒါကို ဘယ်လိုလုပ်မှ ဒီအာဏာရှင် ဘီလူးတွေ ကို ချေဖျက် သုတ်သင်နိုင်မလဲတဲ့။

စစ်သားလေးက သူ့ဆရာ တယောက်နဲ့ တိုင်ပင်ဖူးတယ်။ အာဏာရှင် ဘီလူးက သေနက်အားကိုးနဲ့ပဲ တန်ခိုး ထွားတာဆိုတော့ သူ့ကို သေနက်နဲ့ပဲ ပြန်နှိမ်လို့ ရမယ်တဲ့။ သေနက်ကိုင်ထားတဲ့ စစ်သားလေးတို့ရေ။ အထွေထွေ နာကျည်း စက်ဆုပ်စရာတွေ ငါတို့ မပြောတော့ပါဘူး။ မင်းတို့နဲ့ ငါတို့ဟာ တမြေထဲ သားတွေပါ။ ငါဟာ မင်းရဲ့ အကို ဆိုရင် မင်းမွေးလာတဲ့ သားလေးတွေက ငါ့တူပေါ့။ ငါတူလေးတွေ အနာဂတ် သာယာလှပဖို့ ငါတို့ လို လူတွေ မင်း အမျိုးတွေ အားလုံး ၀ိုင်းတည်ဆောက်ခဲ့ကြရမယ်လေ။

စစ်သားလေးရေ ကမ္ဘာမြေကြီးတောင် မတည်မြဲဘူးနော်။ မင်းတို့ ခံစားနေရတဲ့ အာဏာစည်းစိမ်ဆိုတာလည်း သမုဒ္ဓရာထက် ခနတက်တဲ့ ရေတပွက်ပမာ ဆိုတာလေး သတိပေးစကားပါးလိုက်မယ်။

စစ်သားလေးရေ ။ မင်းတို့ကို ငါတို့ ချစ်တယ်။ ငါတို့ကို မင်းတို့ ချစ်ခင်တွယ်တာ ကာကွယ်ဖို့ပဲ လိုတော့တယ်။ မင်းတို့ ဆိုနေကျ သစ္စာတွေ ပြောနေကျ စကားတွေ ငါတို့ ချိုမြိန်စွာ နားဆင်ချင်တယ် ၊ ပီသထက်မြက်တဲ့ မင်းတို့ စစ်ချီသီချင်းတွေဟာ ငါတို့ အသက်ကို ကာကွယ်တဲ့နေရာမှာ စိတ်ဓါတ်ထက်သန်ရာ အားဆေးဖြစ်စေချင်တယ်။

မင်းတို့ကို ငါတို့ မမုန်းဘူး ။ ငါတို့ မုန်းတာက ငါတို့ကို ဥပဒေ မရှိဘဲ နေခိုင်းတာ။ အခု လုပ်ပြနေတဲ့ ဥပဒေ ဆိုတာကလည်း စစ်သားလေးရေး မင်းတို့ရော ငါတို့ပါ စစ်ကျွန်ဘ၀ထဲ အရေခွံလဲပြီး ဆက်နေခိုင်းအုန်းမယ့် ဂါထာတွေ ရွတ်ပြီး မန်းမှုတ် အသက်သွင်း ဖန်ဆင်းဖို့ လုပ်နေတာပါ။


စစ်သားလေးရေ။ ရန်ကုန်က ထောင်ပျော် အဘ တယောက် စစ်အာဏာရှင် စနစ်ကို ရဲရဲတောက် တော်လှန်နေတဲ့ ဘဘကြီး တစ်ယောက်က ဒီနေ့ ပြောလိုက်တယ်။
" သူ့မြေ မကျဉ်း ကိုယ့်ကွင်း မပိတ် " စေချင်ဘူးတဲ့။
သွားလမ်း ပြေပြေ ၊ ပြန်လမ်း ချောချော ဖြစ်စေချင်တယ်တဲ့။


လွတ်လပ်မှ အမျှဝေပါ လို့ ပြောခဲ့တဲ့ ငါတို့ အဖိုး အဖွားတွေ မျက်နှာကို ပြန်ထောက်ပြီး ငါတို့ အတူတူ ချစ်ခင်စည်းလုံးစွာနဲ့ ငါတို့ ဘ၀တွေ ခိုင်မာအောင် ငါတို့ အနာဂတ်တွေ လှပအောင် အတူတူ အလုပ်လုပ်ကြမယ်လေ။ ကိုင်းကျွန်းမှီ ပေါ့။

စစ်သားလေးတို့ရေ ။ မင်းတို့ ငါတို့ ဘေးနိုင်ငံတွေကို ကြည့်လိုက်စမ်း ။ သူတို့ ဆီက မျိုးဆက်သစ် ကလေး သူငယ်လေးတွေ ရဲ့ မျက်ဝန်းလေးတွေဟာ တောက်ပ ကြည်လဲ့ ငြိမ်းချမ်း ကြည်နူးလို့ .................

အားမကျ ဘူးလား စစ်သားလေးရေ....။



ညီတိုးငြိမ်း


source by : http://nyitoenyeinchan.blogspot.com

0 ယောက်ရဲ့ထင်မြင်ချက်: