Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

ငွေစက္ကူလား စက္ကူငွေလား



 

အခုဇွန်လ ၁၅ ရက်နေ့မှာ ကျပ်ငွေ တသောင်းတန် စတင်ထုတ်ဝေပါပြီ။ မြန်မာနိုင်ငံမှာ အမြင့်ဆုံးရှိခဲ့တဲ့ ငွေစက္ကူဟာ ငါးထောင်တန် ငွေစက္ကူဖြစ်ပါ။

 သြစတေးလျှနိုင်ငံက စီးပွားရေးပညာရှင်လည်းဖြစ် မြန်မာနိုင်ငံက အကြောင်းအရာတွေကို ဆက်တိုက် လေ့လာနေသူလည်း ဖြစ်တဲ့ ဒေါက်တာရှောင်တာနဲရဲ့ အဆိုအရ တသောင်းတန်ငွေစက္ကူ ထုတ်ဝေတဲ့အတွက် ငွေကြေးဖောင်းပွလာမှုကို အတိုင်းအတာတခုအထိ ကြုံတွေ့နိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ငွေကြေး ဖောင်းပွလာရင် အ ကျိုးဆက်အဖြစ် အားလုံးသိတဲ့အတိုင်း ကုန်ဈေးနှုန်းတွေ၊ ကားခတွေ၊ ဘာခညာခတွေ စသဖြင့် ဈေးတက်လာနိုင်တာကို ဆက်တိုက်ရင်ဆိုင် ရပါလိမ့်မယ်။ ဈေးတက်လာရင် ဆင်းရဲသားတွေသာ ခံပေရော့ဆိုတာ အားလုံးအသိပါ။

 အခုကိုပဲ တ သောင်းတန် ထုတ်ဝေမယ်ဆိုတဲ့ တရားဝင် ကြေညာချက်ကြောင့် တချို့တတ်နိုင်သူတွေက ဒီရက်ပိုင်းအတွင်း စားသုံးကုန် တွေ ဈေးများတက်လာမှာလားဆိုတဲ့ စိုးရိမ်ချက်ကြောင့် ဆန်၊ ဆီ၊ ဆား စတာတွေကို ကြိုတင် ဝယ်ယူနေ ကြတယ်လို့ လည်း ကြားနေရတယ်။ ဒါ့အပြင် လက်ရှိဖြစ်ပေါ်နေတဲ့ မြေဈေး၊ အိမ်ဈေး ကြီးမြင့်နေတာတွေလည်း ဆက်ပြီး ဈေးကြီး နေဦးမယ်လို့ တွက်ချက်ကြတယ်။ တလောက နိုင်ငံခြားသားတွေ မြန်မာနိုင်ငံထဲ လိမ့်ဝင်လာပါတယ်။

အန်ဂျီအိုတွေ၊စီးပွားရေးကုမ္ပဏီက လူတွေများပါတယ်။ အဲသည့်အချိန်မှာ ဒေါ်လာ ၈ဝ လောက်ပဲတန်တဲ့ ဟော်တယ်ခန်း တွေကို ဒေါ်လာ ၃ဝဝ လောက် တောင်းကုန်တဲ့အထိ လောဘတွေ တက်ကုန်ပါတယ်။ ဒါ တသောင်းတန် မပေါ်ခင်မှာ ဖြစ်ခဲ့တာနော်။ တချို့ နိုင်ငံခြား အန်ဂျီအိုတွေ ရုံးခန်းဖွင့်ဖို့ အိမ်တွေ၊ တိုက်ခန်းတွေ ငှားကြပါတယ်။ အကွက်အကွင်းကြတဲ့ ရပ်ကွက်တွေမှာ ဝန်းကျယ်ကျယ်နဲ့ နှစ်ထပ်တိုက်တလုံးကို တလငှားရမ်းခက ဒေါ်လာ တသောင်းနှစ်ထောင်တဲ့။ လန်ဒန် မြို့လယ်ခေါင်က တိုက်ခန်းတွေ၊ အိမ်တွေထက်တောင် ဈေးကြီးနေသေးတယ်။

သို့ပေမယ့် ပေးနိုင်တဲ့ နိုင်ငံခြားသားတွေ ကတော့ ပေးငှား နေကြတာပဲ။ သို့သော်လည်း ဆင်းရဲတဲ့ သာမန်ပြည်သူများ အနေနဲ့ကတော့ ငါးထောင်တန် ငွေစက္ကူကို ငါးရွက်ပြည့်အောင် လက်ထဲမှာ မကိုင်နိုင်ရတဲ့အထဲ တသောင်းတန်ငွေစက္ကူ ထွက်လာမယ်ဆိုတဲ့ ကိစ္စအပေါ် ဘယ်သူက မှ စိတ်ဝင်စားမှု မရှိတာကိုလည်း တွေ့ရပါတယ်။ ဆိုလိုတာကတော့ တသောင်းတန် ငွေစက္ကူဟာ ဆင်းရဲသား သာမန် ပြည်သူတွေနဲ့ ပတ်သက်စရာ အကြောင်းမရှိ သလိုမျိုး ဖြစ်နေပါတယ်။ သူတို့ဟာသူတို့ ဘာတန်ကြီးပဲ ထွက်ထွက် ဒို့ လက်ထဲ ရောက်မှာက ဘယ်တော့ မှန်းမှ မသိဘဲ ဆိုတဲ့အမြင်မျိုး လူများစုမှာ ရှိနေပါတယ်။

ဒီလိုအမြင်ရှိနေတာဟာ သူ တို့အတွက်တော့ သဘာဝကျပါတယ်။ တချိန်ထဲမှာလည်း နေ့တဓူဝ သုံးစွဲနေရတဲ့ ကိစ္စတွေ မှာ ငွေစက္ကူ အသေးတွေဖြစ် တဲ့ ငါးဆယ်တန်၊ တရာတန်တွေဟာ မရှိသလောက် ရှားပါးနေတာကလည်း အားလုံး အသိ ပဲဖြစ်ပါတယ်။ အကြွေစေ့ တွေကို အသာထားဦး။ ကျပ်တန်၊ ငါးကျပ်တန်၊ တဆယ်တန် ငွေစက္ကူတွေကတော့ မမြင်ဖူး တာ ကြာလှပြီမို့ ရှေးဟောင်း ပစ္စည်းလိုတောင် ဖြစ်နေတယ်လို့ ဆိုကြတယ်။ ပစ္စည်းတခုဝယ်လို့ ငါးဆယ်၊ တရာ၊ နှစ်ရာ၊ သုံးရာ၊ လေးရာ စသဖြင့် ပြန်အမ်းရမယ့် ကိစ္စတွေမှာ အမ်းစရာ ငွေစက္ကူ အသေးတွေဖြစ်တဲ့ ငါးဆယ်တန်၊ ရာတန်တွေ မလုံလောက်လို့၊ မရှိလို့ ချိုချဉ် သကြားလုံးအပါအဝင် တခြား ပစ္စည်းများနဲ့ ပြန်အမ်းနေရတာ နှစ်ပေါင်းမနည်းတော့ဘူး။ သာမန်အားဖြင့် ကြည့်မယ်ဆိုရင် တရာ၊ နှစ်ရာဆိုတဲ့ ငွေပမာဏ ဟာ ဒီခေတ်မှာ လက်ဖက်ရည် တခွက်တောင် ကောင်း ကောင်းဝယ်မရတော့ပါဖူး။ ဒါကြောင့် မဆန်းဖူးလို့ ထင်ရပေမယ့် အကြိမ်ကြိမ် အထပ်ထပ် ဖြစ်လာတဲ့ အခါမျိုးမှာတော့ ပြန်တွက်ကြည့်ရင် ဆင်းရဲတဲ့ စားသုံးသူတွေဖက်မှာ နစ်နာနေတယ် ဆိုတာ မြင်နိုင်တယ်။

ဒီလိုအခြေအနေမျိုးမှာ အစိုးရအနေနဲ့ နိုင်ငံသားပြည်သူတွေအကြားမှာ လိုအပ်နေတဲ့ ငွေစက္ကူအသေးတွေကို ဘာ ကြောင့် ထပ်မံရိုက်ထုတ် ဖြန်ချိတာမျိုး မလုပ်ဘဲ တသောင်းတန်ငွေစက္ကူကို ရိုက်ထုတ်ရတာလဲဆိုတာ မေးစရာ ဖြစ်လာ တယ်။ တသောင်း တန်ငွေစက္ကူ ရိုက်နှိပ်ထုတ်ဝေရတဲ့ ရည်ရွယ်ချက်က သာမန်ဆင်းရဲသား ပြည်သူများအကြား သုံးစွဲဖို့ ရည်ရွယ် တာမဟုတ်ဘူးလို့ ပြောမယ်ဆိုရင် လွန်မယ်မထင်ပါ။ လုပ်ငန်းကိုင်ငန်း ကြီးမားတဲ့ သူတွေအတွက်သာ အဆင် ပြေစေမယ့် သဘောမျိုး သက်ရောက်နေတာကို မြင်ရတယ်။ ဒါ့အပြင် လက်ရှိအသုံးပြုနေတဲ့ ငွေစက္ကူတွေထဲမှာ ငါး ထောင်တန်နဲ့ တထောင်တန် ကလွဲလို့ ကျန်တဲ့ ငွေစက္ကူတွေဟာ ဟောင်းနွမ်း ညစ်ပတ် စုတ်ပြဲနေတာက များပါတယ်။ ဒါကြောင့် ငွေစက္ကူ အသေးတွေကို တိတ်အကြည်တွေနဲ့ကပ် ဖာထေးပြီး သုံးစွဲနေရ တာကလည်း ပြည်သူတွေအတွက် မဆန်းတော့ပါ။ ကျန်းမာရေး ရှုထောင့်က ကြည့်မယ်ဆိုရင်လည်း ညစ်ပတ် နွမ်းဖတ်နေတဲ့ ငွေစက္ကူတွေဟာ လူတွေအ တွက် ရောဂါပိုးတွေ သယ်ဆောင် လာတယ်လို့လည်း ကျွမ်းကျင်သူ များက ထောက်ပြထားတယ်။ အထူးသဖြင့် အသဲကို ထိခိုက်စေနိုင်တဲ့ ရောဂါပိုးတွေ၊ ဝမ်းရောဂါကို ဖြစ်စေမယ့် ရောဂါပိုး အတော်များများကို ငွေစက္ကူ အဟောင်းအမြင်းတွေ ပေါ်မှာ တွေ့ရလေ့ရှိတယ် ဆိုတာလည်း သိရတယ်။

အလွန်အကျွံဆင်းရဲနေတဲ့ နိုင်ငံများမှာတော့ ငွေစက္ကူအသေးတွေကို ပြန်ပြီးအသစ်ထပ်မံ ထုတ်လေ့မရှိတာကို တွေ့ရ တယ်။ ထုတ်ရင်လည်း လောက်လောက်ငှငှ ထုတ်ဝေတာမျိုး မဟုတ်ပြန်ဖူး။ ဘာကြောင့်လဲဆိုတော့ ငွေစက္ကူ အကြီးပဲ ဖြစ်ဖြစ် အသေးတွေပဲဖြစ်ဖြစ် စတာတွေကို ပြန်ပြီးပုံနှိပ်ရာမှာ အသုံးပြုရတဲ့ စက္ကူအကောင်းစားနဲ့ ပုံနှိပ်ဆေးတွေဟာ နိုင်ငံခြားကနေ ဈေးကြီးပေးပြီး တင်သွင်းရတာကြောင့် ဖြစ်တယ်။ နိုင်ငံခြားကနေ ငွေစက္ကူ ရိုက်နှိပ်ဖို့အတွက် ဘာကြောင့် စက္ကူအကောင်းစားနဲ့ ပုံနှိပ်ဆေးတွေကို တင်သွင်းတာလဲ။ ဈေးပေါတဲ့ စက္ကူ အမျိုးအစားနဲ့ ဈေးပေါတဲ့ ပုံနှိပ်ဆေးတွေကို အသုံးပြု မယ်ဆိုရင် ငွေစက္ကူအတုတွေ မှိုလိုပေါက်လာမှာကို ကာကွယ်ဖို့အတွက် ဖြစ်ပါတယ်။

ဥပမာ တခုလောက် ပြောရမယ်ဆိုရင် ပြည်တွင်းငွေကြေး လည်ပတ်မှုအတွင်းမှာ နောက်ထပ် ငွေတသန်း ထပ်ပြီး ထုတ် ဝေဖို့ လိုတယ်ဆိုပါစို့။ ဒီလို အခြေအနေမျိုးမှာ အစိုးရအနေနဲ့ တရာတန်ငွေစက္ကူ အချပ်ရေ တသောင်း ရိုက်နှိပ်မယ့်အစား တသောင်းတန် ငွေစက္ကူ အချပ်ရေ တရာကိုသာ ရိုက်နှိပ် ထုတ်ဝေလိုက်တာ ဖြစ်ပါတယ်။ စက္ကူဖိုး ဆေးဖိုးအတော် လေး သက်သာသွားတာကို မြင်နိုင်ပါတယ်။
ဒီအချက်ကို ထောက်ရှုပြီး ပြောရမယ်ဆိုရင် မြန်မာနိုင်ငံဟာ အလွန်အကျွံ ဆင်းရဲတဲ့ နိုင်ငံတခု ဖြစ်ကြောင်း ဦးသိန်းစိန် အစိုးရအနေနဲ့ သွယ်ဝိုက်ပြီး ဝန်ခံလိုက်တာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ သဘာဝဓာတ်ငွေ့ အပါအဝင် တခြားသော သဘာဝသယံဇာတ ပစ္စည်းတွေကို နိုင်ငံတကာကို ရောင်းချနေတာ လူတိုင်းသိပါတယ်။ တနှစ်တနှစ် သဘာဝ သယံဇာ တတွေကို ရောင်းချရာကနေ ရရှိတဲ့ နိုင်ငံခြားငွေတွေဟာ မနည်းလှဘူး။ ဒီငွေတွေထဲက တချို့ကို ငွေစက္ကူ ပုံနှိပ်ရိုက် ထုတ်ဖို့အတွက် လိုအပ်တဲ့ စက္ကူတွေ ပုံနှိပ်ဆေးတွေ နိုင်ငံခြားကနေ ဝယ်ယူတင်သွင်းရင် ဖြစ်နိုင်တယ်လို့ ပြောလိုပါ တယ်။

မြန်မာအစိုးရ အနေနဲ့ တိုင်းပြည်တပြည်မှာ အများပြည်သူများ အတွင်း ငွေကြေး လည်ပတ်စီးဆင်းတာ ချောမွေ့စေဖို့ အ တွက် တန်ဖိုးမြင့်တဲ ငွေစက္ကူ နှစ်မျိုး သုံးမျိုးလောက် ထုတ်ဝေရုံနဲ့ မလုံလောက်ဘူး အလုပ်မဖြစ်ဘူးဆိုတာ နားလည်ဖို့ လိုပါတယ်။ ငွေအကြွေစေ့များ အပါအဝင် တန်ဖိုး အဆင့်ဆင့်ရှိတဲ့ ငွေစက္ကူမျိုးစုံကိုလည်း ထုတ်ဝေဖို့ အထူးလိုအပ်ပါ တယ်။ အမေရိကန်နိုင်ငံတို့ ဥရောပနိုင်ငံတွေတို့ကို နမူနာထား မပြောလိုပါဘူး။ နီးနီးနားနားကိုပဲ ဥပမာပေး ပြောရမယ်ဆို ရင် ကျနော်တို့ရဲ့ အိမ်နီးချင်းတိုင်းပြည်ဖြစ်တဲ့ ထိုင်းနိုင်ငံမှာ ပြည်တွင်းငွေကြေး လည်ပတ်စီးဆင်းဖို့ ငွေအကြွေစေ့များ အပါအဝင် နှစ်ဆယ်တန်၊ ငါးဆယ်တန်၊ တရာတန်၊ ငါးရာတန်၊ တထောင်တန် ငွေစက္ကူများကိုလည်း လုံလောက်အောင် ရိုက်နှိပ်ထုတ်ဝေပါတယ်။ ဆယ်ဘတ်စေ့၊ ငါးဘတ်စေ့၊ နှစ်ဘတ်စေ့၊ တဘတ်စေ့နဲ့ တဘတ်စေ့ထက် တန်ဖိုးနည်းတဲ့ အကြွေစေ့တွေကိုလည်း ထုတ်ဝေပါတယ်။ (ငါးဘတ်ပေးရင် မြန်မာပြည်ကလို အီကြာကွေးအရှည် တချောင်းဝယ်စား နိုင်ပါ တယ်။ ငါးဘတ်ဟာ မြန်မာကျပ်ငွေ ၁၅ဝ လောက်နဲ့ညီပါတယ်။ ငါးဘတ်တန်အကြွေစေ့သာ မရှိရင် ဘယ်လိုရောင်းပြီး ဘယ်လိုဝယ်စား ကြမလဲ။ စကားချပ်) ဒါတွေကို ထိုင်းနိုင်ငံရဲ့ ဗဟိုဘဏ်ကနေ စီစဉ်ကွပ်ကဲဆုံးဖြတ်ပါတယ်။

ထိုင်းဝန်ကြီးချုပ် အပါအဝင် အစိုးရဝန်ကြီးများ အနေနဲ့ ဒီကိစ္စမှာ ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူများ၊ စီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူများနဲ့ တိုင်ပင်ဆွေးနွေးတာကလွဲလို့ ငွေစက္ကူ ဘယ်လောက်တန်ပဲ ရိုက်နှိပ်ရမယ်လို့ ဝင်ရောက်စွက်ဖက်ခွင့် မရှိပါဘူး။ ဗဟိုဘဏ်က အာဏာပိုင်တွေဟာ လွတ်လပ်စွာ ဆုံးဖြတ်ခွင့် ရှိပါတယ်။ တခါ ငွေစက္ကူ အဟောင်းအမြင်း များ ကိုလည်း ဘဏ်တွေက ပြန်လည်သိမ်းဆည်ပေးပြီး ဗဟိုဘဏ်ကို လွှဲပါတယ်။ ဗဟိုဘဏ်ကနေ လက်ခံရရှိတဲ့ ငွေစက္ကူ အဟောင်းတွေ အပေါ်မှာ အမျိုးအစားကိုလိုက်ပြီး တန်ဖိုးအဆင့်ဆင့်အလိုက် ငွေစက္ကူအသစ်များကို ထပ်မံဖြန့်ဖြူးပေး ပါတယ်။ စုတ်ပြဲဟောင်းနွမ်းပြီး တိတ်အကြည်တွေနဲ့ ဖာထေးတားထဲ့ ငွေစက္ကူ အသေးစားတွေကို ထိုင်းလူထုအကြားမှာ သုံးစွဲခြင်း မရှိပါ။

ထိုင်းနိုင်ငံမှာ ငွေအကြွေစေ့တွေ၊ ငွေစက္ကူအသေးစားတွေ (နှစ်ဆယ်တန်၊ ငါးဆယ်တန်၊ တရာတန်) လူ ထုအကြား လည်ပတ်စီးဆင်းနေတဲ့အတွက် အသေးစားအလတ်စား လုပ်ငန်းတွေအပါအဝင် လမ်းပေါ်က တနေ့လုပ် တ နေ့စား အထမ်းသည်တွေ ဈေးသည်တွေအတွက်ပါ စီးပွားရေးလုပ်ကိုင်ရာမှာ အဆင်ပြေကြပါတယ်။ ပြန်အမ်းစရာ ငွေ စက္ကူအသေးမရှိလို့ ချိုချဉ်တွေ သကြားလုံးတွေ၊ အပေါစားဘောလ်ပင်တွေ ပြန်အမ်းတယ်ဆိုတာ ထိုင်းနိုင်ငံမှာ မရှိပါဘူး။

နိုင်ငံရဲ့ ငွေကြေးလည်ပတ်မှု အတိုင်းအတာအရ တန်ဖိုးမြင့်တဲ့ ငွေစက္ကူတွေ ထုတ်ဝေဖို့လိုတာ မှန်သလို တန်ဖိုးသေးတဲ့၊ တန်ဖိုးနိမ့်တဲ့ ငွေစက္ကူများလည်း လုံလုံ လောက်လောက် ဖြန့်ချိဖို့ လိုကြောင်း ပြောလိုပါတယ်။

ဇော်မင်း
၁၅ ရက်၊ ဇွန်လ၊ ၂ဝ၁၂ ခုနှစ်

ရွက်မွန်မှ…
ဆက်ဖတ်မယ်...

ဦးခင်အောင်မြင့် ရဲ့ ယုံတမ်းစကား


ရွှေပြည်စိုး| (ဦးခင်အောင်မြင့်ဆိုတာအရပ်သားဟန်ဆောင် စစ်ဗိုလ်နဲ့စစ်ဗိုလ်လူထွက်တွေကြီးစိုးထားတဲ့ကြံ့ဖွတ်စစ် အစိုးရရဲ့ ပြည်ထောင်စုလွှတ်တော် နာယက ဗိုလ်ချုပ်ဟောင်းဦးခင်အောင်မြင့် ဖြစ်ပါတယ်)။

“ ဗိုလ်ချုပ်အောင်ဆန်းကို အကြည်ညိုဆုံး ဟု ဗိုလ်ချုပ်ကြီးသန်းရွှေပြော ” ဟူသောခေါင်းစဉ်ပါ စကါးကို ဦးခင်အောင်မြင့်က ဧရာဝတီကိုပြောကြောင်း၊ “ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေ၏အကြည်ညိုဆုံးပုဂ္ဂိုလ်မှာလွတ်လပ်ရေးဖခင်ဗိုလ်ချုပ်အောင်ဆန်း သာဖြစ်ကြောင်း” အစချီပြီး၊“ဗိုလ်ချုပ်အောင်ဆန်းသည်တိုင်းပြည်ခေါင်းဆောင်ဖြစ်သော်လည်းယူနီဖေါင်းသုံးစုံ သာရှိကြောင်း၊ သက်တမ်းတိုသော်လည်း တိုင်းပြည်အတွက်များစွာလုပ်သွားကြောင်း၊ ထိုသို့ခေါင်းဆောင်မျိုး ရှားပါးကြောင်း၊ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုယ်တိုင်ထုတ်ဖေါ်ချီးကျူးခဲ့သည်” ဟုလည်း ဦးခင်အောင်
မြင့် ကပြောကြောင်းသိရပါသည်၊ (ဧရာဝတီ၊ ၁၂-ဧပြီ-၂၀၁၂)။

ကိုလူကြွားရဲ့ ယုံတမ်းစကား …

ဦးခင်အောင်မြင့်ရဲ့ စကါးဟာ လုံးဝအခြေအမြစ်မရှိတဲ့ ယုံတမ်းစကါးဖြစ်သလို ဦးသန်းရွှေ ကိုအကါအကွယ်ပေး ပြောတဲ့စကါးလည်းဖြစ်တယ်၊ဒါ့ပြင်အများအထင်ကြီးအောင် ထွင်ပြီးပြောတဲ့စကါးလည်းဖြစ်ပါတယ်၊များစွာသော သာဓကတွေထဲက ကွယ်ဝှက်ဖျောက်ဖျက်လို့မရနိုင်တဲ့သာဓကအချို့ကိုကြည့်ပါ -

(က) စစ်စိတ် စစ်မာန်တွေ၊ငါ တည်းဟူသော မာန်မာန တွေတက်နေတဲ့ ဗိုလ်သန်းရွှေ ဟာ ဦးခင်အောင်မြင့် ပြောသလို စကါးမျိုးပြောဖို့နေနေသာသာ၊ ယောင်လို့တောင် အိပ်မက် မက်မယ့်သူမဟုတ်၊ဒီဘ၀မပြော
နဲ့ နောက်ဘယ်ဘ၀ရောက်ရောက် ဒီလိုစကါးမျိုး အောက်ကျခံပြီးပြောမယ့်လူစားမျိုးမဟုတ်ဘူးဆိုတာ ရဲရဲကြီးပြောရဲတယ်။
သူက ငါ ဟာ သူ့ထက်(ဗိုလ်ချုပ်အောင်ဆန်းထက်) တော်တယ်၊ တတ်တယ်၊ နပ်တယ် လို့ သူ့ကိုယ်သူအထင်ကြီးပြီး ထင်ရာစိုင်း သူပါ။ငါ တည်းဟူသော မာန်မာန တွေတက်နေသူမို့ဗိုလ်ချုပ်အောင်ဆန်းကို
အကြည်ညိုဆုံး ပုဂ္ဂိုလ် ….. လို့ဘယ်တော့မှချီးကျူးမယ့်လူမျိုးမဟုတ်ဘူးလို့ ယုံကြည်တယ်။

(ခ) ဗိုလ်ချုပ်ကြီးသန်းရွှေဟာ ဗိုလ်ချုပ်အောင်ဆန်းထက် ကေါင်း တဲ့ဘက်မှာမတော်ပေမဲ့ မကေါင်းတဲ့ဘက် မှာ တဖက်ကမ်းခတ် တော်တယ်၊ တတ်တယ်၊ နပ်တယ် ဆိုတော့ ကမ္ဘာသိတယ်။
ဘာတွေတော် လဲ ဆိုတော့ -

၁ ။ မြန်မာနဲ့ကမ္ဘာကို လိမ်ညာ လှည့်စား၊လက်တလုံးခြားလုပ်တဲ့နေရာမှာ -

၂။ အာဏာမြဲရေး၊လက်နက်မဲ့၊အပြစ်မဲ့ပြည်သူလူထုကို အမှုဆင်၊ပြဿနာ ဖန်တီးပြီး ဖမ်းဆီး နှိပ်စက်၊ထောင်ချ၊သတ်ဖြတ်တဲ့နေရာမှာ -

၃ ။ ရဟန်းသံဃာကို ထောင်ချောက်ဆင်ပြီး ဖမ်းဆီး၊ရိုက်နှက်ထောင်ချ၊သတ်ဖြတ်တဲ့နေရာမှာ -

၎ ။ ပြည်သူလူထု ပညာရေး၊ကျန်းမာရေး အဆင့်အတန်းနိမ့်ကျအောင်လုပ်တဲ့နေရာမှာ -

၅ ။ စီးပွားရေးချုပ်ကိုင်ပြီးပြည်သူလူထုဆင်းရဲမွဲတေအောင်၊ဒုက္ခရောက်အောင်၊အကျင့်စာရိတ္တ ပျက်စီးအောင်လုပ်တဲ့နေရာမှာ တဖက်ကမ်းခတ်အောင် တော် တယ်။

၆ ။ တိုင်းပြည်မွဲတေအောင်၊ သိက္ခာကျအောင်၊နိုင်ငံတကာမှာ မြန်မာတွေမျက်နှာငယ်အောင် လုပ်တဲ့နေရာမှာ အထူး တတ်ကျွမ်း တယ်။

၇ ။ ကမ္ဘာမှာကဲ့ရဲ့ ပြစ်တင် ဝေဖန်ရှုတ်ချ အခံရဆုံးနိုင်ငံဖြစ်အောင်လုပ်တဲ့နေရာမှာ -

၈ ။ လက်နက်မဲ့၊အပြစ်မဲ့ ပြည်သူတွေအပေါ် လူ့အခွင့်အရေး ကိုနည်းမျိုးစုံနဲ့ ဆိုးဆိုးဝါးဝါး ချိုးဖေါက်တဲ့နေရာမှာ ကမ်းကုန် အောင် တတ်ကျွမ်း တယ် ။

၉ ။ မြန်မာနဲ့ကမ္ဘာကို ပြောပြီးစကါး၊ပေးပြီးကတိ ဖျက်တဲ့နေရာမှာ အလွန် ပါးနပ် တယ် ။

၁၀ ။ လက်နက်မဲ့၊အပြစ်မဲ့ပြည်သူလူထုအပေါ်အနိုင်ကျင့်တဲ့၊ရက်စက်ကြမ်းကြုတ်တဲ့၊ အကျင်နာကင်းမဲ့တဲ့နေရာမှာ တဖက်ကမ်းခတ် ကျွမ်းကျင် တယ် ။

၁၁ ။ နိုင်ငံပိုင် သယံဇာတ ရောင်းရငွေတွေကို ပြည်သူတွေမသိအောင် ခိုးဝှက်ပြီး နိုင်ငံခြားဘဏ် ပေါင်းများစွာမှာ လျှို့ဝှက်အပ်နှံတဲ့နေရာမှာ စံတင်လောက်အောင် တော်တယ် ။
၁၂ ။ အဆင်းရဲဆုံးနိုင်ငံက လွတ်မြောက်အောင် မလုပ်နိုင်ပေမယ့် ဆင်းရဲတွင်းပိုနက်ရှိုင်းအောင်လုပ် တဲ့နေရာမှာ အခြားဆင်းရဲနိုင်ငံတွေထက် တဖက်ကမ်းခတ် ကျွမ်းကျင် တယ် ။
အဲလိုဗိုလ်ချုပ်မှုးကြီးသန်းရွှေဟာမကေါင်းတဲ့နေရာမှာတော်၊တတ်၊နပ်တဲ့အတွက်ကြောင့်မြေပေါ်မြေ အောက်သယံဇာတအလွန်ပေါများကြွယ်ဝတဲ့မြန်မာနိုင်ငံဟာကမ္ဘာ့အဆင့်အတန်းအနိမ့်ဆုံး၊ တိုးတက်မှုအနည်းဆုံး၊လူ့အခွင့်အရေးအချိုးဖေါက်ဆုံး ၊ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေရဲ့အောက်ဆုံး အဆင့်ရောက်အောင်လုပ်နိုင် တာဟာ ဗိုလ်ချုပ်မှုးကြီးဟောင်းဦးသန်းရွှေရဲ့ ဗိုလ်ချုပ်အောင်ဆန်းထက်သာလွန်၊ပြည့်ဝတဲ့အရည်အချင်းတွေဖြစ် တယ်ဆိုတာ သံသယဖြစ်စရာမလိုပါ။
ဦးခင်အောင်မြင့်ရဲ့ လက်သုံး ဖြီးလုံး စကား …

၁၂- ဧပြီ- ၂၀၁၂ နေ့ပါ ဧရာဝတီသတင်းမှာပဲ ဦးခင်အောင်မြင့်က – “ ဗိုက်ချုပ်အောင်ဆန်းကို ဖခင်လိုသဘောထားပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် မောင်နှမရင်းချာလို လေးစားသဘောထားကြောင်း၊ ”
“၄င်းအနေနဲ့တပ်မတော်စိတ်ဓါတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးတာဝန်ထမ်းဆောင်စဉ်ကဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကိုဟောပြောကြောင်း ”ထည့်သွင်းဖေါ်ပြထားပါတယ်။

ဒီိစကါးတွေဟာ သူ့ကိုအထင်ကြီးအောင်ပြောတဲ့ ကိုယ်ရည်သွေးစကါး တွေပါ ၊ဒါကိုကြည့်ရင် ကိုယ့်ကိုကိုယ်ဖေါ် မသူတော် ၇ ပါးထဲမှာပါတဲ့ မသူတော် တပါးဖြစ်လို့သူ့ကိုအထင်ကြီးစရာအကြောင်းမရှိ ။

ဒေါ်အောင်ဆန်းစုကြည်ကို မောင်နှမရင်းချာလို လေးစားသဘောထားတယ်ဆိုရင် -

၁ ။ ဒေါ်စု ခရီးထွက်တိုင်း ကြုံတွေ့နေရတဲ့ အနှောက်အယှက်၊အန္တရာယ်တွေ မကျရောက်အောင် ဘာကြောင့်မတားဆီးပေးတာလဲ ၊

၂ ။ ၂၀၀၃ ခုနှစ်မေလက ဒေါ်အောင်ဆန်းစုကြည် ဒီပဲယင်းမှာအလုပ်ကြံမခံရအောင်၊ လုပ်ကြံပြီးနောက် အချုပ်မခံရအောင် ၊အချုပ်ခံရပြီးနောက် အမေရိကန်နိုင်ငံသား JOHN WILLIAM YEATTAW နဲ့အကွက်အဆင်မခံရအောင်၊အကွက်ဆင်ခံရပြီးနောက်ဆက်လက်အချုပ်မခံရအောင် ၊ဗိုလ်ချုပ်မှုးကြီးသန်းရွှေကMr.Yeattaw ကို တရားသေလွှတ်ပေးတဲ့အခါ ဒေါ်စုကိုအလားတူ လွတ်အောင်…..စတာတွေ လုပ်မပေးဘဲနဲ့ … ဒေါ်စုကို မောင်နှမရင်းချာလို လေးစားသဘောထားတယ် ” ဆိုတာဟုတ်သေးရဲ့လား၊ ဒေါ်စုသက်သာရာသက်သာကြောင်း၊ လွတ်ရာလွတ်ကြောင်း ဘာတခုမှအလုပ်ဘဲနဲ့များ သူများအထင်ကြီးအောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် မောင်နှမရင်းချာလို လေးစားသဘောထားတယ်လို့ သူမို့ပြောထွက်တယ်၊ သူ့အစားရှက်မိပါတယ်။ သူ့စကါးကို အသိမ်မွေ့ဆုံး ပြောရရင် “ အရူးပြော၊
အရူးယုံ ” တဲ့စကါးဖြစ်နေတယ်။

၃ ။ ဒါ့ပြင် “ ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်တဲ့ ဆောင်းပါးအကုန်ဖတ်၊ အကုန်သိမ်းကြောင်း ” “၄င်းအနေနဲ့ တပ်မတော်စိတ်ဓါတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးတာဝန်ထမ်းဆောင်စဉ်က ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကို ဟောပြောကြောင်း”လည်း ထည့်သွင်းပြီး ဖြီးထားပါသေးတယ် ။တော် တော်ရွံဖို့ကောင်းပါလား။ ဘာကြောင့်လဲဆိုတော့ အစိုးရရုံးတွေမှာ ချိတ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံတွေ
ဖြုတ်ချနေချိန်၊ ကျေးလက်တောရွာတွေရှိ ဗိုလ်ချုပ်အောင်ဆန်းနာမည်ပါတဲ့ဆိုင်းဘုတ်၊မှတ်တိုင်၊အမှတ်အသားတွေကို ဖျက်ဆီးနေချိန်၊ ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံကို အလေးပြုသူ ရန်ကုန်တိုင်း တွံတေးမြို့မှ ကျူရှင်ဆရာ ဦးအောင်ဖေ- ဒီဗွီဘီ၊ ၂၅-၈-၂၀၀၅ နဲ့ ဒီဗွီဘီ၊ ၂၄-၄-၂၀၀၅ ဗိုလ်ချုပ်ကြေးရုပ်၊ လွတ်လပ်ရေးကျောက်တိုင်ကို အလေးပြုသူတိုင်းကို ဖမ်းဆီး၊ ချုပ်နှောင်၊ ထောင်ချနေချိန်မှာ ဦးခင်အောင်မြင့်လို စစ်အရာရှိကြီးတယောက်က စစ်တပ်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းကို ချီးကျူးဟောပြော ခဲ့တယ်ဆိုတာ ဖြစ်နိုင်ရဲ့လား ဦးခင်အောင်မြင့်ရယ်၊ ယုတ္တိရှိအောင်လဲဖြီးပါ။ အရာရှိ၊ အရာခံ၊ အကြပ်တပ်သားတွေရှေ့မှာ ပြောရဲဖို့မဆိုထားနဲ့ ယောင်လို့တောင် အိပ်မက် မက်ရဲ ရဲ့လားလို့မေးချင်တယ်။

၎ ။ ဒါ့ပြင် ဦးခင်အောင်မြင့်ကဆက်ပြီး – “ မှန်တဲ့သစ္စာစကားပြောရရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကျနော့ကိုလုပ်ငန်းကိစ္စပြောရင်း တခါပြောဖူးတယ်၊ဟေ့…ဒီနိုင်ငံမှာ အကြည်ညိုဆုံးက ဗိုလ်ချုပ်အောင်ဆန်းပဲရှိတယ်၊ ဒီလိုခေါင်းဆေါင်မျိုး ရှာကြည့် လုံးဝမရှိဘူး ” လို့ ဆိုပြန်သတဲ့ (ဧရာဝတီ၊ ၁၂-ဧပြီ-၂၀၁၂) ဒီစကါးဟာလည်း သူ့ရဲ့လက်သုံးထွင်လုံးစကားတွေပဲ။ စစ်သွေး၊စစ်မာန်တွေ၊ ငါတည်းဟူသော မာန်မာနတွေ တက်နေတဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေက ဘယ်သူ့ကိုမှ ဒီလိုစကါးမျိုး ပြောမှာမဟုတ်ဘူး ဆိုတာရဲရဲကြီးပြောရဲတယ်။

(က) အကယ်၍ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဗိုလ်ချုပ်အောင်ဆန်းကို တကယ်အစစ်အမှန် ကြည်ညိုလေးစား
တယ်ဆိုရင် -
၁။ စစ်အာဏာရှင်စနစ် ကိုကျင့်သုံးမှာမဟုတ်၊(ဗိုလ်ချုပ်အောင်ဆန်းလို တိုင်းပြည်အကျိုးပြုလုပ် ငန်းစနစ်တွေကိုကျင့်သုံးရမှာဖြစ်သည်)။

၂။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ အခမ်းအနားတွေ၊စာအုပ်စာပေတွေကို တင်းကျပ် စွာစိစစ်၊တားမြစ်၊ ပိတ်ပင် မှာမဟုတ်။

၃။ ဗိုလ်ချုပ်အောင်ဆန်း ဟာ တပ်မတော်ဖခင်၊ လွတ်လပ်ရေးဗိသုကာ ….. စတဲ့ ဂုဏ်ပုဒ်တွေ ကို မှေးမှိန်ကွယ်ပျောက်အောင်လုပ်မှာမဟုတ်။

၎။ အစိုးရရုံးတွေမှာ ချိတ်ဆွဲထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ပုံတွေကို ဖြုတ်ချ မှာမဟုတ်။

၅။ နိုင်ငံတော်က ထုတ်ဝေသုံးစွဲတဲ့ ငွေစက္ကူ၊ အကြွေစေ့ နဲ့ တံဆိပ်ခေါင်း တွေမှာ ဗိုလ်ချုပ်အောင်ဆန်းပုံတွေကို ဖယ်ရှားပြစ်မှာမဟုတ်။

၆။ အချို့ပြည်နယ်ရှိကျေးရွာတွေမှာစိုက်ထူထားတဲ့ဗိုလ်ချုပ်အောင်ဆန်းအမည်ပါဆိုင်းဘုတ်တွေ၊ မှတ်တိုင်တွေ၊အမှတ်အသားတွေကို ဖျက်ဆီး ဖယ်ရှားပြစ်မှာမဟုတ်။

၇။ မြန်မာနိုင်ငံရဲ့ အမြင့်ဆုံး ဘွဲ့တံဆိပ်ဖြစ်တဲ့ “အောင်ဆန်းသူရိယဘွဲ နဲ့ ဆုတံဆိပ်တော် ” တွေကိုလုံးဝ ချီးမြှင့်ခြင်းမပြုတော့ဘဲ မေ့ပျောက်သွားအောင်လုပ်မှာမဟုတ်။

(ခ) အကယ်၍ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဗိုလ်ချုပ်အောင်ဆန်းကို အမှန်တကယ် ကြည်ညိုလေးစားတယ်ဆိုရင်

ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဒေါ်အောင်ဆန်းစုကြည်ကို -
၁ ။ ဒုက္ခအမျိုးမျိုးပေးမှာမဟုတ်။

၂ ။ ဒီပဲယင်း မှာ လုပ်ကြံသတ်ဖြတ်ခိုင်းမှာမဟုတ်။ (ဗိုလ်သန်းရွှေက ဒေါ်စုကို လုပ်ကြံသတ် ဖြတ်ခိုင်းတဲ့အထောက်အထားတွေကတော့ အမေရိကန်ပြည်ထောင်စုဝါရှင်တန်ဒီစီမြို့တော်ရှိ
မြန်မာ သံရုံးစစ်သံမှူးဗိုလ်မှူးဟောင်းအောင်လင်းထွဋ်ရဲ့နိုင်ငံခြားရေးဝန်ကြီး ဗိုလ်ချုပ် ဥာဏ်ဝင်းထံ ၁ဧပြီ၂၀၀၅နေ့ ကရေးသားပေးပို့တဲ့ နုတ်ထွက်စာလက်ရေးမူ(ကော်ပီ)နဲ့ ၄င်းနုတ်ထွက်မှုသတင်း (ဒီဗွီဘီ၊၇-ဧပြီ-၂၀၀၅)။(ဗိုလ်မှူးဟောင်းအောင်လင်းထွဋ်ရဲ့ “ ကဒါဖီနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ” ခေါင်းစဉ်ပါဆောင်းပါး (ဧရာဝတီ၊ ၃-၃-၂၀၁၂)။ NLD ဒု ဥက္ကဌ ဦးတင်ဦးရဲ့ပြောပြ ချက် ( ဒီဗွီဘီ၊၂၉-၅-၂၀၁၀ )။ NCGUB မှ ဦးဇင်လင်းရဲ့ပြောကြားချက်( ဧရာဝတီ၊၃၁-၅-၂၀၁၀)
၃-က ။ ၂၀၀၉-ခုမေလ က အမေရိကန်နိုင်ငံသား JOHN WILLIAM YEATTAW ကိုအသုံးချမှာမ ဟုတ်သလို ဒေါ်စုကိုအချုပ်သက်တမ်းတိုးမှာမဟုတ် – ထောင်ဒဏ်(၇)နှစ်ချမှတ်ထားတဲ့ YEATTAWကို တရားသေလွှတ်ပေးလိုက်ပေမယ့် ဒေါ်စုကိုဆက်ချုပ်ထားတယ်။( ဧရာဝတီ ၊ ၁၆-၈-၂၀၀၉)။

၃-ခ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အကို ဦးအောင်ဆန်းဦး မိသားစု ကို မက်လုံးပေး သွေးထိုး ပြီးအိမ်အမွေဆိုင်ပြဿနာဖြစ်အောင်ဖန်တီးမှာမဟုတ် (၂၀၀၈-ဇွန်လထုတ်ခေတ်ပြိုင်သတင်း ဂျာနယ် – စာမျက်နှာ -၁၂ မှ ၀ါရှင်တန်ဒီစီ မြန်မာသံရုံးမှထောက်လှမ်းရေးဗိုလ်မှူးဟောင်း အောင်လင်းထွဋ်ရဲ့ဆောင်ပါး)

၃-ဂ ။ ၂၀၀၃-မေလ-၃၀ ဒီပဲယင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံသတ်ဖြတ်ဖို့စီစဉ်မှာမဟုတ်၊ (ဧရာဝတီ၊၃-၃-၂၀၁၂ ထုတ် ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်ရဲ့ “ ကဒါဖီနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ” ခေါင်းစဉ်ပါဆောင်းပါး )

အထက်ပါ အထောက်အထား သာဓက တွေကိုကြည့်ခြင်းအားဖြင့်ဗိုလ်ချုပ်ဟောင်းဦးခင်အောင်မြင့်ရဲ့

“ဗိုလ်ချုပ်အောင်ဆန်းကို ဖခင်ကဲ့သို့ သဘောထားတယ် ”

“ ဒေါ်အောင်ဆန်းစုကြည်အပေါ် မောင်နှမရင်းချာ ကဲ့သို့လေးစား သဘောထားတယ် ”

ဆိုတဲ့စကါးတွေဟာ သူ့ရဲ့လက်သုံး ဖြီးလုံး စကါး တွေသာဖြစ် သလို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ချီးကျူးပြောဆိုတယ်ဆိုတဲ့

“ ဒီနိုင်ငံမှာ အကြည်ညိုဆုံးက ဗိုလ်ချုပ်အောင်ဆန်းပဲ ရှိတယ်”
“ဒီလိုခေါင်းဆောင်မျိုး ရှာကြည့် လုံးဝမရှိဘူး”လို့

ဗိုလ်သန်းရွှေကချီးကျူးပြောဆိုခဲ့တယ်ဆို တဲ့စကါးတွေဟာလည်း စစ်သွေးစစ်မာန်တွေ၊ငါတည်းဟူသော မာန်မာနတွေ တက်နေတဲ့ ဗိုလ်သန်းရွှေဟာ ဒီလိုစကါးမျိုး အောက်ကျခံပြီး ဗိုလ်ချုပ်အောင်ဆန်းကို ချီးကျူးအမွှန်းတင် ပြောဆိုမယ့် လူစားမျိုးမဟုတ်ဘူး၊ ဦးခင်အောင်မြင့်ရဲ့စကါးတွေဟာ အရူးပြော အရူးယုံစကါးသာဖြစ်တယ်။

ဒါကြောင့် စာဖတ်ပရိတ်သတ်အပေါင်းတို့ကို “အရူးပြော အရူးယုံ” ဆိုတဲ့ အရူးတွေ မဖြစ်ရအောင် ဦးခင်အောင်မြင့်က သူ့အတွက် ကိုယ်ရည်သွေးစကါး ကိုရော၊ ဗိုလ်သန်းရွှေ အတွက်ပြောပေးတဲ့ ဖြီးစကါး တွေကို ပါမယုံကြဖို့ တိုက်တွန်းလိုက်ရပါကြောင်း။

source by :မိုးမခ
ဆက်ဖတ်မယ်...

မဲစာရင်းတွေ မှားနေတာ သေးသေးလေးပဲလား၊ ကြီးကြီးလား


ဇာတ်လမ်းအရှုပ်တော်ပုံကတော့ စပါပြီ။ ခုတလော အသံတွေ ကျယ်ကျယ်လောင်လောင် ကြားနေရတာ နေရာတိုင်းမှာ မဲစာရင်းမှားယွင်းမှုများပဲ ဖြစ်ပါတယ်။ မဲစာရင်းကို ထုတ်ပေးတာ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်ကဖြစ်လို့ သူတို့မှာ တာဝန်ရှိပါတယ်။

တော်တော်ဆိုးနေတာက သေတဲ့ လူတွေ၊ အဲဒီရပ်ကွက်မှာ မနေတဲ့ လူတွေနဲ့အတူ လူတယောက်ထဲက ၁၀ ကိုယ်ခွဲ၊ ၂၀ ကိုယ်ခွဲတွေ ဖြစ်နေခြင်းပါပဲ။ မှတ်ပုံတင်နံပါတ် တခုထဲနဲ့ လူ ၂၀ ကျော် ခွဲထားတာကတော့ မသမာမှုကြီးပါပဲ။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက စာရင်းကို အခြေခံထားတယ်ဆိုတော့ အဲဒီ ရွေးကောက်ပွဲမှာ နာမည်ကြီးခဲ့တဲ့ ကြိုတင်မဲတွေကတော့ စိတ်ချရပါ့မလား၊ မှန်ကန်သန့်ရှင်းတယ်လို့ ပြောလို့ရမလား၊ အဲဒီရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပါတီတွေ၊ ကိုယ်စားလှယ်တွေကို ပြန်စစ်ဆေးမယ် ဆိုရင်ရော ခံနိုင်ပါ့မလား၊ စုံစမ်းရေးကော်မရှင် မဖွဲ့သင့်ဘူးလား။

တချို့နေရာတွေက မဲစာရင်းတွေထဲမှာ လူအမည်၊ အဘအမည်တွေ လွဲမှားနေတာ၊ မှတ်ပုံတင် နံပါတ်တွေ လွဲမှားနေတာတွေလည်း ရှိနေတာကြောင့် အဲဒီမှားယွင်းမှုတွေကို ဘယ်သူ တာဝန်ယူမှာလဲ။ ဘယ်သူက တာဝန်အရှိဆုံးလဲ။ ဘယ်သူတွေက ယုတ်မာပက်စက်ကြတာလဲ။ တရားဥပဒေကို ဘယ်သူတွေ ချိုးဖောက်ရဲတာလဲ ဆိုတာတွေက စဉ်းစားရခက်ပါတယ်။

“မဲစာရင်းမှားမှုတွေကို လေ့လာကြည့်ရင် သေတဲ့လူတွေ စာရင်းထည့်တာ၊ မနေတဲ့လူတွေ စာရင်းပါတာ၊ လူတယောက်တည်းက မှတ်ပုံတင်တခုထဲနဲ့ နေရာစုံ မဲစာရင်းတွေ ရှိနေတာတွေဟာ မသမာမှုများပဲ ဖြစ်ပါတယ်။ မတော်တဆ မှားနေတာ မဟုတ်ဘူးဆိုတာ ရှင်းနေပြီ မဟုတ်လား။ ပြတ်ပြတ်သားသား အရေးယူဖို့ပဲ ရှိပါတော့တယ်။”

အခု မဲစာရင်းမှားယွင်းမှုတွေက သေးသေးလေးပဲလား၊ ကြီးကြီးလား၊ ဘယ်လောက်အထိ နစ်နာသွားတယ် ဆိုတာလည်းသိရဲ့လား။ နောက်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ မဲစာရင်းကို ကူးချင်ရင် လူတယောက်အတွက် ကျပ် ၂၀၊ လူတသိန်းအတွက် ကျပ်သိန်း ၂၀ ကုန်ကျမယ်လို့ သတ်မှတ်ထားတဲ့၊ ငွေနဲ့ ဖိပြီး နှိပ်စက်ထားတဲ့ စနစ်ဆိုးက ရှိနေတယ်။ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးသိန်းစိုးကို ဘယ်လောက်ယုံကြည်ရမှာလဲ။

သူနဲ့ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်ကိုတော့ ပြန်လည်စစ်ဆေးဖို့ ခုံရုံးဖွဲ့သင့်တယ်။ အဲဒီ ဦးသိန်းစိုးဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ တပည့်ရင်းဖြစ်လို့ သူ့ကို အရေးယူဖို့ ခက်နေမယ်။ ထိရဲပါ့မလား။ အခုအချိန်မှာ ဦးသိန်းစိုးက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဌအဖြစ် ခန့်အပ်ထားခြင်းခံရတယ်။ အဲဒါလည်း ကြိုတင်ကာကွယ်ထားတာမဟုတ်လား။

နောက်ပြီး မူမမှန်တာ၊ မသမာမှုတွေ ရှိနေတာကို တိုင်ရင် ငွေတင်ပြီး တိုင်ရတယ်။ တိုင်တဲ့လူ ရှုံးရင် အဲဒီ တင်တဲ့ငွေ ဆုံးရော။ ငွေနဲ့ ဖိနှိပ်ကန့်သတ်ထားတာ။ ငွေမရှိတဲ့ ပါတီတွေကို မတရားတဲ့နည်းနဲ့ စီးပွားဖြစ်နေတဲ့ ပါတီကြီးတခုက အနိုင်ကျင့်ခွင့် ရရှိအောင် အဲဒီ ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်က ဖန်တီးထားတာတွေက ရိုးသားမှုရှိပါတယ်လို့ ဘယ်သူက အာမခံမှာလဲ။

၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ကတော့ သူကိုင်တွယ်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လွတ်လပ် မျှတမှု ရှိစေရမယ်လို့ အာမခံ ထားတယ်။ တကယ်လို့ သူရဲ့လုပ်ဆောင်ချက်တွေ မှားတယ်လို့ သတ်မှတ်ရင် အပြုတ်ခံမယ်လို့ ကြွေးကြော်ထားတယ်။

ဘာပဲဖြစ်ဖြစ် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို နိုင်ငံတကာက စောင့်ကြည့်နေတယ်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက နိုင်ငံတကာက စောင့်ကြည့်လေ့လာသူတွေကို လုံးဝလက်မခံခဲ့ဘူး။ ကျွမ်းကျင်တဲ့ လေ့လာသူတွေကို ကြောက်တယ်။ ဘာကြောင့် ကြောက်တာလဲ။ မဟုတ်တာတွေ မမှန်တာတွေ လုပ်မှာမို့ပေါ့။ ရှင်းရှင်းလေးပါ။ လွတ်လပ်ခြင်း တရားမျှတခြင်း မရှိဘဲ ရွေးကောက်ပွဲ ပြီးသွားတယ်။ လွှတ်တော်တွေ ပေါ်ပေါက်လာတယ်။ အဲဒီလွှတ်တော်တွေမှာ ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်နေတဲ့ ကန့်သတ်ချက်၊ တားမြစ်ချက်၊ အမိန့်ပေးချက်တွေ ရှိနေတာမို့ ရှေ့ရေးကတော့ ရင်လေးစရာပါပဲ။

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြည်သူများ ရဲရဲဝံ့ဝံ့ သတ္တိရှိကြပါလို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ခန်းမမှာ ဖေဖော်ဝါရီ ၂၂ ရက်က ပြောသွားခဲ့ပါတယ်။ ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေ အတိတ်ကို ပြန်လည်သုံးသပ်ပြီး ယနေ့နဲ့ အနာဂတ်အတွက် သင်ခန်းစာ ယူစေချင်ကြောင်း၊ ဖြည့်စွက်ပြီး လုပ်စရာရှိတာတွေကို ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ လုပ်ဆောင်ဖို့လိုကြောင်း၊ လွှတ်တော်ရောက်လာသူများဟာ အဲဒီခံယူချက်နဲ့ စည်းစည်းလုံးလုံး ဆောင်ရွက်သွားကြရန် တိုက်တွန်းသွားပါတယ်။

အဲဒီလို ပြည်သူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ပြည်သူ့အကျိုးအတွက် သတ္တိရှိကြဖို့ လိုတယ်ဆိုတဲ့ စကားဟာ ထောက်ခံရမှာဖြစ်ပြီး တကယ်လည်း လက်တွေ့မှာ ကျင့်သုံးကြရမှာဖြစ်လို့ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲမသမာမှုတွေကို ပြည်သူတွေက ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ ဖော်ထုတ်ကြဖို့ လိုပါတယ်။ ဒါမှလည်း လွှတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာပါ။

ဒီမိုကရေစီရဲ့ အသက်သွေးကြောဟာ တရားဥပဒေစိုးမိုးမှုပဲ ဖြစ်ပါတယ်။ အခုလို ဥပဒေမဲ့ မဲစာရင်း မှားယွင်းမှုတွေဟာ ရိုးသားစွာ မတော်တဆ မှားယွင်းနေတာ မဟုတ်ဘူး။ ပြည်သူတွေနဲ့ နိုင်ငံရေးပါတီတွေ သတင်းမီဒီယာသမားတွေက ၀ိုင်းဝန်း ဖော်ထုတ်ပေးရမှာပါ။

တနေ့တခြား လေသံကျယ်လာတဲ့ သန့်ရှင်းတဲ့အစိုးရ၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေးကို အနှောက်အယှက် ဖြစ်စေတဲ့ မဲစာရင်းမှားယွင်းမှု၊ မဲလိမ်မှု၊ မဲခိုးမှု၊ မလျော်သြဇာကို သုံးပြီး ခြိမ်းခြောက် မဲပေးခိုင်းမှုတွေ မရှိသင့်တော့ပါဘူး။ အသက်ပြည့်ပြီး စာရင်းမ၀င်သေးတာတွေလည်း အများကြီးရှိတယ်။

ဒီကနေ့ တွေ့နေရတဲ့ မဲစာရင်းမှားယွင်းမှုဟာ သေးသေးလေး မဟုတ်ပါဘူး။ ပြဿနာဖြစ်လာမယ့် ကြီးကြီးမားမားကြီးပါ။ မဲဆန္ဒနယ်မြေ ၄၈ ခုက နည်းပါတယ်။ ဒါပေမယ့် နေရာ နည်းနည်း များများ လွတ်လပ်မျှတမှုရှိမှ ဒီမိုကရေစီစံနှုန်းနဲ့ ကိုက်ညီမှာပါ။ မဲဆန္ဒ နည်းနည်းမှာ တရားမျှတမှုရှိမှ နောက်ထပ် ရင်ဆိုင်ရမယ့် မဲဆန္ဒနယ်များများကို ရင်ဆိုင်နိုင်မှာပါ။

မဲစာရင်းမှားမှုတွေကို လေ့လာကြည့်ရင် သေတဲ့လူတွေ စာရင်းထည့်တာ၊ မနေတဲ့လူတွေ စာရင်းပါတာ၊ လူတယောက်တည်းက မှတ်ပုံတင်တခုထဲနဲ့ နေရာစုံ မဲစာရင်းတွေ ရှိနေတာတွေဟာ မသမာမှုများပဲ ဖြစ်ပါတယ်။

မတော်တဆ မှားနေတာ မဟုတ်ဘူးဆိုတာ ရှင်းနေပြီ မဟုတ်လား။ ပြတ်ပြတ်သားသား အရေးယူဖို့ပဲ ရှိပါတော့တယ်။

စိန်သံလုံး

source by : http://drlunswe.blogspot.com
ဆက်ဖတ်မယ်...

ခက်အောင် လုပ်နေကြရင် ပိုခက်ကုန်လိမ့်မယ်....

ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းဆီသို့... ဆိုတဲ့ ခေါင်းစဉ်နဲ့ (၈၈) ကျောင်းသားတွေက လူထုကြားထဲ ဆင်းနေကြတာ တွေ့ရတော့ အင်မတန်မှ အားတက်မိပါတယ်။ ကျနော်တို့လို အဝေးရောက်နေကြတဲ့ တက်ကြွ လှုပ်ရှားသူတွေအနေနဲ့ ပိုလို့စိတ်ဝင်စားစရာတွေ သူတို့ လုပ်ပြနိုင်ကြတာ တွေ့ရတာပါပဲ။

လက်တလောကာလ မဟုတ်တဲ့ အရင် ကာလတွေကို မပြောပဲ မျက်မှောက်အခြေအနေကိုပဲ ဖြတ်ပြောရရင် ဒါဟာ.... လူ့အဖွဲ့အစည်းကို ပုံစံဟောင်းကနေ ခွဲထွက် စဉ်းစားလာကြတာ၊ တနည်းအားဖြင့် လူ့ဘောင်အခြေအနေသစ်ကို ဖန်တီး နေတာဖြစ်ပါတယ်။ တည်ဆောက်နေတယ်ပြောရင် ပိုတိကျ ပါလိမ့်မယ်။ တနည်းအားဖြင့် အခြေခံကနေ စတင်ပြုပြင်ပြောင်းလဲတာလို့ ပြောနိုင်ပါတယ်။ ဒီလိုလုပ်မှသာ ထင်သာမြင်သာရှိတဲ့ အပြောင်းအလဲတွေအတွက် တကယ်တွန်းအားဖြစ်စေမှာပါပဲ။

ဒီနေရာမှာပြန်ကြည့်ရင် ကျနော်တို့နိုင်ငံမှာ အုပ်ချုပ်နေတဲ့ အစိုးရရော၊ အတိုက်အခံတွေပါ ပွင့်လင်းမြင်သာမှုကို တကယ်တမ်း အကောင်အထည် ဖေါ်ရပါလိမ့်မယ်။ အစိုးရကို ပွင့်လင်းအောင်ပြောနေသလို ကိုယ်တိုင်လည်း ပွင့်လင်းမြင်သာမှု ရှိဘို့ လိုပါတယ်။ ဒီမိုကရေစီစံနစ်ရဲ့အနှစ်သာရထဲမှာ ပွင့်လင်းမြင်သာမှုဟာ အင်မတန်မှ အရေးကြီးပါတယ်။ အစိုးရတခုရဲ့ပွင့်လင်းမြင်သာမှုဟာ လူထုကို တိုက်ရိုက်သက်ရောက်မှု ရှိပါတယ်။ လူထုကို မက်ဆေ့ခ်ျတွေ မှန်မှန်ပေးရပါမယ်၊ လူထုကို ဖုန်းကွယ် လုပ်ဆောင်နေသမျှ ဒါဟာ ဒီမိုကရေစီကို သွားနေပါတယ်လို့ ပြောလို့ မရပါဘူး။

ရှင်းနေတာကတော့ လူထုကြီးဟာ ဒီမိုကရေစီစံနစ်ကို တကယ်လိုလားပါတယ်။ ဒါပေမဲ့ လူထုဟာ တကယ်ပွင့်လင်းတဲ့ အစိုးရတရပ်ကို မရရှိတာဟာ သိပ်နစ်နာ နေတော့တာပါပဲ။ အထူးသဖြင့် ဒီကနေ့ ဦးသိန်းစိန် အစိုးရဟာ ပွင့်လင်းမြင်သာမှုထက် စကားနှစ်မျိုး၊ လုပ်ဆောင်မှုနှစ်မျိုး၊ အမြင် နှစ်မျိုး ဖြစ်နေသယောင် ပြောပြောနေတာ တွေ့ရတယ်။ ကချင်ဒေသမှာ သမ္မတက အပစ်ရပ်ခိုင်းတယ်၊ အောက်ခြေတပ်က မရပ်ဘူး။ ဒါ.. တခုတည်း ဥပမာပေးတာပါ။ ဥပမာပေးစရာတွေ အများသားပါ။

အစိုးရက ကောင်းပါတယ်။ တပ်က ပြောရတာ အမိန့် အောက်အခြေအထိ မရောက်သယောင် ပြောသံ တချို့ထွက်နေတယ်။ ဒါမဟုတ်ပါဘူး၊ တကယ်တမ်း သူတို့ လုပ်ချင်ရင် အကုန်ဖြစ်တဲ့ အခြေအနေပါ။ နှစ်မျိုးခွ ကစားလို့ အခုလိုဖြစ်နေတာ လူတိုင်းနီးပါး သိနေပါတယ်။

ဒီတော့ အနီးဆုံးပဲပြောကြရအောင် ၂၀၀၇ မှာ ဘုန်းကြီးတွေကို အကြမ်းဖက်တော့ ချက်ချင်း လုပ်ခဲ့တာပဲ၊ တလတောင် မကြာဘူး။ တချို့ဘုန်းကြီးကျောင်းတွေ စစ်တလင်းလိုတောင် ဖြစ်ခဲ့ကြတာပဲမလား။တပ်က ဘာဖြစ်လို့ လုပ်သလဲ၊ အမိန့်ကြောင့် လုပ်တာပါပဲ။ အထက်က ပွင့်ပွင့်လင်းလင်း အမိန့်မပေးလို့သာ ကချင်ကိစ္စက ကျန့်ကြာနေတာပါပဲ။

ဒေါ်အောင်ဆန်းစုကြည်တောင် အခုလူထုနဲ့ တိုက်ရိုက်ထိတွေ့ စကားပြောနေသလို ဘာကြောင့် ရွေးကောက်ပွဲကနေ တက်လာတာပါပြောတဲ့ အစိုးရရဲ့သမ္မတက လူထုကို စကား မပြောရတာပါလဲ။ ကိုယ့်ပေါ်လစီအရ တိုက်ရိုက် တိုင်းပြည်နဲ့ လူထုကို မက်ဆေခ်ျ မပေးနိုင်တာ တွေ့ရတယ်။ ဒါပွင့်လင်းမှု မရှိတာပါပဲ။ ဒီမိုကရေစီ တိုင်းပြည်တိုင်းမှာ သမ္မတတွေဟာ လူထုနဲ့ တိုက်ရိုက်ထိတွေ့ရပါတယ်၊ အခြားအဆင့်ဆင့် ခေါင်းဆောင်တွေလည်း ထို့အတူပါပဲ။ အတိုက်အခံတွေက အစပါ။ ကျနော်တို့တိုင်းပြည်မှာ အတိုက်အခံတွေက လူထုနဲ့ထိတွေ့ နေသလောက် အစိုးရနဲ့ အာဏာရပါတီက ပွင့်လင်းမှု မရှိတဲ့ အခြေအနေအတိုင်း သွားနေတာပါပဲ။

ဒီတော့.... တခါတလေ သူတို့ စကားကြုံ ထုတ်ပြောနေတဲ့ ဒီမိုကရေစီစံနစ်ကနေ နောက်ပြန်မလှည့်ပါဘူးဆိုတာ ယုံကြည်ရ ခက်ခက်ပါပဲ။ ဥပဒေအရကို အာဏာသိမ်းခွင့်ပေးထားတော့ ဒီဥပဒေကိုက ပြသာနာဖြစ်စေနိုင်တဲ့ ဥပဒေဆိုတော့ တော်တော်သတိထားပြီး သုံးသပ် နေရတဲ့သဘောပါ။ အတိုက်အခံတွေ ခရီးသွားတာတောင် လိုက်နှောက်ယှက် နေရတဲ့အဖြစ် တယ်လဲ ဆိုးလှပါပကော။

လောလောဆယ်... ကျနော်တို့နိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည့်က ရွေးကောက်ပွဲ လမ်းကြောင်းကနေတဆင့် ပါတီပြန်လည်ထူထောင်တာရော၊ လူထုနဲ့ ထိတွေတာရော လုပ်နေတယ်။ ဒေါ်စုအနေနဲ့ သူအတတ်နိုင်ဆုံး လမ်းကြောင်းကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ကျနော်တို့ အားမလို အားမရ ဖြစ်နေတဲ့သူတွေ တချို့ရှိနေပေမဲ့ ဒါသူ့အနေနဲ့ အကောင်းဆုံး စွန်းစားမှုလို့ ထင်ပါတယ်။

လူထုကလည်း တော်တော်အားကိုးနေတာ တွေ့ရတယ်။ ပြောရရင် ဒေါ်စု မပါပဲ မြန်မာ့နိုင်ငံရေးမှာ ဘာမှ လုပ်လို့ အဆင်မပြေလောက်ဘူးဆိုတာ အစိုးရရော၊ အတိုက်အခံ တော်တော်များများရော၊ နိုင်ငံတကာကပါ သိနေတဲ့ သဘောပါ။

ဒီနေရာမှာ ဒေါ်စုအနေနဲ့ ပွင့်လင်းမြင်သာတာ တချို့ ရှိပါတယ်။ မရှိတာလေးတွေလည်း ထောက်ပြ ချင်တာပါ။ ဒေါ်စုအနေနဲ့ ဒီကနေ့ အချိန်အထိ လူထုကို ထုတ်မပြောတဲ့ ကိစ္စတွေ ရှိပါတယ်။ ဦးသိန်းစိန်နဲ့ ဘာတွေ ဆွေးနွေးသဘောတူ ပါသလဲ၊ ဦးအောင်ကြည့်နဲ့ ဘာတွေဆွေးနွေးပြီး ဆွေးနွေးပွဲ ရလာဒ်အသေးစိတ်တွေက ဘာတွေပါလဲ၊ လူထုကို တိတိကျကျ ရှင်းပြဘို့ လိုပါတယ်။ ဦးအောင်ကြည် စာရွက်ကိုင်ပြီး ပြောသွားတာတွေ အင်မတန်မှ အပေါ်ယံဆန်ပါတယ်၊ လိုချင်တာ ဒါမျိုး မဟုတ်ပါဘူး။ အသေးစိတ် ထုတ်ပြန်ပေးဘို့ပါ။

ဒီမိုကရေစီစံနစ်ကို တည်ဆောက်ချင်ရင် ပွင့်ပွင့်လင်းလင်း သတင်းထုတ်ပြန်တာနဲ့ သတင်း လွတ်လပ်ခွင့်ကို တည်ဆောက်တာကနေ စရတဲ့ သဘောရှိပါတယ်။ အခုလိုတွေ့ဆုံ ဆွေးနွေးရေးနဲ့ ပြောင်းချင်တဲ့ ဆန္ဒရှိတဲ့ သူတွေကို ပြောတာပါ။ ဒီနေရာမှာ အစိုးရတရပ်အနေနဲ့ သိပ်အားနည်းတာ တွေ့ရပါတယ်။

ဒီတော့... အကျိုးဆက် အနေနဲ့ ဘာတွေဖြစ်လာသလဲဆိုတော့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ အဆင်ပြေပါ့မလား၊ ကြားဖြတ် ရွေးကောက်ပွဲ သန့်ရှင်း မျှတပါ့မလား၊ မကြာခင်က လွတ်လာတဲ့သူတွေ ပြန်ပြီးတော့ ဖမ်းမလား။ သို့လော သို့လော တွေးနေရတာပါ။ အစိုးရက ပိုတာဝန်ရှိပါတယ်။ ပွင့်ပွင့်လင်းလင်း တိုင်းပြည်တို တင်ပြလိုက်ပါ။ နိုင်ငံရေးလုပ်နေတဲ့ သူ ဘယ်သူ့ကိုမှ ပြန်မဖမ်းပါဘူး၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်သွားမယ်၊ ဒီမိုကရေစီစံနစ်ကနေ နောက်ပြန်မလှည့်ပါဘူး။ ဒါတွေကြေငြာပေးရပါမယ်။

အစိုးရ ဘာဖြစ်လို့ မကြေငြာနိုင်တာလည်းဆိုတာ သုံးသပ်ကြည့်တော့ သူတို့ ကိုယ်တိုင် ရေးဆွဲထားတဲ့ ဥပဒေအရကို လွဲနေတော့တာပါပဲ။ စစ်တပ်က အာဏာပြန်မသိမ်းစေရဘူး ပြောရအောင်လည်း ဥပဒေအရ သိမ်းခွင့် ပေးထားတဲ့အတွက် တချို့ကြုံတုန်း ပါးစပ်ကနေ နောက်မလှည့်တော့ပါဘူးလောက် ပြောနေတာပါပဲ။ ဒီတော့ ဆိုလိုချင်တာက ဥပဒေမှာကို ပြောင်းပြစ်၊ ပြင်ပြစ်ရမဲ့ဟာတွေ ရှိနေတာ သေချာပါတယ်။

ဒါကြောင့် ဒေါ်စုက တရားဥပဒေစိုးမိုးမှု တည်ဆောက်ဘို့ဆိုရင် လက်ရှိဥပဒေမှာ လူထုအတွက် အကျိုးမရှိတဲ့ ဥပဒေတွေကို ပြင်ပြစ်ရမယ်လို့ ပြောနေတာပါ။ ကျနော်ထင်တာ လူထုကြီးက ဒါကို သိပ်သဘောကျနေတာပါ၊ လူထုက အသေးစိတ် ထုတ်မပြောတတ်ပေမဲ့ ဘဝအရ သိနေတဲ့ သဘောပါ၊

နီးရာဓား ကြောက်ရတဲ့ ဘဝမှာ နှစ်ပေါင်းများစွာ နေလာကြရတာ လူထုပါ။

လက်တလော..ပြည်တွင်းငြိမ်းချမ်းရေးအသံတွေ သိပ်ထွက်နေပါတယ်။ ဒေါ်စုလည်း ပြောတယ်၊ ၈၈ တွေလည်း ပြောဆိုလှုပ်ရှားနေတယ်၊ အစိုးရကလည်း တဖွဲ့ချင်း အပစ်ရပ်ရေးတွေကို ကိုယ်စားလှယ် နှစ်ဖွဲ့နဲ့ လုပ်နေတယ်။

ရှင်းအောင် လုပ်ရမဲ့ဟာကို ရှုပ်အောင် လုပ်တော့ ပိုကြာနေတာပေါ့ဗျာ။

နိုင်ကျဉ်းကိစ္စရော၊ ပြည်တွင်းငြိမ်းချမ်းရေး ရော၊ နိုင်ငံတကာရောက် မြန်မာပြည်သားတွေကိစ္စရော တခါတည်းနဲ့ တော်တော်လေး ခရီးရောက်အောင် လုပ်ချင်ရင် အရင်ဆုံး တရားဝင် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ တပြည်လုံး အပစ်ရပ်စဲရေးကို အစိုးရကကြေငြာ လိုက်ဘို့ပါပဲ။

ဒေါ်စုနဲ့ ၈၈ တွေအပါအဝင် ငြိမ်းချမ်းရေး အင်အားစုတွေနဲ့ပါ လက်တွဲပြီး ပြည်တွင်းငြိမ်းချမ်းရေး အမျိုးသား ကော်မတီကိုဖွဲ့ပြီး လုပ်လိုက်ရင် သားရွှေအိုးထမ်းလာတဲ့ ကိန်းပါဗျာ။

အခုတော့ သမီးပေး၊ သားမက်ပေး လိုက်လုပ်နေတော့ ယာယီအပစ်ရပ်တာတွေတောင် ခဏခဏ ပြန်ဖြစ်နေတာတွေက ကြားနေရတာ တိုင်းပြည်အတွက် ရတက် မအေး လှပါဘူး။

နောက်များ ပြန်လှည့်သွားလို့ကတော့ သေပါရော ဆိုပါတော့ မြန်မာပြည်ပေါ့ဗျာ။


ကိုယဉ်ထွန်း(လူ့ဘောင်သစ်)

ဖေဖေါ်ဝါရီလ ၂၄ရက်၊၂၀၁၂။
ဆက်ဖတ်မယ်...

အကျဉ်းထောင်တွင်း ဆရာတော်ကြီးများနှင့်သံဃာတော်များ သီတင်းသုံးရပုံ (ဦးခင်ညွှန့်သာဓုခေါ်စေရန်..) အပိုင်း ၂






● ဦးခင်ညွှန့်က ထောင်သွင်းအကျဉ်းချသော ဆရာတော်များ သံဃာတော်များ။

အဲဒီ (၃) ဆောင်မှာပဲပေါ့ဗျာ… …
အကျဉ်းသားဝတ်စုံ အဖြူကို အထက်အောက်ဝတ်ဆင်ထားရသော်လည်း မျက်လွှာချပြီး ပုတီးစိပ်ရင်း ထောင်ထဲမှာ စင်္ကြန်လျှောက်နေတဲ့ ပုဂ္ဂိုလ်ကြီး (၃) ဦးကို အားလုံးထဲမှာ ထူးခြားစွာ ကြည်ညိုဖွယ်ရာ တွေ့လိုက်ရပါတယ်။ ကျနော် တော်တော့်ကိုတုန်လှုပ်သွားတယ်ဗျ။ စိတ်ထဲ မှာလည်း ဝမ်းနည်းသလိုလို ကတုန်ကယင်ကြီး ဖြစ်သွားတယ်။ သူတို့တွေက ဘယ်သူတွေလဲ၊ ဘာဖြစ်လို့ ဒီအထဲရောက်နေရတာလဲ။ အံ့သြမှုနဲ့အတူ စုံစမ်းကြည့်လိုက်တော့ ဆရာတော်သံဃာတော်ကြီးတွေ ဖြစ်နေတယ်ဗျာ …။

တပါးက အိနြေ္ဒသိက္ခာကြီးမားသည့် ဆရာတောကြီးတွေဖြစ်သော အင်းစိန်ရွာမစာသင်တိုက်က ဆရာတော်ဦးတိလောကဘိဝံသ၊ နောက် တပါးက ပါဌိကာရီ စာသင်တိုက် (သာကေတ) ဆရာတော်ကြီး ဦးအဂိတ၊ နောက်တပါးက ရွှေဘုန်းပွင့်ဆရာတော်ဘွဲ့တော် ကျနော် မေ့ နေ ပါသည်။ ဆရာတော်ကြီးများဟာ ထောင်ဝတ်စုံဆင်မြန်းထားရသော်လည်း သီလ၊သိက္ခာတော်တို့ကြောင့် ရာဇ၀တ်အကျဉ်းသားနဲ့မတူဘဲ သိသိသာသာကြီးကို ကွဲပြားနေပါတယ်။

(ကျောက်ကုန်း မေဒိနီကျောင်းတိုက်က အိနြေ္ဒသိက္ခာကြီးမားသည့် ဆရာတော်ကြီး ဦးဉာဏ္ဏဝံသ အမှတ် (၅) ဆောင်မှာဖြစ်သည်။)


(ကွယ်လွန်သွားသောကိုအေးကြည်က သုံးဆောင်မှာ ရွှေဘုန်းပွင့်ဆရာတော်ကို တာဝန်ယူရသည်။)

ဆရာတော်ကြီးများတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ငယ်ရွယ်နုပျိုတဲ့ ဦးဇင်းလေးများလည်း ရှိကြနေတယ်။ (ဘွဲ့တော်တွေ မမှတ်မိ တာ ခွင့်လွှတ်ကြပါ)။ ရွှေဘုန်းပွင့်ကျောင်းတိုက်တခုထဲနဲ့တင် သံဃာအပါးနှစ်ဆယ်ကျော် ဖမ်းဆီးအကျဉ်းချခံရပါသည်။ ရန်ကုန်တတိုင်း လုံးနှင့် မန္တလေးတိုင်း အကုန်အပါဝင် မြန်မာပြည်အနှံ့ ဆရာတော်သံဃာတွေ ဘယ်လောက်လဲ။ ကျနော် အမှတ်သုံးဆောင်ကို ရောက်လာတဲ့ အချိန် ထောင်ပြောင်းပါသွားသည့် ဆရာတော်ကြီးများနှင့် သံယာများ မနည်းဘူးလို့သိရတယ်။

လူရှင်သင်္ချိုင်းကိုရေးတဲ့ ကိုနေလင်းတို့ ထောင် ပြောင်းပါသွားတဲ့အသုတ်ပေါ့။ ကျနော်မှတ်မိတဲ့ ရခိုင်ဦးဇင်းလေးတပါးဆို ကျနော်တို့ ထမင်းဝိုင်းမှာ ဘုဉ်းပေးပါတယ်။ တကယ့်ကို ငယ်ရွယ် ပြီး ပိန်ပိန်လေးပါ။ သက်တော်က ၂၅ နှစ်ခန့် ပါ။ ငယ်ဖြူကိုယ်တော်လေးပေါ့။ ကျနော်တို့က ဦးဇင်းလေးလို့ ခေါ်ပါတယ်။ ရဟန်းမို့ ကျနော် တို့က ဦးစားပေး ဆွမ်းဟင်းပိုထည့်ရင် ဘုဉ်းမပေးတော့ဘူး။ ကျနော်တို့နှင့် တန်းတူသာဘုဉ်းပါတယ်။

ဆွမ်းဟင်းဆိုလို့လည်း အထင်မကြီးကြပါနဲ့ဦး။ ထောင်ဝင်စာ လာတွေ့ခံရမှန်သူ တဦးနှင့် ထောင်ဝင်စာ လာကြဲသူ တဦးနဲ့ ထောင်ဝင်စာ မလာသူ သုံးဦးလေးဦးခန့်က တအုပ်စုအဖြစ် ထမင်းစားကြတော့ အပြင်ဟင်းလို့ခေါ်တဲ့ (အထားခံအောင်ကြော်ထားသည့် ငပိကြော်၊ ငါး ခြောက်ကြော်၊ သရက်သီးသနပ်နှင့် အသားကြော်တခုခုကို တဦး ဇွန်းတ၀က်ခန့်လောက် မျှစားရတာ) ဦးဇင်းလေးကို ထည့်ပေးတာပါ။ (၃) ဆောင်ဖြစ်သည့်အတွက် ထောင်ထမင်းကျွေးချိန်ကလွဲရင် အခြားအချိန်တွေမှာ ထမင်းကို စားသောက်ခွင့်၊ သိမ်းထားခွင့်မရှိဘူး။ ထောင်ဥပ ဒေအတိုင်း ကျွေးချိန်မှာ အခန်းအပြင်ဖက်စင်္ကြန်မှာ စားရပါတယ်။

အဲသည့်စနစ်ဟာ ကျနော့်တို့ သာမန်လူတွေအတွက်က ဘာမှအခက်အခဲမရှိပေမယ့် မွန်းတည့်နောက်ပိုင်းမှာ ဘုဉ်းမပေးရတဲ့ သံဃာတော် တွေအဖို့မှာ အတော်ဒုက္ခရောက်ကြရပါတယ်။ အဲဒီတော့ ကျနော်တို့က ညနေစာလာကျွေးတဲ့ ထောင်ထမင်း ၀ါကျင့်ကျင့်ကို ကော်ဇလုံထဲမှာ ပါးပါးလေးခင်း၊ အပေါ်ကနေ အ၀တ်ပိုင်းစ (အင်္ကျီပိုင်း) ကို ရေဆွတ်ပြီး ရေညှစ်လို့ အုပ်ထားရပါတယ်။ အဲဒါကို မနက်ထောင်ဖွင့်ချိန်မှာ အာ ရုံဆွမ်းအဖြစ် သံဃာတော်တွေကို ထောင်ထမင်း ၀ါကျင့်ကျင့် သိုးနံ့ဝင်လုလုကို ကပ်ကြပါသည်။

ရေချိုးသည့်အခါ အကျဉ်းသားများ လေးယောက်တတွဲထိုင်ပြီး ရေကန်အပြင်မှာ တန်းစီရပါသည်။ ရေကန်စောင့်က “တတန်းလာ” လို့ အော်လိုက်ရင် ထပြီးရေကန်ဘေးမှာရပ်ပြီး ဒန်ပန်ကန်ပြားကိုင်ကာ “ခပ်” ဆိုတဲ့ အချိန်ကျမှာ တခါခပ်လို့ ရေချိုးရတဲ့စနစ်ကို ဆရာတော် သံဃာတော်တွေလဲ လိုက်နာရပါသည်။

ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာအထွန်းကားဆုံးဖြစ်သော ကျနော်တို့ မြန်မာနိုင်ငံမှာ ရဟန်းသံဃာတော်များကိုသတ်ဖို့ အမိန့်ပေးတဲ့ ဦးခင်ညွန့်တို့ န၀တကပ်တဲ့ ဆွမ်းကွမ်းအလှူဒါနမို့ လက်မခံဘဲ ကံဆောင်တော်မူတဲ့ အရှင်သူတော်မြတ်များကို ထောင်တွင်းမှာ လူမြင်သူမြင် တရားဝင် ဦးချခွင့်မရှိပါ။ လူမြင်သူမြင် ဆွမ်းကပ်ခွင့်မရှိပါ။ ဒါတွေကို မြန်မာပြည်သူပြည်သားအပေါင်း သေသေချာချာမှသိကြပါ့မလား။

မနက်တခါ ညနေတခါထိုင်ပြီး “ပုံစံ” လိုအော်ရင် ဦးခေါင်းငုံထားရသည့် ဆရာတော်သံဃာတော်တွေအဖြစ်၊ ရာဇ၀တ်သား အကျဉ်းသားများ နှင့် ကြမ်းတပြေးထိုင် သီတင်းသုံးကာ ဆဲဆိုကြိမ်းမောင်းသံများ ကြားတော်မူနေရသော အဖြစ်။ ညအချိန်မှာ ကြမ်းပေါ်မှာ အကျဉ်းသားများနှင့် တိုးဝှေ့ပြီး အတူကျိမ်းတော်မူရသည့်၏အဖြစ်များကို မြန်မာပြည်သူတို့တွေ့ရရင် ဘယ်လိုခံစားမလဲ။

ငါ –ီုး မသားတွေ နားထောင်ကြစမ်းလို့ အော်ဟစ်ပြောဆိုနေတဲ့ ထောင်အကျဉ်းခန်းထဲမှာ သီတင်းသုံးရသည့် သာသနာပိုင်ဆရာတော်တွေ စိတ်နှလုံးကို တွေးကြည့်ကြပါဗျာ။ စစ်ဖိနပ်စီးပြီး လမ်းလျှောက်လာတဲ့ ထောင်အာဏာပိုင်တွေနင်းနေတဲ့ ကြမ်းပြင်တပြေးထဲမှာပဲထိုင်ပြီး ခေါင်းငုံအရိုသေပေးနေရတဲ့ သာသနာပိုင်ဆရာတော်တွေအဖြစ် သံဃာတော်တွေအဖြစ်ကို တွေးကြည့်ပါ။ အဲဒီအချိန်မှာ ဗိုလ်ချုပ်ကြီးခင်ညွှန့်သွားလေရာမှာ လူတကာကို လက်အုပ်ချီပြီး ခရီးဦးကြိုပြုရန် ညွှန်ကြားထားသည်။ သူလိုသာမန်လူတယောက်တောင် လက်အုပ်ချီ ခရီးဦးကြိုပြုခံနေတဲ့အချိန်မှာ သာသနာပိုင်ဆရာတော်တွေ ထောင်ထဲမှာသီတင်းသုံးနေသည်။

ထောင်ဥပဒေအတိုင်း အမည်ကို ဦး ကို တပ်မခေါ်တဲ့အတွက် ဆရာတော်ကြီးတွေအမည်ကိုခေါ်တဲ့အခါမှာ စိတ်မသက်သာဖြစ်ရတာကို တွေးကြည့်ပေါ့။ အကျဉ်းသားအချင်းချင်းနှင့်ကတော့ ထောင်ဝင်စာလာရင် အမည်လိုက်ခေါ်တဲ့ အကျဉ်းသားတောင် ဆရာတော်တွေကို အလွတ်ကျတ်ထားပြီး အသာလေးအနားလာပြီး ဘုန်းဘုန်းဘုရားလို့ ထောင်ဝင်စာ စာရွတ်လာ ကပ်တာတွေတော့ရှိပါသည်။ သို့သော်လည်း တရားမ၀င်ဘူးလေ။

တပတ်တခါ ထောင်ပိုင်တန်းစီတဲ့အခါ။ တလတခါ ညွှန်ကြားရေးမှူးလှည့်တဲ့အခါ ဆရာတော်တွေမှာ အကျဉ်းသားတွေကြားထဲ တောင့် တောင့်ထိုင်ပြီး ဦးခေါင်းချိုး အရိုသေပေးရတာကို ဘာသာတရားကြည်ညိုလှပါသည်ဆိုသောဦးခင်ညွှန့် ဘာလုပ်ဖို့ သံဃာတွေ ထောင်ချ သေးသလဲ။

ထောင်မှူးသိန်းမြင့်က ထောင်ကျလာရင် အကျဉ်းသားပဲဆိုပြီး တောင်ယာရေလောင်းဖို့ လူစာရင်းမှာပါတဲ့ သက်ကြီးဝါကြီး ဆရာတော်တွေ ကိုယ်စား ကျနော်တို့လူငယ်တွေနှင့် ရဟန်းပျိုတွေက အလှည့်ကျ ၀ိုင်းထမ်းပြီးလောင်းရတဲ့ အမှတ်သုံးဆောင် ချိုးရေကန်က ပုတ်စော်နံရေ တွေကို သံစည်ပိုင်းပြတ်နှင့် နွားထမ်းတဲ့တံဘိုးကို တပ်ထမ်းနေရတဲ့အချိန်မှာတော့။

ဦးခင်ညွှန့်တယောက် နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ရွှေသင်္ကန်းကပ်တဲ့ ဝေါယာဉ်ကြိုးကို ဖွဖွလေးဆွဲပြပြီး ဘုရားဒကာကြီးအဖြစ် ပြည်သူ တွေကိုလုပ်ပြနေတာ ဦးခင်ညွှန် ကိုယ့်လိပ်ပြာ ကိုယ်လုံသလား။ မထင်ပါဘူး။ သံဃာကို သတ်တဲ့ အသင်းအဖွဲ့၏ တာဝန်ရှိသူသံဃာကို ညှင်းဆဲတဲ့အသင်းအဖွဲ့ တာဝန်ရှိသူ အမိန့်ပေးသူ ဦးခင်ညွှန့်မိမိကိုယ်ကို ဗုဒ္ဓဘာသာဝင်တယောက်အဖြစ် ရဲရဲကြီး ကြွေးကြော်ရဲပါသလား။

အရှက်သိက္ခာကြီးလှတဲ့ ဆရာတော်ကြီးတွေ ကျင်ကြီး ကျင်ငယ်တောင် မစွန့်ဝံ့တာတဲ့။ အင်းစိန်ထောင် မိလ္လာစနစ်မှာ စိတ်မသက်သာရှိလှ တဲ့အချိန်၊ ရွှေကွပ်ထားတဲ့ ဘိုထိုင်ရေအိမ်နဲ့ ဦးခင်ညွှန့်ထိုင်ရင်းနှင့် တွေးမိလား။ သာသနာပိုင်ဆရာတော်ဘုရားတွေ ဘယ်လိုရှိမလဲဆိုတာ မျိုးလေးပေါ့။

အဲဒီ ၁၉၉၁ ထောင်ပြောင်းကာလမှာ သံဃာတော်တွေကို ထောင်သွင်းအကျဉ်းချထားချိန်၊ ဆရာတော်တွေကို ခေါင်းစွပ်စွပ်ပြီး ခြေကျဉ်း ခတ်ကာ ထောင်ပြောင်းနေတဲ့အချိန်မှာတော့ မြန်မာပြည်သူများရှေ့တွင် ဦးခင်ညွှန့်တယောက် စမတ်ကျကျ ဝတ်ထားတဲ့ စစ်ဗိုလ်ချုပ်ဝတ်စုံ အပေါ်ကနေ ယောဂီပတ်ကလေး ပတ်လိုက်၊ အဖြုရောင်ပတ်လေး ပတ်လိုက်နှင့် ဘုရားဒကာ ကျောင်းဒကာဘွဲ့ခံနေခဲ့တာကိုရော ပီတိဖြစ် နေကြတဲ့ မြန်မာပြည်သူ ပြည်သားတွေ ဒီကိစ္စတွေ အကုန်သိကြပါ့မလား။

အဲသည့်အချိန်မှာ ထောင်ထဲမှာ ဒဏ်မခံနိုင်လွန်းလို့ ပျံလွန်တော်မူ ရှာရတဲ့ ဆရာတော်တွေရှိနေတယ်ဆိုတာကို မြန်မာပြည်သူပြည်သားတွေ သိကြပါ့မလား။

ထောင်ပြောင်း သံဃာတော်တွေထဲက ကျနော်မှတ်မိတဲ့ ပျံလွန်တော်မူခဲ့ရတဲ့ သရက်တောကျောင်းတိုက် (လမ်းမတော်) ဆရာတော် ဦးအာ စရ (သရက်ထောင်မှာ) ပါ။ ရွေဘုန်းပွင့်ကျောင်းတိုက်က ဦးဇောတိက (ခြေတဖက် မသန်တဲ့ဆရာတော်) အင်းစိန်ထောင် အမှတ် (၅) ဆောင်မှ ပျံလွန်တော်မူသည်။

ကျနော် ၀တ္တုရေးနေတာမဟုတ်ပါ။ ကြုံတွေ့လိုက်ရတဲ့ မြန်မာပြည်ဒီမိုကရေစီ သမိုင်းအချိုးကွေ့ကပုံရိပ်တွေကို လှည့်စားနေသူများအား မီးမောင်းထိုးပြနေခြင်းသာ ဖြစ်ပါသည်။

အခုကျနော်ရေးသည့်အချက်အလက်များကို ကျနော်တယောက်ထဲ သက်သေရှိခြင်းမဟုတ်ပါ။ ထို အချိန်က ခံစားခဲ့သူအားလုံး သက်သေရှိနေတာပါ။ ကျနော်က ဒီအချက်လက်များကို ဖြန့်ဝေပေးတဲ့ သဲတပွင့်သာ ဖြစ်သည်။ အစဉ်လာ ကြီးမားတဲ့ သမိုင်းအချိုးကွေ့တွေကို ဖြတ်သန်းမြင်လိုက်ရတဲ့ အညတြရတိုက်ပွဲဝင် လူငယ်တဦးသာ ဖြစ်ပါသည်။ ကျနော်ရေးနေခြင်းသည် သမိုင်းကို မြင်လိုက် ရသည့်ဖက်ကနေ သိသမျှကိုရေးပေးနေခြင်းပါ။ ခံယူမှု လက်ခံမှုက တဦးချင်းစီ၏ ပုဂ္ဂလိကခံယူမှု အခွင့်ရေးသာဖြစ်သည်။

● ကံဆောင်ရခြင်းနောက်ခံနှင့် ဦးခင်ညွှန့်သို့မေးခွန်းများ

၁၉၉၀ ခုနှစ်မှာ ရှစ်လေးလုံးနှစ်ပတ်လည်နေ့အတွက် မန္တလေးမြို့မှာ ဆွမ်းလောင်းကိုပွဲကို န၀တတိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည်က သံဃာ တော်တွေကို မကြွရဘူးတားမြစ်သည်။ သံဃာထုကလည်း ဒါဟာဆွမ်းလောင်းတာ ၀ိနည်းအရ ရှောင်ဖယ်လို့မရဘူးဆိုပြီးမိန့်ကာ ဆွမ်းခံကြွ လေတော့ ရုပ်ပျက်ဆင်းပျက်ဖြိုခွင်းပါသည်။ ဆွမ်းသပိတ်များကိုင်ဆောင်ကြွလာတဲ့ သံဃာတော်များကို န၀တ စစ်အစိုးရက သက္ကင်္န်းတွေဆွဲ ချွတ်၊ သပိတ်တွေလွှင့်ပစ်ကာ အကြမ်းဖက်ဖမ်းဆီးတာကို သံဃာတော်တွေဖက်မှ မခံနိုင်သောရဟန်းပျိုများက ပြန်လည်တုန့်ပြန်ရိုက် ပွဲဖြစ်ရာ၊ န၀တဖက်မှ ပစ်ခတ်နှိမ်နင်းမှုများလုပ်သဖြင့် စက်တင်ဘာလတွင် မန္တလေးတိုင်းမှ ဆရာတော် သံဃာတော်များက ၀ိနည်းတော် အတိုင်း သပိတ်မှောက် သံဃာကံပြုတော်မူပါသည်။

ရန်ကုန်မြို့မှ တိပိဋကဓရဆရာတော် အရှင်သုမင်္ဂလာလင်္ကာရအမှူးပြုသော သံဃာတော်များက အောက်တိုဘာလ (၃) ရက်နေ့တွင် သပိတ်မှောက် သံဃာကံပြုလုပ်သည်။ အဲဒီအချိန်မှာ ကထိန်ခင်းခြင်းနှင့် သံဃာ့စာမေးပွဲပြီးတဲ့အချိန်ဆိုတော့ န၀တစစ်အစိုးရအုပ်စုမှ အဓိ ကမင်းသားကြီး ဦးခင်ညွှန့်ကျောင်းတိုက်တွေကို လှူဘွယ်ပစ္စည်းများကပ်လှူပါသည်။ တကယ်ဆိုရင် နှစ်စဉ် ၂ လပိုင်းလောက်မှ ကျင်း ပ လေ့ရှိသော သံဃာစာမေးပွဲဆုဆက်ကပ်ခြင်းကို ဦးခင်ညွှန့်က အဲဒီလမှာပဲ ချက်ချင်းလုပ်သည်။ ဆရာတော် သံဃာတော်တွေက အလှူခံ ခြင်းမပြုလေတော့ ထိပ်တိုက်တွေ့ဆုံခြင်းကိုခံရလို့ ဒေါသသူပုန်ထသူက ဦးခင်ညွှန့် ဘယ်လိုကြမ်းရမ်းခဲ့သလဲကို သူကိုယ်တိုင်မှတ်မိမှာပါ မေးကြည့်ကြပါ။ အဲဒီအချိန်ကျမှ များလိုက်တဲ့ သံဃာအတုအယောင်အမှုတွေက နေ့စဉ်လိုလို သတင်းစာမှာပေါ်ထွက်လာလိုက်တာမှ ထူးထူးဆန်းဆန်း ဖြစ်နေတော့သည်။ သံဃာ့ကံဆောင်ခြင်းမပြုသော သံဃာတော်အချို့ကို ဦးခင်ညွှန့်တီဗွီများ ဆက်ကပ်လှူဒါန်းနေပုံကို နိုင်ငံပိုင်သတင်းစာများ၏ မျက်နှာဖုံးမှာတွေ့ပေမည်။

ကမ္ဘာအေးသို့ န၀တစစ်အစိုးရဖိအားပေးပြီး သပိတ်လှန်ရမည် အမိန့်ထုက်စေသည်။ ညမထွက်ရ အမိန့်ထုတ်ထားသည့် ၁၉၉၀ ခုနှစ် ဒီဇင် ဘာလ ၅ ရက်နေ့ညမှစတင်ပြီး သံဃာတော်များကို ခေါင်းစွပ် စွပ်ကာဖမ်းဆီးသည်။ စစ်ကားပေါ်ဆွဲတင်ကာ စစ်ထောက်လှမ်း၏ စစ်ကြော ရေးသို့ ပို့ဆောင်စစ်ဆေးသည်။ စစ်ကြောရေးတွင် သံဃာတော်များကို သင်္ကန်းတော်များ အတင်းဆွဲချွတ်ခြင်းအမှုကို ဦးခင်ညွှန်၏ အမိန့် ကြောင့်မလုပ်လျှင် ဘယ်သူလုပ်ရဲပေမည်နည်း။ မာန်ဟုန်ပြင်းပြင်း အာဏာစက်ကြီးမားလှသည့် ဗိုလ်ချုပ်ခင်ညွှန့်ဘ၀က ဟန်များ မာန်များ ကို ထိုအချိန်က သတင်းစာများ တီဗီသတင်းများမှာ ပြန်ရှာကြည့်ပေတော့။

ဒီတော့ သပိတ်မှောက်ရသည့် သံဃာတော်တွေကို အာဃာတတရားကြီးစွာနှင့်ဖြိုခွင်း အကျဉ်းချသူက န၀တ အထွေထွေအတွင်းရေးမှူး (၁) စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ခင်ညွှန့်ဖြစ်ကြောင်း ကျေးဇူများကို မသိသေးသူများ အမှတ်ရပါစေကုန်။ တိပိဋကဓရ ဆရာ တော် အရှင်သုမင်္ဂလာလင်္ကာရ မြစ်ကြီးနားထောင်မှာ ၉ နှစ်လောက် အကျဉ်းချခံ သီတင်းသုံးရပြီးနောက် ပြန်လွတ်လာပြီး မကြာခင်မှာ ပျံလွန်တော်မူရှာလေသည်။

ထိုသို့ ပျံလွန်တော်မူချိန်ကျမှ ဦးခင်ညွှန့်တယောက် ဘာလို့များ အကျယ်ချုပ်ဘ၀နှင့် သွားဖူးတာလဲဆိုတာကို သိချင်သည်။ မေးပေးကြပါ။ မိမိမှာ တာဝန်အရလုပ်ရသည်များ ရှိသည် အစချီသည့် မီဒီယာများမှာ ဦးခင်ညွှန့်ပြောတာကို ပြန်မေးချင်တာက ထိုအချိန်မှာ ဦးခင်ညွှန့် အခြားနည်းလမ်း ဖြေရှင်းစရာ မရှိဘူးလား။ တကယ်ပဲလား။
————————————-

အချက်အလက်အချို့ကို ဆွမ်းကြွခါနီး ဖုန်းကိုင်ပေးတော်မူကာဖြေကြားပေးသည့် သုံးကြိမ်တိတိ နိုင်ငံရေးအကျဉ်းသားဖြစ်သည့်တိုင် ပြည် သူဖက်ကရပ်တည်သော ဆရာတော်ဦးပညာဇောတ၏ကျေးဇူးတော်ကို ဦးတင်လိုက်ရပါသည်။ အင်းစိန်ထောင် အမှတ်သုံးဆောင်မှ နိုင်ငံရေးအကျဉ်းသားဟောင်း ပြည်တွင်းမှာ သီတင်းသုံးတော်မူသည့် ဦးဇင်းဘုရားကိုလည်း ဦးတင် လိုက်ပါသည်။ ပြည်တွင်းက အကိုတော်ကြီး (အမှတ်သုံးဆောင်)၊ အမေရိကန်ပြည်ထောင်စုရှိ သူငယ်ချင်း ကိုဇေယျာဝင်း၊ ကိုဂျွန်ဂလင်း တို့နှင့်အတူ ကျနော် သုံးဆောင်မရောက်ခင် ထောင်ပြောင်းခံရတဲ့ ကိုမင်းနိုင် (Buffalo, New York) တို့အား အချက်အလက်များအတွက် ကျေးဇူးတင်ရှိပါသည်။
—————————————————-

ရေးပေးဖို့ ပြည်သူတွေကိုယ်စားတောင်းဆိုတာကတော့ အကိုချိုတူးဇော်ဖြစ်ပါတယ်။ တချိန်လုံးပြောရုံမက wall မှာလာရေးသူက မနန္ဒာ ဖြစ်သည်။ ကျနော်တာဝန်ကို ကျနော်ကျေအာင် ရေးပေးလိုက်ပါပြီ။ တခုပြောချင်တာ ဒီစာလုံးတွေကိုရေးတာ လက်နဲ့မဟုတ်ပါဘူး။ နှလုံးသားနှင့်ရေးတာ စာဖတ်သူတို့ မထင်မှတ်တဲ့ စာလုံးအချို့မှာ ကျနော့်မျက်ရည်ပေါက်တွေရှိပါတယ်။


ရဲမင်းထွန်း

ဆက်လက်ပြီး ဖော်ပြပေးပါမည်။

source by : http://moemaka.com

ဆက်ဖတ်မယ်...

အကျဉ်းထောင်တွင်း ဆရာတော်ကြီးများနှင့် သံဃာတော်များ သီတင်းသုံးရပုံ (ဦးခင်ညွှန့် သာဓုခေါ်စေရန်..)

ဦးခင်ညွှန့်တယောက် နေအိမ်အကျယ်ချုပ်ကနေလွတ်လာတော့ ၀မ်းသားအားရကြိုဆိုသူတွေ ရိုသေလေးစားသူတွေမြင်တော့ မုဒိတာပွားပါ သည်။ ထို့အတူ ကျနော်က ဦးခင်ညွှန့် သာဓုခေါ်ရအောင်။ ဦးခင်ညွှန့် ပြုပြုသမျှ ကုသိုလ်တွေထဲ ကျနော်တို့လို မလိမ်မိုး မလိမ်မာလေးတွေ ထောင်ထဲမှာ သိက္ခာတော်ရဆရာတော်တွေ ဖူးမျှော်ရလေအောင် ပင့်ဆောင်ပေးထားခဲ့သော ကျေးဇူးကုသိုလ်။


မုဒိသာလေးပွါးလို့ရအောင် သံယာတော် ဆရာတော်တွေဖြတ်သန်းခဲ့တဲ့ ထောင်ချတဲ့အမိန့်ချသည့် စစ်ခုံရုံးနှင့် ထောင်ကျထောင်မှူးရုံးခန်း အဆောင်ထောင်မှူးရုံးခန်းများကို ကျနော်ဖြတ်ခဲ့တာတွေ ရေးသားပေးလိုက်မည်။ သို့မှသာ ဆရာတော်တွေ သံဃာတော်တွေ ဖြတ်သန်းခဲ့ တာကို အများပြည်သူမျက်စိထဲ မြင်နိုင် တွေးနိုင်ပြီး ဘုရားတကာ ကျောင်းတကာ ဦးခင်ညွှန်၏ ကုသိုလ်အစုစု သဒ္ဓါထုတို့ကို သာဓုခေါ်နိုင်ပေ မည်။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ န၀တ ဆွမ်းကွမ်းအလှူဒါနကို ကံဆောင်တော်မူတဲ့ အရှင်သူတော်မြတ်များကို အကျဉ်းချ လိုက်သည့်အတွက်၊ သံဃာတော်အရှင်သူမြတ်များမှာ ထောင်တွင်းကျပ်တည်းစွာ သီတင်းသုံးရခြင်း၊ ဆွမ်းကွမ်း မပြည့်မစုံ ဘုန်းရခြင်း၊ ရုပ် ပိုင်း စိတ်ပိုင်း နှိပ်စက်ခံရခြင်းများဖြစ်သော ထောင်ပြောင်းရွှေ့သီတင်းသုံးရခြင်း၊ ထောင်တွင်းမှာ ပျံလွန်တော်မူခြင်း စသည့် ဦးခင်ညွှန်၏ ကုသိုလ်များကို အမျှဝေပေးပါသည်။ ဦးခင်ညွှန့်နှင့်အတူ အားလုံးသော သာဓုခေါ်ဝံ့သူများ သာဓုခေါ်ကြပါလေကုန် …. …

● နိဒါန်းအနေနှင့် စစ်ခုံရုံးလုပ်ပုံကို ပြောပြမည်

ကျနော်ထောင်ကျတော့ စစ်ခုံရုံးအမှတ် (၁) ဒု-ဗိုလ်မှူးကြီးလှရွှေ (ကြည်း)၊ ဗိုလ်မှူးအောင်ရင် (လေ)၊ ဗိုလ်မှူးအေးကို (ရေ) တို့က ကျနော့် အမှုကို စီရင်တာဖြစ်သည်။ တရားစီရင်တာလည်း ပွင့်ပွင့်လင်းလင်း မျှမျှတတရှိပါသည်။ ထောင်ဗူးထဲကနေ ကျနော်ရယ်၊ မရင်ရင် (လသာ) ကို လက်နက်ကိုင်စစ်သားအခြံအရံတွေ ခြံရံပြီး ရုံးထုတ်လာပါတယ်။ ဒီနောက်မှာတော့ အောက်ပိုင်းတဝက်က အုတ်၊ အပေါ်ပိုင်းက သံ ဇကာနဲ့ကာထားတဲ့ (၁၀) ပေပတ်လည် အပြာရောင်အဆောက်ဦးထဲမှာ ထည့်ထားလိုက်ပါတယ်။ တရားလိုအဖြစ် အမည်မသိအရပ်ဝတ် အာဏာကြီးသူတဦးနဲ့ ဗဟန်းရဲစခန်းက ရဲအုပ်တဦးရောက်လာပြီးတော့ ကျနော်တို့ကို…. “ညီလေးတို့ မင်းတို့ကို စစ်ခုံရုံးက အမိန့်ချမယ် ၀န်ခံလိုက်ရင် မင်းကို ငါးနှစ်၊ ညီမလေးကို လေးနှစ်ပဲချမှာလို့” စေတနာဗလပွနဲ့ လာသင်ပေးတယ်ဗျ။

ကျနော်နှင့် မရင်ရင်တို့ကတော့ တိုင်ပင်ထားသလိုပါပဲ ဘာမှကိုပြန်မပြောဘဲ ပြုံးပြလိုက်ပါတယ်။ ခဏနေတော့ မသန္တာချိုကိုလည်း ထုတ် လာပြီး ကျနော်တို့ရှိနေတဲ့ အခန်းလေးထဲပဲ ထည့်လိုက်ပါတယ်။ ကျနော်တို့ တိုင်ပင်ထားတာက ရုံးထွက်တိုင်း စစ်ခုံရုံးတင်တဲ့နေမှာ ပျော် ရွှင်စွာနေဖို့နဲ့ အဖြူရောင် ရှပ်အကျီနှင့် ယောဂီယောင် ယောပုဆိုးတွေဝတ်လာဖို့ပါပဲ။ သုံးယောက်လုံး ဖြူဖွေးနေတဲ့ မန္တလေးရှပ်အဖြူ လက် တိုကိုယ်စီနှင့် ယောပုဆိုး၊ ယောထမိန် ၀တ်ထားတဲ့ ပြုံးရွှင်ရယ်မောနေတဲ့ ကြောက်ရွံထိန့်လန့်တဲ့ ဟန်အမူအရာ အလျဉ်းမရှိတဲ့လူငယ်သုံးဦးကို စောင့်ကြပ်နေရတဲ့ ၀တ်စုံပြည့်နှင့် စစ်သားများက တအံ့တသြကိုကြည့်ကြပါတယ်။ အဲဒီလိုကို သူတို့ကို အံ့သြစေချင်တာ ကျနော်တို့ဆန္ဒပါ။

သူတို့ထဲက အသက်ကြီးကြီး (၂) ရစ်နှင့် တပ်ကြပ်ကြီးက “ကောင်လေးတို့ မင်းတို့ကိုအမိန့်ချမှာကွ ဒီနေ့။ တောင်းပန်လိုက်ပေါ့ကွာ အဘ ကြီးတွေက သနားမှာပါ။ မင်းတို့ရုပ်ကလေးတွေ သနားကမားနဲ့” လို့ပြောလိုက်တာကို မရင်ရင်နှင့် မသန္တာချိုတို့ရယ်လိုက်တာ မှတ်မိ ပါသေးတယ်။ ထိုလူကြီးလည်း ဆက်မပြောတော့ဘဲ ကျနော့်ကို ဆေးလိပ်သောက်လားလို့ မေးတော့ ကျနော်လည်း သောက်တယ်ပြောတော့ စီးကရက်တလိပ်ထုတ်ပြီး မီးညှိပေးပါသည်။ ကျနော်အားရပါးရ ဟန်နှင့် ပန်နှင့် ရှိုက်ဖွာတာကို အမတော်နှစ်ယောက်က မျက်စောင်းထိုးလို့ အပိုးပြန်သတ်ရကာ ရှိုးပဲ့ရပါသေးတယ်။

အချိန်ကျတော့ ကျနော်တို့ကို စစ်ခုံရုံးခမ်းမကျယ်ကြီး (နောက်ပိုင်း အင်းစိန်ထောင်မှ လွတ်ငြိမ်းချမ်းသာနှင့်လွတ်သူများကို သြ၀ါဒပေးသော ခန်းမ) ခေါ်သွင်းလာပါတယ်။ အရှေ့အနောက် ဘယ်ညာရိုက်သံ ညီညီညာညာနှင့် စစ်သားတွေခြုံရံပြီး ၀င်ခဲ့ရတဲ့အရသာလေး မှတ်မိ သေးတယ်။ (ငယ်တော့လည်း ဘ၀င်မြင့်တာများ…. ငါ့တို့ကို ဒီလိုကြီးကြီးကျယ်ကျယ်တောင်လုပ်ရတယ်ဟဆိုပြီး ကြံဖန်ပြီးဂုဏ်ယူနေတာ စိတ်ထဲမှာ)။ အမှန်က ငရဲတွင်းထဲကို အခမ်းအနားနဲ့ ပို့တာပေါ့ဗျာ။

နောက်တော့ စစ်ခုံရုံးအရာရှိတွေရောက်လာတယ်။ နိုင်ငံတော်အလံကို အလေးပြုပြီး ကျနော်တို့ထိုင်ရတယ်။ ဖတ်လိုက်တာ၊ ပြောလိုက်တာ တွေကလည်း စုံလို့။ တခုပဲ တဦးစီ ဖြောင့်ချက်ယူမျှပုံက“ရဲမင်းထွန်း နိုင်ငံတော် ဖျက်ဆီးနှောက်ယှက်သောလှုပ်ရှားမှုတွေ လုပ်ရပ်တွေ လုပ်ခဲ့တဲ့မင်းမှာ အပြစ်ရှိသလား” တဲ့။ ကျနော်က “မရှိပါ” လို့ ဖြေတော့ …. “ဟေ” တဲ့ ။

နောက် မရင်ရင်အလှည့်လည်း မရင်ရင်က “မရှိပါ” လို့ ဖြေတယ်။

တရားလိုလုပ်သူကထပြီး ၁၉၈၉ မှာ စစ်ထောက်လှမ်းရေးဖမ်းဆီးတာကို အကြမ်းဖက်ပြီးထွက်ပြေးသည်မှစ၍ ကိုဘိုနီအောင်နှင့် အတူပေါင်း သင်း လှုပ်ရှားသည်အဆုံး ပြန်ဖတ်ပြီး “အပြစ်ရှိပါသလား” မေးပြန်တယ်။
ကျနော်ကလည်း “မရှိပါ” ပဲပေါ့။

အမိန့်ချမယ့် စစ်ခုံရုံးအရာရှိတွေက အခုခုံရုံးခေတ္တနားမယ် တရားလိုကို မင်းတို့ သေသေချာချာလုပ်ကွာဆိုတဲ့ အဓိပ္ပါယ်နဲ့ စကားတွေပြောပြီး ခုံရုံးခဏနားလိုက်တယ်။

ဒီတော့မှ စစ်ထောက်လှမ်းရေးလို့ ထင်ရတဲ့လူကလာပြီး “မင်းပေးထားတဲ့ဖြောင့်ချက်လေကွာ မင်းစစ်ကြောရေးပြန်သွားမလား” လို့ ချိမ်း ခြောက်မေး မေးတော့ မရင်ရင်က ၀င်အော်ရော။ “ကျမတို့က မမှန်ဘူးလို့ ငြင်းနေလို့လား၊ အပြစ်မရှိဘူးပြောတာလေ၊ ဘာအပြစ်လဲ” လို့ ပြန်ပြောပစ်လိုက်တယ်။ ခဏနေတော့ စစ်ခုံရုံးပြန်စတယ်။ ပြန်ဖတ်တယ်။ အပြစ်ရှိလားဆိုတော့ … ကျနော်တို့က “မရှိပါ” မှ တပြားမှ မလျှော့ဘူး။ ရယ်ဖို့တော့ တော်တော်ကောင်းသားဗျ။ ဘာနှင့်တူနေလဲဆိုတော့ ရုပ်ရှင်ရိုက်ကွင်းမှာ ကပ် ကပ် လုပ်သလိုဖြစ်နေတယ်။ သူတို့ကလည်း သူတို့လိုချင်တဲ့ ပုံစံ(အဖြေ) မရမခြင်း ထပ်ခါထပ်ခါ မေးတယ်။ ကျနော်တို့က “မရှိပါ” ဆိုလိုက်ရင် အရာရှိသုံးယောက်လုံးက ပြိုင်တူ တရားလိုတွေဖက်ကို ကြည့်တယ်။ ကျနော်ဖြင့် ရယ်ချင်လိုက်တာ။

ထောင်ချမှာပဲဗျာ။ တရားသဖြင့်စီရင်တာလည်း မဟုတ်ဘဲနဲ့။ တရားခံပြ သက်သေ၊ တရားခံရှေ့နေ မရှိ၊ ကြားနာသည့် ပရိတ်သတ်မရှိ၊ မိသားစုတောင်မသိတဲ့ တဖက်သတ်စီရင်တဲ့ ဒီတရားစီရင်မှုကိုများ အစီအငေါ် အတိုင်အဖောက်က တည့်ချင်နေသေးတယ်။ တကယ်ဆို စာအိတ်ဖောက်ဖတ်ပြီး အမိန့်ကိုချတာပါ။ ဦးခင်ညွှန်ခေတ်ဆိုတော့လည်း အရာရာကို မျှတကြောင်းပြချင်တဲ့အထာနှင့် ရုပ်ရှင်ရိုက်ပြတာ ပေါ့ဗျာ။ ဒီလိုနှင့် စစ်ခုံရုံးပြန်နားရပြန်သည်။

ဒီတခါတော့ အလယ်က ခုံရုံးတရားသူကြီးခေါ်မလား ဘယ်လိုခေါ်မလဲမသိတဲ့ ဒုဗိုလ်မှူးကြီးလှရွှေ (ကြည်း) မျက်ထောင့်ကြီးနီလို့ “ကောင် လေး မင်းတို့ နိုင်ငံတော်ကလူကြီးတွေက သက်ညှာပြီး စီစဉ်စဉ်းစားမှာကို မင်းတို့ ဒီလိုမလုပ်နဲ့။ မင်းတို့ဘ၀ဘဲ ပျက်မှာ။ ငယ်ငယ်ရွယ်ရွယ်နဲ့ တော်တော်မိုက်ကြတာပဲ” လို့ ပြောတယ်။

ဘေးဘယ်ညာက လေတပ်နှင့်ရေတပ်က ဗိုလ်မှူးနှစ်ဦးကတော့ ဘာမှမပြောဘူး ရုပ်သေးရုပ်လိုပဲ အလယ်ကထိုင်ရင် လိုက်ထိုင်တယ်။ ထ ရင် လိုက်ထတယ်။ စာရွက်ကောက်ဖတ်ရင် ဖတ်တယ်ပဲလုပ်နေကြတယ်။ ဒီလိုနှင့် နောက်တကြိမ်ပြန်နားတယ်။ ဒီတခါတော့ နည်းနည်း ကြာသွားတယ်။ ပြီးတော့ ပြန်စတော့ တရားလို ပြန်ဖတ်တယ်။ ဒုဗိုလ်မှူးကြီးက အပြစ်ရှိလားမေးတော့ “မရှိပါ” ထပ်ဖြေတယ်။ တိုက်ပုံ အမဲနှင့် တရားရေးအရာရှိဆိုသူက မတ်တပ်ထရပ်က စစ်ခုံရုံးဥက္ကဌကြီးဆိုလား သဘာပတိကြီးဆိုလား အစချီလိုက်ပြီး …. “ယခုရုံးရှေ့ ရောက် တရားခံရဲမင်းထွန်းနှင့်အပေါင်းပါသည် ၎င်းတို့၏လွဲမှားသောအယူဆများဖြင့် နိုင်ငံတော်ကို ဖျက်ဆီးနှောက်ယှက်ခဲ့ပြီး။ အပြစ်မရှိပါ ဟု ထင်မြင်နေခြင်းသာ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အရေးပေါ်စီမံချက်ပုဒ်မ ၅ (ည) နှင့် မတရားအသင်းဆက်သွယ်မှုဆိုင်ရာပုဒ်မ ၁၇ (၁) တို့ဖြင့် စီရင်ချပေးပါရန် တင်ပြပါသည်” လို့ ပြောလိုက်တဲ့အခါမှာတော့ ဒုဗိုလ်မှူးကြီးက တင်ပြချက်ကို လက်ခံပါကြောင်းနှင့် စီရင်ချက်ချ မှတ်ပေးမည်ဟုဆိုကာ ခဏနားလိုက်ပါတယ်။

ဒီနောက်မှာတော့ သူတို့ကြိုတင်ပြင်ဆင်ထားတဲ့အတိုင်း ကျနော့်ကို ၅ (ည) ၁၇ (၁) နှင့် ထောင်ဒဏ် (၇) နှစ်ကျခံစေဟူ၍လည်းကောင်း၊ မရင်ရင်ကို ၅ (ည) ၁၇ (၁) ဖြင့် ထောင်ဒဏ် (၆) နှစ်ကျခံစေဟူ၍လည်းကောင်းချမှတ်ကာ စစ်ခုံရုံး ရုပ်သိမ်းလိုက်ပါတယ်။ အဲဒီ့နေ့က ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့ပါ။ ကျနော်တို့မှာ အဲဒီတုန်းက နည်းတယ်လို့တောင် ထင်နေသေးသည်။ ဘာလို့လဲဆိုတော့ ကျနော် တို့ဆက်စပ်အမှုတွဲ ကိုဘိုနီအောင်ကို တသက်တကျွန်း ချထားပြီးပြီ။ ကျနော့်ကို အနည်းဆုံး (၁၀) နှစ်လို့ ထင်ကြေးပေးထားကြတာ။

(စစ်ခုံရုံးအပြင်ဆင်ပြောပြတာက ဦးခင်ညွှန့်ရဲ့စီမံခန့်ခွဲပုံကို မှန်းဆနိုင်စေဖို့ ရေးတာဖြစ်တယ်။ ဆရာတော်တွေ သံဃာတွေကို ဒီလိုပဲ ထောင်ချခဲ့တာ မျက်လုံးထဲ မြင်ကြည့်ပါ။)

ထောင်ကျရုံးရောက်တော့ ကိုဇေယျာဝင်း၊ ကိုထွန်းထွန်း၊ ကိုဂျွန်ဂလင်း၊ ကိုသုတအောင် (ကွယ်လွန်) ကိုထွန်းနောင်နှင့် ကိုဝင်းဇော်တို့ကို လည်း ငုတ်တုပ်ကလေးတွေထိုင်လျက် တွေ့ရပါတယ်။ ထောင်ထဲမှာ မှောင်နေလို့တောင် ထောင်ကျရုံးကို မီးမောင်းတွေထိုးကာ ထောင်ကျ အကျဉ်းသားတွေ မှတ်ပုံတင်ပါတယ်။

ကျနော့်ကို ထောင်ကျရုံးထောင်မှူးကြီးက သူ့ရုံးခန်းထဲမှာ ခေါ်တွေ့တယ်။ လူရည်သန့်တဦးပါပဲ။ သူက ကျနော့်ကို ဒီလိုပြောတယ်ဗျ။ “မိုက် လိုက်တာကွာ မင်းကျောင်းမှာ စာမသင်ဖူးဘူးလား Physics မှာအလုပ်ဆိုတာ ဘာလဲ” တဲ့။ “အရွေ့” လို့ ကျနော်ပြန်ဖြေတော့ “အေး မင်း ဒီနေ့ပြန်ပြောခဲ့တဲ့ စစ်ခုံရုံးကလုပ်ရပ်တွေက အရွေ့မရှိဘူးကွ။ မင်းထောင်ကျလာရတယ်” “တကယ်ဆို မင်းက ထောင်ငါးနှစ်လောက်ပဲ ကျမယ်လို့ ငါတို့ထင်တယ်ကွ”

“ဘာပဲပြောပြော မင်းမှန်တယ်ထင်တာကို မင်းရပ်တည်ခဲ့တဲ့အတွက် ချီးကျူးပါတယ်” “မင်းယုံကြည်ချက်တွေ မင်းစိတ်ဓာတ်တွေကို မေ့ လိုက်။ မင်းနဲ့ ငါတို့နဲ့ ရန်သူမဟုတ်ဘူး။ ငါတို့က လက်ခံထိန်းသိမ်းပေးရတဲ့ဌာန” “မင်းအနေနဲ့ ငါတို့ကို ရန်သူလိုသဘောထားပြီး ဆက်ဆံမယ်ဆိုရင် မင်းမှားသွားမယ်။ ဆန့်ကျင်မယ်ဆိုရင် မင်းအိမ်ပြန်ချိန် နောက်ကျသွားမယ် ကောင်လေး။ မင်းကို ငါသနားလို့ ဆုံးမတာ။ ဒီထောင်မှာ အေးေးအဆေးဆေးနေပါ” “ထောင်အပြင် တန်းမရှိဘူးဆိုတဲ့ အရပ်စကားပုံက မှားတယ်ကွ။ ထောင်အပြင် တိုက်ရှိတယ် စစ်ခွေးတိုက်” လို့ အစချီကာဆုံးမစကားကို ရုပ်သန့်သန့် အမည်မသိထောင်မှူးကြီး ပြောလိုက်တာ မှတ်မိနေပါသေးတယ်။

ထောင်ကျသွားပြီပေါ့ဗျာ အမည်- ရဲမင်းထွန်း အဖအမည်-ဦးတင်ထွန်းဝေ ထောင်အမှတ် ၅၀၈၆ (မျဉ်းစောင်း) စီ။ (မှတ်ချက်။ ။ အရင်က ပိုစ့်တခုမှာ ထောင်ကျရက်ကို တနင်္ဂနွေလို့ မှားရေးလိုက်သည်။ ပြန်တိုက်ကြည့်တာ တနင်္လာနေ့သာဖြစ်ပါသည်။) ဒီလိုဆက်ဆံမှု အပြင် ဆင်တွေကို သာသနာပိုင်ဆရာတော်ကြီးတွေ သံဃာတွေဖြတ်သန်းရတာကို တွေးကြည့်ပါ မြင်ကြည့်ပါ။

● ၃ ဆောင်နှင့် ထောင်မှူးသိန်းမြင့်

အမှတ်(၅)ဆောင်မှာ မအေ နှမ အဖွါးပါ မကျန် တိုင်းထွာ ဆဲဆို ရိုတ်နှက်ပြီး ထောင်ပုံစံသင်ကြားပေးသည့် ပုံစံခန်းလူကြီးဗလကြီးနှင့် လူမိုက်များ၏ ထောင်ကျ ပုံစံခန်းကို တညတဖြတ်ကျော်ပြီးနောက်။ အကျီချွတ် ခါးတောင်းကြိုက်ပြီး ပုံစံရပ်ကာ ထောင်ကျမှတ်ပုံတင်ကို နွားသတ်ရုံလို ရင်ပတ်မှာ တံဆိပ်ထုပြီး တင်ရပါသည်။ (ဆရာတော် သံဃာတော်တွေလည်း ဒီလို ကျော်ဖြတ်ရပါသည်။ ဘာလိုလဲဆိုတော့ ထောင်ကျလာရင် အကျဉ်းသားသာ ဖြစ်သည်ဆိုတဲ့ ထောင်ဥပဒေအရ၊ သီးခြား ဦးစားပေးဆက်ဆံမှုမပြုပါ)

(အမှတ် ၃ ဆောင်ကို Google Map မှတွေ့ရပုံ)

ကျနော့်ကို အမှတ် (၃) ဆောင်ပို့လိုက်ပါတယ်။ တန်းစီးသရဲကြီးနှင့် ထောင်မှူးသိန်းမြင့် အုပ်ချုပ်နေတဲ့ (၃) ဆောင်ကို ကျနော် ရောက်သွား တာတော့ ထောင်မှူးသိန်းမြင့်က ဒီလိုသြ၀ါဒပေးတယ်။ “ထောင်ကျသွားပြီဖြစ်တဲ့မင်းကို ငါတို့အကျဉ်းဦးစီးက တိုက်ရိုက်အုပ်ချုပ်တယ်။ ထောင်မှာ မင်းသာ မင်းနဲ့ဆိုင်တယ် မင်းအကြောင်း မင်းပြောရမယ်။ မင်းကိစ္စကလွဲလို့ အခြားအကျဉ်းသားတဦးဦးရဲ့ကိစ္စဆိုတာ မရှိရဘူး။ အများဆိုတာ ထောင်မှာမရှိဘူး။ ရှိခဲ့ရင် ထောင်ဥပဒေနှင့် ဆန့်ကျင်တယ်။ ထောင်ဥပဒေနှင့်ဆန့်ကျင်ရင် အပြစ်ဒဏ်တိုက် (စစ်ခွေးတိုက်)ကိုရောက်မယ်။ ထောင်မှာ အရှင်တွေ သခင်တွေစသဖြင့် ဘွဲ့ထူးတွေမရှိဘူး။ (အဲဒီတုန်းက ဘာကြောင့်ပြောမှန်းမသိဘူး။ ထောင်မှူးရုံးခန်း ရှေ့ မြေပြင်မှာပုံစံဆွဲထိုင်ပြီး နားထောင်ရတာ ညောင်းလိုက်တာ။ နောက်မှသိတော့တယ် ဆရာတော်ကြီးတွေနှင့် အဘသခင်အုန်းမြင့်တို့ ရှိနေတာကိုး)

ပုံစံအော်ရင် ခေါင်းငုံထားရမယ့်အကျဉ်းသားပဲ ထောင်မှာရှိတယ်။ မင်းတို့အကျဉ်းသားတွေကို အကျဉ်းသားလိုပဲ ငါတို့အကျဉ်းဦးစီးက အုပ် ချုပ်တယ်။ အကျဉ်းသားမဖြစ်ချင်ရင် ထောင်ထဲရောက်မလာနဲ့။ ထောင်ထဲရောက်လာရင် ဘာကြီးပဲဖြစ်ဖြစ် အကျဉ်းသားပဲ… ဟုတ်ပြီလား” စသည်သဖြင့် မိန့်ခွန်းရှည်ကြီးကိုမိန့်ဆိုပြီး ကျနော်တို့ စောင်နဲ့ပါလာတဲ့ အ၀တ်အစားကို ရှာဖွေပြီး ပုံစံပုဆိုး ပုံစံအကျီသာ ၀တ်ဆင်ရမည် ဖြစ်ကြောင်းနှင့် အရပ်ဝတ်များကိုဝတ်ဆင်ပါက အပြစ်ဒဏ်ကျခံရမည်ဖြစ်ကြောင်းကိုပါ သတိပေးပါတယ်။

ထောင်မှူးရုံးက အခန်းသတ်မှတ်ပေးလိုက်တော့ ကျနော်က အမှတ် (၄) ခန်းကို ရောက်သွားပါတယ်။ ထောင်ထဲမှ ထုံးစံအတိုင်း နိုင်ငံရေး အမှုအချင်းချင်း ကြိုဆိုပြီး အားပေးစကားပြောကြတယ်။ အဲသည့်မှာ အဘဦးအုန်းမြင့် (သခင်အုန်းမြင့်-လွတ်လပ်ရေးတိုက်ပွဲဝင်)၊ အဘရဲနီ သက်ဝင်း (ခ) သံမဏိစိန်လှတို့နဲ့အတူ ကိုမိုးမြင့် (မဆလ ဦးချစ်လှိုင်သား)၊ ကိုမင်းမင်းခန့် (မွန်ကြီး)၊ ကိုဗညား၊ ကိုစည်သူဝင်း (သာကေတ)၊ ကိုဝင်းသူရကြွယ်(နဂါးလေး)၊ ကိုမြင့်ထွန်းအောင် (ပြည်)၊ ကိုခင်အောင် (ပြည်) မျောက်ညို (စမ်းချောင်း) တို့နဲ့ လူကြီးတွေဖြစ်သော ကိုသီ ဟ (ပြည်)၊ ကိုအေးကြည် (မြောက်ဥက္ကလာ)၊ ဦးအောင်ရွှေ (အရေးတော်ပုံပါတီ)၊ ကိုညီမွှေးတို့နှင့်တကွ နိုင်ငံရေးအကျဉ်းသားများစွာ တွေ့ ရပါတော့တယ်။ (ကျနော့်ဘ၀အတွက် အဖိုးတန်လှတဲ့ ဘဝအတွေ့အကြုံတွေ၊ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကြိုးပမ်းချိန်သမိုင်း၊ ဖဆပလ ခေတ်သမိုင်းတွေကို ထဲထဲဝင်ဝင် သိရှိခဲ့ရတဲ့၊ နိုင်ငံရေးကို ပိုမိုနားလည်လာအောင် ဘဝနဲ့ရင်းပြီး သင်ကြားခဲ့ရတဲ့ အင်းစိန်ထောင်ကျောင်းရဲ့ အမှတ် (၃) ဆောင်ပါ။)

အခုကျနော်ဖြတ်သန်းရသည်များကို ထောင်သွင်းအကျဉ်းချတဲ့ ဆရာတော်ဘုရားကြီးများ ဖြတ်သန်းရမှာ မလွဲပါ။ ဗုဒ္ဓဘာသာထွန်းကားသော မြန်မာနိုင်ငံမှာ ဖြစ်သင့် ဖြစ်ထိုက်သည်များလား။ ဒီလို သာသနာပိုင်အဆင့် ဆရာတော်များကိုလည်း သံဃာအတုတွေ အယောင်ဆောင် တွေပါလို့ ပြန်ချေပဦးမှာလား။

ဆက်လက်ဖော်ပြပါမည်။

ရဲမင်းထွန်း

source by : http://moemaka.com
ဆက်ဖတ်မယ်...

သြစီ မှ ဘွဲ့ယူပြန်လာသော ညီတိုးငြိမ်း

အိမ်ရှေ့ခန်းမှ အလှချိတ်ထားသော ဘွဲ့ယူဓါတ်ပုံတခုထက် အခုရက်ပိုင်း အတွင်း လူပေါင်း ၅၀၀ ကျော်တို့ တစုတစည်းတည်း ရခဲ့သော ဘွဲ့က ပိုတန်ဖိုး ရှိသည် ထင်မိသည်။

ကျနော်တို့ ဘွဲ့ကား ချိတ်ဆွဲစရာ လက်မှတ်ဟူ၍ ထောင်လွှတ် ၀ါးရမ်း၊ တတ်ခဲ့သော အသိဆိုလို့ အုတ်တံတိုင်းတွေ သံတိုင်တွေ ကြား ပျင်းရိညည်းငွေ့စွာ နေထိုင်ရသော အကျဉ်းသား ဘ၀။ အမျိုးမျိုးသော အမှုအခင်းများကြောင့် ထောင်နန်းစံ လာရတဲ့ နိုင်ငံသားတို့ ဘ၀စုံ၊ အဖြစ်စုံ၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး သရုပ်သကန် ဒါတွေကို ကျနော်တို့ စူးစမ်းလေ့လာ လျှင် လေ့လာသလောက် သိလာသည်။

ကျနော်တို့ ရလာခဲ့သော အော်စီ ဘွဲ့သည် နိုင်ငံတခု စနစ် တခု ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အတွက် အရေးပါသော အခြေခံ အကြောင်းနှင့် အဆောတလျှင် ပြုပြင်ရမည့် ပျက်ခြင်းယွင်းခြင်း ယိုင်နဲ့ခြင်း ဖြစ်စဉ်များသာ ဖြစ်ပါတော့သည်။

နိုင်ငံ တနိုင်ငံကို ပြုပြင်ပြောင်းလဲလိုလျှင်၊ တိုးတက်စေလိုလျှင် ဒီနိုင်ငံက နိုင်ငံသားတို့ ဘ၀၊ စိတ်အခံ၊ အရည်အချင်းတို့ကို အရင်းခံအတိုင်း သိမှဖြစ်မည်။ ပျက်နေသော အရာကို မသိပဲ ကောင်းအောင် ပြင်ဖို့လှအောင်သာ လုပ်ဖို့ဆိုလျှင် ပြိုလုဆဲ တိုက်အိုကို ဆေးသုတ် သလို ဖြစ်ပါလိမ့်မည်။

ထောင်ထဲမှ နိုင်ငံ့ အကျဉ်းသားတို့သည် နိုင်ငံတော်၏ ပြယုဂ်၊ စနစ် တခု၏ အတွင်းအနှစ်သာရ ရုပ်ပြ၊ တရားစီရင်ရေး မဏ္ဍ်ုင် ၏ အမွေ၊ ဖြစ်ပေရာ .......................................................


ကျနော်တို့ တက်ခဲ့သော ကျောင်းတော်ကြီးတွင် နိုင်ငံသား အစုံ၊ လူမျိုး အဖုံဖုံတို့ အကြောင်းကို အကြွင်းအကျန် မရှိ သိခဲ့ရပါသည်။

ဇန်န၀ါရီ ၁၃ ရက် သတင်းပါ ပုဒ်မ ၄၀၁ လွတ်ငြိမ်းချမ်းသာခွင့် အရ ကျနော် အပါအ၀င် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ထောင်သွင်း အကျဉ်းချခံရတဲ့ ညီအကို မောင်နှမများစွာ ထောင်မှ လွတ်လာခဲ့ပါတယ်။
ညီတိုးငြိမ်း အမည်နဲ့ စာတိုပေစ လေးတွေ အတွေးစိတ်ကူး ကို အွန်လိုင်းအသုံးပြုပြီး ဖြန့်ဝေမှုနဲ့ ကျနော် နေမျိုးဇင် အင်းစိန် တောရ ထောင်ထဲမှာ ဆယ်လ နေခဲ့ရပါတယ်။ တရားသူကြီးက တော့ တရားခံ နေမျိုးဇင် ၏ ဂီမိန်း ( ရခိုင်တိုင်းရင်းသား ဖြစ်လို့(Gmail) ကို ဂီမိန်းလို့ အသံထွက်တာပါ။ သူ့ကို ကျနော် လေ့လာမိသလောက် အင်တာနက် ဆိုတာကို သူယဉ်ပါးဟန် မရှိပါ) အတွင်းမှ တွေ့ရှိရသည် ဆိုသော စာတစောင် ( ထိုစာများမှာ စစ်သားလေးရေ ခေါင်းစဉ်ပါ အခု ဘလော့ စာမျက်နှာ မှ အောက် အပုဒ်ကို print လုပ်ထားသော စာရွက်များကို ရည်ညွန်းပြောတာပါ) ပါ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေနိုင်သည့် အကြောင်းအရာများအရ ပြစ်မှုထင်ရှားသည်ဖြစ်၍ တရားခံ နေမျိုးဇင်အား ဆိုးရွားနေသော ကျမ်းမာရေးကို ထောက်ထားစာနာသော အားဖြင့် ထောင်ဒါဏ် ဆယ်နှစ်သာ ပြစ်ဒါဏ် ချမှတ်လိုက်သည်။

စကားသံ ၀ဲတဲတဲ အပြီး ခနနေတော့ လူစုစုပေါင်း (၇) ယောက်သာ (တရားသူကြီး ၁၊ ရှေ့နေ ၄၊ စာရေး လက်နှိက်စက် ၁၊ တရားခံ ကျနော် ၁) ၀င်ခွင့်ရသော ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၆ ရက် ၊ ကာလ နိုင်ငံရေး စပ်ကူးမတ်ကူး အချိန် ပြည်ထောင်စု မြန်မာနိုင်ငံတော် တရားစီရင်ရေး စနစ်၏ အထူးတရားရုံး ဆိုသော တိုက်ခန်းကျဉ်းငယ်လေး အတွင်းသို့ ကျနော့် မိခင်နှင့် ညီမငယ် တဦး တို့ ငိုယိုပြီး ၀င်လာကြသည်။ ဘယ်သူမှ သိခွင့် မရသေးသော စွပ်စွဲပြစ်တင်ချက်များ၊ ဘယ်သူမှ ၀င်ခွင့် မရခဲ့သော လေးလကြာ လျောက်လဲရင်ဆိုင် စစ်မေးချက်များကို ဘယ်သော တခြားသူ (မိဘဆွေမျိုးများပါ ၀င်ခွင့်မရှိ) မှ ၀င်ခွင့်မရခဲ့ပဲ တရားဆိုင်ကြပြီးနောက် ဘယ်သူမှ မထင်မှတ် ထားသော ပြစ်ဒါဏ် ဆယ်နှစ် ဆိုတာကြီးကို ကျနော် ခံယူရရှိလိုက်သည်။

ထိုအချိန်သည် လက်ရှိနိုင်ငံတော် သမ္မတဦးသိန်းစိန်မှ နိုင်ငံတော် အခြေပြု မိန့်ခွန်းပြော ကြားပြီးနောက် လေးလကျော် အကြာ အချိန်ဖြစ်ပြီး၊ အင်းစိန်ထောင်တွင်းသို့ ကမ္ဘာ့ကုလသမဂ္ဂမှ မစ္စတာ သောမတ်စ်ကွင်တားနား လာရောက်လေ့လာပြီး နောက် ၂ ရက်ဖြစ်သည်။

ကျနော်တို့ နိုင်ငံသည် ဒီမိုကရေစီ စနစ်ကို တည်ဆောက်ရန် စတင်ကြိုးပမ်းနေချိန်ဖြစ်ပါသည်။
ငိုနေသော မိခင်ကို ကျနော်မချော့နိုင်ပါ။ စကားနှစ်ခွန်းသုံးခွန်း ပြောပြီးနောက် SB အရာရှိတို့က ကျနော်ထိုင်နေသော လူနာတင်လက်တွန်းလှည်းလေးကို လာတွန်းပြီး ဓါတ်ပုံရိုက် ကာ ထောင်တွင်းသို့ ပြန်လည် ပို့ဆောင်ကြသည်မို့ အမေဖြစ်သူကို နှုတ်ဆက်စကား တခွန်းသာ ပါးလိုက်နိုင်ပါသည်။ အမေရော ညီမငယ်ပါ မှတ်မိမည် ထင်ပါသည်။

အဆိုကျော် ဦးခင်မောင်တိုး၏ တေးတပုဒ်မှ အပိုင်း အစတခုဖြစ်သည့် “ အများ အကျိုးအတွက် တာဝန် ထမ်း ရွက်တဲ့ အခါ တကယ် ကိုယ်ကျိုးစွန့်နိုင်မှ ” တဲ့ အမေ ။ အမေ့သား နိုင်ငံအတွက် လူမျိုး အတွက် ဘယ်လို အကျိုးပြု အလုပ်တွေ လုပ်ခဲ့သလဲ ဆိုတာ အမေတို့ အားလုံး သိပါတယ်။

အမေ ငိုပါတယ်။ သူ့သားကို ဆယ်နှစ်လုံးလုံး ဒီ တံတိုင်းဖြူနောက်မှာ ထားရတော့မယ်။ စားခြင်း။ နေခြင်း၊ သူက လူ့လောက ကောင်းကျိုးအတွက် ထမ်းရွက်မယ့် သားကောင်းရတနာ လေးဖြစ်ပါစေ ဆိုပြီး မွေးခဲ့တာ။ အခုတော့ စနစ်တခုရဲ့ အနည်အမွေ့ အကူးအသန်းကြား အများအတွက် ရည်စူးလုပ်ဆောင်ချက်ကိုပဲ အပြစ်ရယ်လို့ စွပ်စွဲပြီး သံတိုင်နောက် ၁၀ နှစ်လောက် ပို့ကြတော့မယ် အမေ။ ကျနော် ရင်ထဲကနေ စကားလေးတွေ ပြောမိပါတယ်။ အမေ မငိုနဲ့. ကျနော် စိတ်ထဲ တိတ်တိတ် ပြောမိသည်။ ရှိုက်ရင်း ထွက်ခွါသွားသော အမေ့ကျောပြင်ကို ကြည့်ရင်း ရဲကားပေါ် တွဲတင်တက်ကာ ကျနော် တပ်ထဲ နေစဉ်တုန်းက ဖတ်ခဲ့ဖူးတဲ့ ကဗျာ အပိုင်းအစလေး တခု မှတ်မိသလောက် ပြန်တွေးနေမိသည်။

အာဏာရှင် ယာဇ် ပလ္လင်အောက်၊ ခေတ် ဆန်းချိန် ရောက်၊ တူးဆွ ကြည့်တော့၊ နိုးထသူတို့ ခေါင်းခွံများ


တဲ့ ........... ဒီတံတိုင်းမြင့်မြင့်ကြီးတွေ နောက်မှာ နိုးထသူတွေ အများကြီး နေနေကြပါတယ်။ အမေ စိတ်မပူနဲ့ ၊ ဘ၀တူ နိုင်ငံသားတွေ အချင်းချင်း ညီညီညွတ်ညွတ်နဲ့ ဖေးကူစောင့်ရှောက်ကြမှာပါ အမေ။ ခေတ်ဆန်းချိန် မရောက် တရောက်၊ အာဏာရှင်တို့ ယာဇ်ပလ္လင်အောက်မှာ လူမသိ သူမသိ လူသိ နစ်မြုပ်ခြင်းခံခဲ့ရတဲ့ ဦးခေါင်းခွံတွေ၊ အသက်၊ ဘ၀၊ သွေး၊ ချွေး စတေးပေးဆပ်ခဲ့တဲ့ ခေတ် အဆက်ဆက်က ဒီမိုကရေစီ သူရဲကောင်းတွေ၊ တရားမျှတမှု တည်ဆောက်နိုင်ဖို့ဘ၀နဲ့ ရင်းခဲ့တဲ့ လူမှန်လူကောင်းတွေ၊ အများအတွက် ပေးဆပ်ခဲ့တဲ့ လူ့အဖိုးတန်တွေ၊ စစ်အာဏာရှင် စနစ်ကို အံတုဖက်ပြိုင် ရင်ဆိုင် တွန်းလှန်ခဲ့တဲ့ ဘာမထီဇာနည် ပြည်ချစ်သားတို့ရဲ့ မွန်မြတ်သော ၀ိဥာဉ်တွေက ကျနော်တို့ကို ဖေးကူ သွေးဆက် အားတက် စေပါလိမ့်မယ် အမေ။

၂၀၁၁ ခုနှစ် အင်မတန် ပျော်ရွှင်ကြည်နူးဖွယ် သင်္ကြန်မတိုင်ခင် ဧပြီလ ၂ ရက်နေ့လည်မှာ ဆေးရုံကို သွေးလှူဖို့ အိမ်ကနေ ထွက်ဖို့ ပြင်နေတဲ့ ကျနော့်ကို SB သတင်းတပ်ဖွဲ့ အရာရှိတွေက ခန လိုက်ခဲ့ပါ ဆိုပြီး ခေါ်လာခဲ့တာ ခုဆို ဆယ်နှစ်ကြီးများတောင် သံတိုင်တွေ နောက် နေရအုန်းမှာပေါ့။ ဒီလို ဖမ်းမယ် ဆိုလည်း အစောကတည်းက ဖမ်းဆီးဝရမ်းနဲ့ တာဝန် အရဖမ်းပါတယ် လို့ ဘာလို့ မပြောရဲ တာပါလိမ့် ရဲကြီး ရယ်လို့ ဆိုမိရင်း ......... ဖြစ်ကြောင်းရယ် ကုန်စင် ဇာတ်စုံသဘင်ကို ဆင်ခြင်တွေးတော သက်ပြင်းမော နဲ့ စောကြော မိပါတော့တယ်။

ကျနော်တို့ လူသားဆန်တဲ့ လူ့ အခွင့် အရေးတွေ၊ နိုင်ငံသား တယောက် အခွင့် အရေးတွေ ရခဲ့ပါရဲ့လား ............
အခု ကျနော် ထောင်ကနေ ပြန်လွတ်လာပါတယ်။ လူကောင်း ပကတိလိုတော့ မဟုတ်ခဲ့ပါ။ ချိုင်းထောက်နဲ့ လူအတွယ်နဲ့ ဆိုတော့ မိတ်ဆွေအားလုံးက ၀ိုင်းမေးကြပါတယ်။ စစ်ကြောရေးမှာ နှိပ်စက်ခံရလို့လားတဲ့။

.................................... ဘာလို့ဆို ကျနော်တို့ အမြင် အကြား သတင်းများမှာ ရဲ စစ်ထောက်လှမ်းရေးတို့ စစ်ကြောမေးမြန်းခံရဖူးသူတို့ရဲ့ ရင်ဖွင့်အံကြိတ်သံတွေ ကို ရင်တလှပ်လှပ် ၊ တောက် တခေါက်ခေါက်၊ သက်ပြင်း တချချ၊ နောက်ကျော် မလုံ တလုံ၊ အိမ်မက်ဆိုးတွေထဲထိ အဲဒီအကြောင်းတွေ ၀င်ဝင်နှောက်ယှက်၊ အင်မတန် ကြောက်လန့်ထိတ်ပြာ ခြောက်ခြား စဖွယ် အတွေ့အကြုံတွေအဖြစ် ၊ တခါတလေ ဖက်ဆစ်တို့ အမွေဆိုး ရက်စက်နည်း အမျိုးမျိုးနဲ့ လူဆိုးလူကောင်း သောင်းပြောင်းအထွေ “ဆ” မနေဘဲ သူတို့သိလိုသမျှ မရမချင်း အ၀ဗျင်း တာ ....... စတဲ့ ရာစုနှစ် တ၀က် နီးပါးဖြတ်သန်းခဲ့တဲ့ လူကြီး သူကြီးတွေ ပါးစပ်ဖျား ကူးခြည်သန်းသွား စမြဲကိုးဗျာ။

ကျနော့် အကြောင်း သောင်းပြောင်းအမှန် မချွင်းမချန် ပြောပါမည်။ တင်ပြပါမည် လို့ ကျနော် ၀န်ခံပါသည်။
ဒါပေသိ ကျနော် တံတိုင်းဖြူနန်းတော်တွင်း ဖြစ်ချင်းတွေမှာ သနားစရာ အတိ မှားတာလည်း မသိ၊ မှန်တာလည်း မရှိခဲ့တဲ့ ပီဘိတကယ့် ပြည်သူပြည်သား၊ တိုင်းရင်းနိုင်ငံသားတို့ ရဲ့ ထောင်တွင်းမ၀င်မှီ ရဲပလီအချို့ ရဲ့ မနှစ်မြို့ဖွယ် တွယ်ညှဉ်းရက်စက် ပက်စက်ပုံတွေ၊ တချို့်သော ရဲကောင်း လူကောင်းတချို့ ဥပဒေညီ တည်တည်ကြည် ပြီး သမာသမတ် မျှ တတ်ပုံတွေ ကွက်ကွက်ကွင်းကွင်း ရဲတင်း ရင်ဖွင့်ကြတော့ သူတို့ဘ၀ ကြုံခဲ့သမျှဟာ ကျနော့် အတွေ့ကြုံ ဖြတ်ခဲ့ပုံက တုနှိုင်းစရာမဟုတ် သိမ်နုတ်နေလေတော့ သူတို့ ဘ၀၊ နိုင်ငံသား တို့ ဘ၀၊ အချုပ်ကျဉ်းစံ လူ့ကံအကျ ထောင်သားတို့ဘ၀ အထွေထွေကိုပဲ ကျနော်ယူခဲ့ အော်စီ ခေါ် အင်းစိန် ထောင်ရဲ့ ဘွဲ့ ယူစာတမ်း အဖြစ် စုစည်းတင်ပြ သုံးသပ်ချက် လှလှနဲ့ တင်ပြဖို့ စိတ်ကူး လိုက်ပါသည်။

နောက်တကြိမ် ပုဒ်မ ၃၃(က) အီလက်ထရောနစ် အက်ဥပဒေ ဆိုတာကြီးနဲ့ ဆယ်နှစ် ထပ်မံ ထောင်ကျအုံးမည်လား လွတ်လပ်စွာ ရေးခွင့်ပြုမပြု မသေချာသေးသော စပ်ကူးမတ်ကူး ကာလမှာ

ကျနော် ကတော့ ...........................

ကိုလွှမ်းမိုး သီချင်းထဲကလိုပဲ “ မှန်ရာကို သစ္စာဆိုပါမည် ” လို့ ကြွေးကြော်ရင်း ကျနော်မျှော်လင့် ရည်မှန်း ရောက်ချင်းစမ်းလှသော ညီညွတ်သော တိုင်းပြည်၊ တိုးတက်သော တိုင်းပြည်၊ ငြိမ်းချမ်းသော တိုင်းပြည် ဖြစ်စေချင်လွန်းလို့ ပြည်သူ့ ဘ၀ မြင်သမျှကို ဘွဲ့ယူစာတမ်းအဖြစ် တင်သွင်းပါတော့မယ်။


ညီတိုးငြိမ်း


source by : http://nyitoenyeinchan.blogspot.com
ဆက်ဖတ်မယ်...

စာရေးသူ နေမျိုးဇင် ခေါ် ကလောင် ညီတိုးငြိမ်း ထောင်ဆယ်နှစ် ဆုရခဲ့သော ဆောင်းပါး

ခါနွေဆန်းစ ဒီမတ်လ ရော်ဝါတွေ မကြွေနိုင်၊ ရွက်သစ်တွေလည်း မဝေနိုင်၊ ရာသီတွေ ဖေါက်ပြန် အချိန်ခါမဟုတ် မိုးတွေရွာ၊ မတ်လကြီး အစောမနက် မှာ မြူတွေ ဆိုင်းလို့၊ ဟော ကမ္ဘာပျက်တော့မယ်လို့ တချို့က ပြောကြတယ်။ ဘာလို့ဆို ဂျပန်ပြည် ငလျှင်က ကနဦးနမိတ်တဲ့။ မြန်မာပြည် ရှမ်းတောင်လည်း လာပြီ၊ အိမ်တွေပြိုလို့ လူတွေငိုလို့။ တည်မြဲခိုင်မာပါတယ် ဆိုတဲ့ မြေကမ္ဘာရေ မကြေငြာပဲ မပျက်စီးပါနဲ့အုံး။

တို့တတွေ ငြိမ်းချမ်းတဲ့ ဘ၀လေးတွေ မြင်ခွင့် မရသေးဘူး ၊ တို့မြန်မာတွေ လွတ်လပ်တဲ့ လူ့ဘ၀ မရသေးဘူး။ ခိုင်မြဲလှတယ် ဆိုတဲ့ အာဏာရှင် စနစ်ဆိုး တို့နိုင်ငံမှာ မချုပ်ငြိမ်းသေးဘူး၊ မြေကမ္ဘာတောင် နေစရာ မရှိတော့အောင် ခြောက်လှန့် ပျက်စီးလာတာ ဘယ်ဟာမှ မတည်မြဲဘူးဆိုတာ အာဏာရှင်တို့ သတိမမူမိကြရော့သလား။

လွန်ခဲ့တဲ့ ၆၆ နှစ်တာကာလတွေတုန်းက တို့မြေ ဒီမြေမှာ နိပွန်ဘိရုမာ ဘန်ဇိုင်း အသံတွေနဲ့အတူ တို့မြန်မာတွေ ထဲက လောက်ကောင်တွေ ချမ်းသာ ကြီးပွားကြတယ် အလိုတော်ရိတွေ လက်ဖျားငွေသီးနေချိန် " ငဘ " လို လူစဉ်မမှီအောင် ဘ၀ပျက်ခဲ့ရသူ မြန်မာတွေ တို့မြန်မာတွေ လူဖြစ်ရှုံးခဲ့ရတယ်။ မိန်းမတွေ အဓမ္မကျင့်ခံရတယ်။ လူကြီးကလေး မကျန် လက်သည်းခွါခံသူခံရ။ အပြစ်မဲ့ အရမ်းကာရော အဖမ်းခံ အသတ်ခံ အနှိပ်စက်ခံသူခံရ။ ရေနွေးပူနဲ့လောင်းသတ်တာလည်း ခံရ။ ဘုန်းကြီးရဟန်းမကျန် နှိပ်စက်ဖမ်းဆီး၊ လွတ်လပ်ခြင်းပျောက် ကျွန်သပေါက် ဘ၀နဲ့ ညွံမှောင်နစ်အောက် ဘ၀တွေ ပျောက်ခဲ့ရပါပကော.....။

"အနီးကပ်ဆုံး ရန်သူကို ချေမှုန်းကြ" "ဗမာပီပီ ဗမာ့သွေးကို ပြကြ" ဗိုလ်တေဇ ဦးဆောင်ပြီး ပြည်သူ့ကြားက ပြည်သူ့အား၊ လူထုကြားက လူထုအား၊ ညီညွတ်တဲ့ အားနဲ့ ဖက်ဆစ်တွေကို ချေမှုန်းခဲ့တယ်။

ဗိုလ်တေဇ ခေါ် ဗိုလ်ချုပ်အောင်ဆန်းက မြန်မာ့တပ်မတော်ကို ဦးဆောင်ဖွဲ့စည်းပြီး ကမ္ဘာတွင်တဲ့ ဖက်ဆစ်တော်လှန်ရေးကြီးတွေကို ဆင်နွဲခဲ့တာဟာ တို့မြန်မာတွေ ကျွန်ဘ၀ က လွတ်ဖို့။ တို့မြန်မာတွေ သူတပါး အဖိနှိပ်ခံဘ၀ ကလွတ်ဖို့။ လွတ်လပ်ဖို့၊ တို့မြန်မာတွေ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီနိုင်စွမ်းရှိဖို့ သူတို့ သူတို့ အာဇာနည်တွေ အသက်တွေ စတေးပေးဆပ်ပြီး နှောင်းလူ ငါတို့အတွက် သူတို့ စွန့်လွှတ်ခဲ့ကြတယ်။

တချို့သော စစ်သားကြီးတွေက သေအံ့မူးမူးမှာ ပြောခဲ့တယ် " လွတ်လပ်မှ အမျှဝေပါ " တဲ့။

ဟော အဲဒီ စစ်သားကြီးတွေလိုပဲ ၀တ်စားပြီး အဲဒီစစ်သားကြီးတွေ ကိုင်ခဲ့တဲ့ လွတ်လပ်ရေး တိုက်ပွဲဝင် သေနက်တွေကို ဆက်ကိုင်ထားတဲ့ ကနေ့ခေတ် ၊ ကွယ်လွန်သွားတဲ့ အာဇာနည် စစ်သားကြီးတို့ရေ ထကြည့်ပါလှည့်အုံး၊ မြင်လှည့်။ ရှုလှည့်ပါဦး၊

တမျိုးသားတည်းချင်း တနိုင်ငံသားထဲချင်း မုဒိန်းတွေကျင့်၊ လူမျိုးတုန်း မတတ် သတ်၊ အစိတ်သားတောင် မချန်နဲ့ မြေမြူပ်အပြီး လိုချင်တယ်တဲ့။ သယံဇာတတွေဆိုတာ လူ လက်တဆုပ်စာ အတွက် ဘိုးဘွားအမွေဖြစ်ကုန်ပြီ။ နိုင်ငံ့ရာသီဥတုကြီးလည်း အကျင့်ပျက်လာဒ်စားမှုတွေနဲ့ အတူ ဖေါက်ပြန်ကုန်ပြီ၊ သစ်တောတွေလည်း ကုန်၊ ရေနံဓါတ်ငွေ့တွေလည်း တိုင်းတပါးအတွက်၊ တိုင်းပြည်ရဲ့ ပင်မ လုပ်ငန်းကြီးတွေ စီးပွားရေး ကြီးတွေက ဒီလူ ဒီလူ လက်တဆုပ်စာ လက်ထဲမှာ။ လူထုနဲ့ တိုင်းရင်းသား ထုကတော့ ကိုယ်ပေါ်မှာ အနူဝဲစွဲ ယုံမက အစာအိမ်တောင် အနာတွေ အမာရွတ်တွေနဲ့လူလိုတွေးခွင့်မရ၊ လူလိုနေခွင့်မရ၊ လူလို မစားရ၊ လူလို ဘာလွတ်လပ်ခွင့်မှ မရတဲ့ တိရိစ္ဆာန် သာသာ နေရရှာတဲ့ လူဆိုတဲ့ သတ္တ၀ါ တမျိုး မြေကမ္ဘာမှာ ပေါ်ထွက်လာအောင် မြန်မာမြေက အာဏာရှင်တွေက ပုံသွင်းလိုက်တယ်။ ဘာသိပ္ပံပညာမှ မသုံးဘဲ ရက်စက်ကြမ်းကြုပ်ခြင်း အာဏာအလျင်နဲ့ပဲ ဖန်တီးခဲ့တယ်။ သိပ်တော့ မကြာပါဘူး၊ နှစ်ပေါင်း ငါးဆယ်လောက်ပဲ အကြောက်တရား ပြင်းပြင်း ရိုက်သွင်းခြင်း နဲ့ စိတ်ဖိစီးခြင်း လူမဆန်စွာ ရက်စက်ခြင်း ဥပဒေမဲ့ခြင်းနဲ့ သွတ်သွင်းလိုက်တာ။ အင်္ကျီဝတ်သော တိရိစ္ဆာန်သာသာ လူတွေ အခုဆို သန်းခြောက်ဆယ် နီးပါးလောက် ရှိလောက်ရောပေါ့။ အဲဒီ သန်းခြောက်ဆယ် လောက်က လေ အမွဲဆုံးတိုင်းပြည်ထဲမှာ စိတ်ဓါတ်ကိုယ်ကျင့် သိက္ခာ အရလည်း အနိမ့်ကျဆုံးလို့ တခြား နိုင်ငံသားတွေ က သတ်မှတ်ကြတယ်တဲ့။

ဘာကြောင့်ဆို ကိုယ်တွေ ညံ့လို့ ကိုယ်တွေ ခံရတာကို ရှေးဘ၀ ကုသိုလ်လို့ ယိုးစွတ်ရှောင်လွဲပြီး နှောင်းလာမယ့်သူတွေကို မျက်နှာလွဲ ခဲပစ် နေကြသူများလို့တဲ့။
အဲဒီအထဲက နည်းနည်းတွေးတတ်တဲ့ တိရိစ္ဆာန်သာသာ လူဆိုတာထဲ ငါလည်း တယောက် အပါပေါ့။

ဟုတ်တယ်လေ ။ ငါ့မှာလည်း ဘာမှ လူလို လွတ်လပ်ခွင့်မှ မရသေးတာ။
အကျဉ်းထောင်တွေထဲမှာလည်း သူတော်စင် သူတော်ကောင်းတွေက လူ့ငမိုက်သား ငရဲသားတို့ရဲ့ အဖမ်းဆီး အနှိပ်အစက် ကိုခံနေရတယ်။ ဖက်ဆစ်တို့ကို တော်လှန်ရင်း အသက်ဇီဝိန် ကြွေလွင့်ခါနီး စစ်သားကြီးတို့ရေ ကနေ့ ဒီအခြေအနေတွေ အမှန်တရားတွေ ကြည့်ပြီး လွတ်လပ်မှ အမျှဝေပါ လို့ပဲ ပြောမလား၊

ရင်ထုမနာ ကြေကွဲစွာနဲ့ ငါ့အမွေကိုယူခဲ့တဲ့ သားဆိုးတွေ သားမိုက်တွေ ဆိုပြီး သေရွာက တဖန် ပြန်လာပြီး လွတ်လပ်ရေး တိုက်ပွဲကြီးတွေ ဆက်ဆင်နွဲရအုံးမယ် ငါပြန်လာခဲ့မယ်လို့ ရင့်ကြူးကြွေးကြော် သွားလေမလား။

........

အခု ပြည်တွင်းမှာ မဟာလူသား အမျိုးသားခေါင်းဆောင် အမျိုးသမီးတစ်ဦး ။ ကမ္ဘာမှာ အလုပ်အများဆုံး လူတွေ တောင် သူမ ရဲ့ များပြားလှတဲ့ နေ့စဉ် လုပ်ဆောင်ဖွယ်တာတွေကို မှီမယ် မထင်။ သူ့နောက်မှာ သူမ နားမှာ သူမ အနီးမှာ သူတို့နိုင်ငံကိုကောင်းစေချင်တဲ့ လူတွေ မျိုးချစ်တွေ အပြည့်၊ သူတို့ ထဲမှာလည်း ဆွမ်းဆန်ထဲက ဟာ တချို့က ယောင်တီးယိမ်းခို နေသေးတာပေါ့။

ငါတို့ သူတို့လည်း ဧရာဝတီ နံဘေးတွေမှာ မွေးခဲ့တာပါ။ ငါတို့ကို စစ်သေနက်တွေ မိုးပြီး မော်ခွင့်မပြု၊ ပြူခွင့် မသာ၊ အာဏာစက်အောက် ပြားပြားမှောက်အောင် လုပ်နေသူတွေကလည်း ဧရာဝတီ နံဘေး မွေးခဲ့သူတွေပါပဲ။ သူတို့ ခါးထောက်၊ သူတို့ မာန်မောက်နေပေမယ့် တကယ့်  တကယ်တွေးကြည့်တော့ သူတို့ထဲမှာ ငါတို့ သားချင်းတွေ ငါတို့ ညီအကိုတွေ ငါတို့ ဆွေမျိုးတွေ အားလုံးသော ငါတို့ဟာ တမြေတည်းသားတွေပါ။
ဘာလို့များ တမြေထဲသားချင်း နှိပ်စက်ကလူ ပြုချင်ကြပါလိမ့်။ ဘာလို့များ ဒီမြေပေါ် အတူတူ မွေးဖွားကြီးပြင်းလာခဲ့ကြပြီး၊ ထားစရာ မရှိအောင် ချမ်းသာလွန်းသူ အနည်းစုနဲ့ စားစရာ မရှိတော့အောင် မွဲတေလွန်းသူ လူထု အများစုကြီးအဖြစ် သိမ်ငယ်စရာ နိုင်ငံရွာ အဖြစ် ကွာခြား သွားရပါလိမ့်။

မိုးယံချိမ့်မတတ် လူထုအုံကြွမှုကြီးတွေ ၊ ဘုရားသားတော်တို့ ရဲ့ ဘ၀ဂ်ညံမျှ မေတ္တာပို့ မြည်ကြွေးငိုသံတွေဟာ ယမ်းခိုးတွေ သေနက်သံတွေ ၊ သွေးညှီနံ့တွေ၊ အကျဉ်းစခန်းက ခြေချင်းသံတွေ နဲ့ အတူ မြုပ်ကွယ် စခန်းသိမ်းသွားတော့တယ်။

ဒါပေမယ့် အဲဒီ ကျည်ဆံထိပ်ဖူး ပိုင်ရှင်ကြီးတွေ ထဲမှာလည်း အိပ်မက်ဆိုးတွေ ၊ နမိတ်ဆိုးတွေနဲ့ အရိပ်ထိုးနေတာဟာ သူတို့အတွင်းထဲမှာ ဇာတ်တူသားစားတဲ့ ဘီလူးတွေ ပေါလာလို့ပေါ့တဲ့ ၊ တချို့က ဆိုတယ်။ တချို့က သုံးသပ်တယ်။ ဘီလူး မဟုတ်ဘူးတဲ့ ၊ အရင်းမြစ်က စနစ်။ လူတွေကို ဖိနှိပ်ကျွန်ပြုတဲ့ အာဏာရှင် စနစ်တဲ့။ ဒါကို ဘယ်လိုလုပ်မှ ဒီအာဏာရှင် ဘီလူးတွေ ကို ချေဖျက် သုတ်သင်နိုင်မလဲတဲ့။

စစ်သားလေးက သူ့ဆရာ တယောက်နဲ့ တိုင်ပင်ဖူးတယ်။ အာဏာရှင် ဘီလူးက သေနက်အားကိုးနဲ့ပဲ တန်ခိုး ထွားတာဆိုတော့ သူ့ကို သေနက်နဲ့ပဲ ပြန်နှိမ်လို့ ရမယ်တဲ့။ သေနက်ကိုင်ထားတဲ့ စစ်သားလေးတို့ရေ။ အထွေထွေ နာကျည်း စက်ဆုပ်စရာတွေ ငါတို့ မပြောတော့ပါဘူး။ မင်းတို့နဲ့ ငါတို့ဟာ တမြေထဲ သားတွေပါ။ ငါဟာ မင်းရဲ့ အကို ဆိုရင် မင်းမွေးလာတဲ့ သားလေးတွေက ငါ့တူပေါ့။ ငါတူလေးတွေ အနာဂတ် သာယာလှပဖို့ ငါတို့ လို လူတွေ မင်း အမျိုးတွေ အားလုံး ၀ိုင်းတည်ဆောက်ခဲ့ကြရမယ်လေ။

စစ်သားလေးရေ ကမ္ဘာမြေကြီးတောင် မတည်မြဲဘူးနော်။ မင်းတို့ ခံစားနေရတဲ့ အာဏာစည်းစိမ်ဆိုတာလည်း သမုဒ္ဓရာထက် ခနတက်တဲ့ ရေတပွက်ပမာ ဆိုတာလေး သတိပေးစကားပါးလိုက်မယ်။

စစ်သားလေးရေ ။ မင်းတို့ကို ငါတို့ ချစ်တယ်။ ငါတို့ကို မင်းတို့ ချစ်ခင်တွယ်တာ ကာကွယ်ဖို့ပဲ လိုတော့တယ်။ မင်းတို့ ဆိုနေကျ သစ္စာတွေ ပြောနေကျ စကားတွေ ငါတို့ ချိုမြိန်စွာ နားဆင်ချင်တယ် ၊ ပီသထက်မြက်တဲ့ မင်းတို့ စစ်ချီသီချင်းတွေဟာ ငါတို့ အသက်ကို ကာကွယ်တဲ့နေရာမှာ စိတ်ဓါတ်ထက်သန်ရာ အားဆေးဖြစ်စေချင်တယ်။

မင်းတို့ကို ငါတို့ မမုန်းဘူး ။ ငါတို့ မုန်းတာက ငါတို့ကို ဥပဒေ မရှိဘဲ နေခိုင်းတာ။ အခု လုပ်ပြနေတဲ့ ဥပဒေ ဆိုတာကလည်း စစ်သားလေးရေး မင်းတို့ရော ငါတို့ပါ စစ်ကျွန်ဘ၀ထဲ အရေခွံလဲပြီး ဆက်နေခိုင်းအုန်းမယ့် ဂါထာတွေ ရွတ်ပြီး မန်းမှုတ် အသက်သွင်း ဖန်ဆင်းဖို့ လုပ်နေတာပါ။


စစ်သားလေးရေ။ ရန်ကုန်က ထောင်ပျော် အဘ တယောက် စစ်အာဏာရှင် စနစ်ကို ရဲရဲတောက် တော်လှန်နေတဲ့ ဘဘကြီး တစ်ယောက်က ဒီနေ့ ပြောလိုက်တယ်။
" သူ့မြေ မကျဉ်း ကိုယ့်ကွင်း မပိတ် " စေချင်ဘူးတဲ့။
သွားလမ်း ပြေပြေ ၊ ပြန်လမ်း ချောချော ဖြစ်စေချင်တယ်တဲ့။


လွတ်လပ်မှ အမျှဝေပါ လို့ ပြောခဲ့တဲ့ ငါတို့ အဖိုး အဖွားတွေ မျက်နှာကို ပြန်ထောက်ပြီး ငါတို့ အတူတူ ချစ်ခင်စည်းလုံးစွာနဲ့ ငါတို့ ဘ၀တွေ ခိုင်မာအောင် ငါတို့ အနာဂတ်တွေ လှပအောင် အတူတူ အလုပ်လုပ်ကြမယ်လေ။ ကိုင်းကျွန်းမှီ ပေါ့။

စစ်သားလေးတို့ရေ ။ မင်းတို့ ငါတို့ ဘေးနိုင်ငံတွေကို ကြည့်လိုက်စမ်း ။ သူတို့ ဆီက မျိုးဆက်သစ် ကလေး သူငယ်လေးတွေ ရဲ့ မျက်ဝန်းလေးတွေဟာ တောက်ပ ကြည်လဲ့ ငြိမ်းချမ်း ကြည်နူးလို့ .................

အားမကျ ဘူးလား စစ်သားလေးရေ....။



ညီတိုးငြိမ်း


source by : http://nyitoenyeinchan.blogspot.com
ဆက်ဖတ်မယ်...

သန်းခေါင်ကျော် ငရဲခန်းမှ သူရဲကောင်းများ

လှကျော် | "ဝုန်း" ဆိုတဲ့ အသံနဲ့အတူ အိမ်က သိမ့်ကနဲ လှုပ်သွားတယ်။ အိပ်ကောင်းတဲ့ အချိန် ဖြစ်ပေမယ့် အိမ်ရှေ့ဝရန်တာ ကို ထွက်ပြီး အပြင်ဘက် လှမ်းကြည့်လိုက်တော့ အိမ်တိုင်းကလူတွေ အိမ်ရှေ့မှာ တယောက်ပြီးတယောက် ထွက်လာပြီး ခေါင်း တထောင်ထောင်နဲ့ ကြည့်နေကြတယ်။ အချိန်က မနက် ၂ နာရီ စွန်းစွန်း။

ခဏအကြာ မီးသတ်ကား ဥသြဆွဲသံ၊ လူနာတင်ကားသံတွေနောက်မှာတော့ လူတွေဟာ အိမ်ရှေ့လမ်းမဘက်ကို ပိုပြီး စုရုံးစုရုံး လုပ်လာကြတယ်။

“ဗုံးကွဲတာတဲ့” ဗုံးလန့်ချိန်မို့ ပြောကြသူကတမျိုး။ “ဂက်စ်အိုး ပေါက်တာ ထင်တယ်” တယောက်တမျိုး အမျိုးအမျိုး ထင်ကြေးပေးနေတာကို နားထောင်ရင်း ကျနော်လည်း အိမ်အောက်ကို ဆင်းလာပြီး အမျိုးသမီးကြီးတယောက်ကို စပ်စုကြည့်တော့ “မင်္ဂလာတောင်ညွန့်ဘက်က ကြားတာပဲ မီးသတ်ကားတွေလည်း အဲဒီဘက် မောင်းသွားကြတယ်”

ကျနော်လည်း ကမန်းကတမ်း အိမ်ပေါ်တက်ပြေးပြီး ကင်မရာယူ၊ အနွေးထည် ကောက်ဝတ်ပြီး တာမွေပလာဇာ ဘက်ကို ပြေးလာခဲ့တယ်။ လမ်းပေါ်မှာတော့ ဟိုနားတစု သည်နားတစုနဲ့ လူတွေ မျှော်ကြည့်နေတဲ့ဘက်ကို ဦးတည်ပြေးသွားရင်း တက္ကစီငှားတယ်။ ပထမတစီးက မလိုက်၊ လမ်းတွေ ပိတ်ထားမယ်ထင်တယ်တဲ့။
နောက် ဒုတိယတစီး အဆင်ပြေသွားတယ်။ “အကို ကျနော် ခုန ပေါက်ကွဲတဲ့ဆီ သွားချင်တယ်” တမြို့လုံး သိနေတဲ့ ပေါက်ကွဲမှု အကြောင်းကိုတော့ ကျနော် သေသေချာချာ ပြောပြဖို့မလို။ တက္ကစီသမားက ကျနော့်ကို ပေါက်ကွဲမှု ဖြစ်နေတဲ့ ဆီကို ဦးတည်မောင်းပေးပါတယ်။

“ကျနော်လည်း ခုနကမှ ဟိုဘက်ကနေ ပတ်မောင်းလာတာ။ ကျနော် အလုံဘက်မှာ ရှိနေတာ မြေကို တုန်သွား တာပဲ” ကားသမားပြောပြတာနားထောင်ရင်း ခဏပဲ မောင်းရသေးတယ်။ စက်ဆန်းဘက်ရောက်တော့ မီးညွန့်က
မြင်နေရပြီ။ ရှေ့ဆက်မောင်းဖို့က အဆင်မပြေတော့။ လမ်းပိတ်ထားလို့ ကားတွေတဖြည်းဖြည်း ကျပ်လာတာနဲ့ ကျနော်လည်း ကားကို ရပ်ခိုင်း၊ ပိုက်ဆံရှင်းပေးပြီးတာနဲ့ မီးညွန့်ရှိတဲ့နေရာဆီ ဦးတည် ပြေးသွားတော့တယ်။

တနေရာအရောက် ပလက်ဖောင်းပေါ်မှာ လူတစု ဝိုင်းအုံနေတာနဲ့ ဝင်ကြည့်လိုက်တော့ ဦးခေါင်းပိုင်းကို ပုဆိုးနဲ့ အုပ်ထားတဲ့ အမျိုးသမီး အလောင်းတခုကို ပလက်ဖောင်းပေါ်မှာ တင်ထားတာတွေ့တယ်။ “ခေါင်းပြတ်သွားတာ” ကျနော် လန့်သွားတယ်။ အခြေအနေ တော်တော်ဆိုးနေပြီဆိုတာ စိတ်ထဲက အလိုလိုသိသွားတာနဲ့ မီးလောင်တဲ့ဆီ ဆက်ပြေးလာခဲ့တယ်။

အဝင်ဝမှာလည်း မီးသတ်ကားတော်တော်များများ ပြည့်နေပြီ။ မီးသတ်ကားတွေ ကျော်ပြီး မီးလောင် နေတဲ့ နေရာ ရောက်တော့ မီးသတ်သမား လေးယောက် မီးတွေ တဟုန်းဟုန်း လောင်နေတဲ့ ကြားထဲ ဝင်ပြီး မီးသတ်ပိုက်ကို ဆွဲသွင်း နေကြတယ်။

ခဏနေတော့ သူတို့တွေ မီးစသတ်ပါတယ်။ ကျနော်လည်း အဝေးကနေပြီး ဓါတ်ပုံရိုက်နေတယ်။ တဖြည်းဖြည်း သူတို့တွေ မီးတောက်နဲ့ ပိုနီးတဲ့ နေရာ ဝင်သွားတယ်။ ကျနော်လည်း နောက်ကနေ တဖြည်းဖြည်း ကပ်လိုက်သွားပြီး ဓါတ်ပုံ လိုက်ရိုက်တယ်။ ခဏနေတော့ ဓါတ်ပုံ သတင်းထောက် တော်တော် များများ ရောက်လာပြီး သူတို့ကို ဓါတ်ပုံ ရိုက်တယ်။

ကျနော်လည်း ဓါတ်ပုံရိုက်ရတာ ကျေနပ်လောက်တဲ့အခြေအနေမှာ နောက်ကို ပြန်ဆုတ်ပြီး မီးလောင်နေတဲ့ အဆောက်အဦးရဲ့ တဘက်က လူနေအိမ်တွေ ကြည့်လိုက်တော့ ကျနော် လန့်သွား ရလောက်အောင် မြင်ကွင်းက ဆန်းနေတယ်။ အိမ်တွေအားလုံးရဲ့ အပေါ်ပိုင်းတွေဟာ စုတ်ပြတ် ပျက်စီး နေတယ်။

ကျိုးပဲ့နေတဲ့ အိမ်တွေထဲမှာ သွပ်ပြားအစုတ်အပြတ်တွေကလည်း တမင် ထိုးသိပ်ထည့်ထားသလိုပဲ။ လမ်းမျက်နှာစာ မှာရှိတဲ့ အိမ်တိုင်းလိုလို ပျက်စီးနေတယ်။ နောက်အိမ်တန်းရဲ့ နောက်ဘက်က ဒုတိယ အိမ်တန်းကို ကြည့်လိုက်တော့လည်း ပုံစံတူနီးပါး ပျက်စီးနေတယ်။ ဒီအိမ်တွေက လူတွေနေသလား ကျနော် တွေးနေတုန်းရှိသေးတယ်။ လူတယောက်ပြောသံက လူတွေအားလုံး လန့်ပြီး ထွက်ပြေးကုန်ပြီတဲ့။ မီးလောင်တဲ့ အဆောက်အဦးပတ်လည် အားလုံး ဒီအတိုင်းပဲဆိုတာ ထပ်သိလိုက်ရတယ်။
ခဏနေတော့ မီးသတ်သမားတွေ ဌာနဆိုင်ရာ ဝန်ထန်းတွေ စုရုံးစုရုံး အလုပ်ရှုပ်နေတဲ့ နေရာရောက်တော့ သူတို့ရဲ့ စကားပြောစက်တွေကို နားစွင့်ရင်း သေဆုံး၊ ဒဏ်ရာရ စာရင်းတွေ ကြားရတယ်။ သုံးနာရီ ၅၄ မိနစ်မှာ ကျား ခုနှစ်၊ မ လေးယောက်သေ၊ ဒဏ်ရာရရှိသူ ၅၄ ယောက်။ အဲဒီထဲမှာ အလာတုန်းက တွေ့ခဲ့တဲ့ ပလက်ဖောင်းပေါ်က အမျိုးသမီးတဦးလည်း ပါမယ်ထင်ပါတယ်။

“အမေ၊ အမေရေ”၊ “အမေရှိလား” စက်ဆန်းရပ်ကွက်သားတဦးဟာ တိတ်ဆိတ်ပြီး ကျိုးပဲ့ပျက်စီးနေတဲ့ အိမ်တလုံး ထဲကို ခက်ခက်ခဲခဲဝင်ပြီး သူ့အမေကို အော်ခေါ်နေပါတယ်။ စုတ်ပြတ်နေတဲ့ သွပ်ပြားစတွေကလည်း အိမ်အတွင်း
မှာ အပြည့်။ ဒါပေမယ့် သူ မရမက တိုးဝင်ပြီး သူ့အမေကို အော်ခေါ်နေပါတယ်။

ခဏနေတော့ မီးသတ်နဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေက ဓါတ်မီးကိုယ်စီနဲ့ သူ့အမေကို ကူရှာပေးနေပါတယ်။ ဒါပေမယ့် ကြောင်တကောင်ခိုနေဖို့တောင် အန္တရာယ်မကင်းနိုင်တဲ့ အိမ်ထဲက ဘာသံမှ ထွက်မလာ။ စက်ဆန်း ရပ်ကွက်သားကတော့ ပြန်ထွက်လာပါတယ်။ သူ့ခြေထောက်မှာ သွပ်ပြားရှရာတွေနဲ့ သွေးအလိမ်းလိမ်း။

သွေးပျက်လောက်တဲ့ ပေါက်ကွဲသံကြောင့် အိပ်မောကျနေရာကနေ ထွက်ပြေးသွားကြတဲ့ အိမ်ရှင်တွေ၊ အမှောင်
ကြားက ဒီသွပ်ပြားတွေနဲ့ အပျက်အစီးတွေကို ဘယ်လိုများ ကျော်ဖြတ်သွားကြသလဲ။ ကျနော့်စိတ်ထဲမှာတော့ ပဟေဠိတခု ကျန်နေခဲ့တယ်။

ကျနော်လည်း မီးလောင်ဝန်းကျင် မြင်ကွင်းတွေကို ဓါတ်ပုံဆက်ရိုက်နေခဲ့တယ်။ မီးသတ်သမားတွေရော ကယ်ဆယ်ရေးသမားတွေရော တော်တော်လေးကို စွန့်စားလှုပ်ရှားနေရတာတွေ တွေ့နေရတယ်။ ကျနော်
နိုင်ငံခြားရုပ်ရှင်တွေထဲမှာတွေ့ရသလို အဆင့်မြင့် ပစ္စည်းတွေမသုံးဘဲ သူတို့တွေဟာ အန္တရာယ်နဲ့ အနီးဆုံးမှာ ရိုးရှင်းစွာနဲ့ လှုပ်ရှားနေကြတယ်။ သွပ်ပြားနဲ့ သံဆူးတွေ ရှုပ်နေတဲ့ မီးလောင်ပြင်မှာ သူတို့တွေ ဓါတ်မီးတောင် ကိုယ်စီ မပါကြဘူး။

ဘာကြောင့်လောင်တယ်ဆိုတာကို အတိအကျ မသိနိုင်သေးချိန်မှာတော့ မီးသတ် အရာရှိ တဦးရဲ့ ကန့် ပေါက်ကွဲမှု လည်း ဖြစ်နိုင်တယ် ဆိုတဲ့ အသံကို ကြားမိတယ်။ လောင်ကျွမ်းနေတဲ့ မီးရဲ့ အရောင်ကို အကဲခတ်ရင်း သူ အဝေးကနေ သတိပေးပါတယ်။

“အားလုံး နောက်ပြန်ဆုတ်ပါ မီးရောင်က ပြာလာရင် သတိထားရတယ်ဗျ။” ဟု သူက ဆက်ပြောတယ်။

ဓါတ်ပုံကောင်းတပုံရဖို့ဟာလည်း ဓါတ်ပုံသမား တယောက်ရဲ့ ရူးသွပ်မှု ဖြစ်တတ်တဲ့ အတွက် ကျနော်လည်း အန္တရာယ်ကို မကြောက်အား။ အချိန်မရွေး ပေါက်ကွဲမှု ဖြစ်လာနိုင်တဲ့ ဧရိယာ အတွင်းမှာ ကျနော် ဝင်နေမိတယ်။ အဲဒီလိုပဲ မီးသတ်သမားတွေလည်း မီးငြိမ်းသတ်ချင်တဲ့ ရူးသွပ်မှုမျိုး ရှိနေကြမှာပါပဲ။

ဓါတုဗေဓ ပစ္စည်းများပါ ပါဝင် လောင်ကျွမ်း နေတယ်လို့ သံသယ ရှိသည့်တိုင် မီးခိုးငွေ့တွေ ကြားမှာ အောက်စီဂျင်ဗူး အသုံးပြုသူ တယောက်ကို မြင်နိုင်ဖို့ကလည်း အံ့သြစရာ တခု ဖြစ်နေမှာ အမှန်ပဲ ထင်ပါတယ်။ ခဏနေတော့ ဆုတ်ခဲ့တဲ့ နေရာတွေဆီ မီးသတ်နဲ့ ကယ်ဆယ်ရေး ဝန်ထမ်းတွေ ဓါတ်မီးရောင် စမ်းတဝါးဝါး အောက်မှာ ရှာဖွေရင်း မြေမြုပ်နေတဲ့ မီးသတ်ပိုက်ကို တွေ့ပါတော့တယ်။

မီးသတ်ပိုက်ကို တစတစ လမ်းကြောင်းလိုက်တူးဖော်ရင်း အပျက်အစီးတွေကြားက သွပ်ပြားတခုအောက်ကနေ တစုံတခုကို ဆွဲထုတ်ပါတယ်။ ဘယ်သူမှန်း မသိနိုင်တော့တဲ့ အနီရောင် ယူနီဖောင်းဝတ် မီးသတ်ရဲဘော်တဦး
ဖြစ်နေပါတယ်။

“မျက်နှာက ပျက်နေပြီ ဘယ်သူမှန်းမသိဘူး”

“အဲဒီတယောက်ပဲလား၊ ရှာဦး သေချာရှာဦး”

“အဖွဲ့ လူတွေ စစ်ကြပါ”

မီးသတ်နဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေ အချင်းချင်းပြောနေစဉ်မှာပဲ နောက်ထပ် မီးသတ်တဦးရဲ့ ရုပ်အလောင်းတခု ထပ်တွေ့တယ်။ နောက် မီးသတ်စီးတဲ့ ဖိနပ်တဘက်၊ တခြမ်းပဲ့နေတဲ့ မီးသတ် ဦးထုပ်။ နောက်ထပ် ပေါက်ကွဲမှုကြောင့် သေဆုံး သွားတဲ့ မီးသတ်တွေ အပျက်အစီးတွေ ကြားထဲမှာ ရှိနေသေးတယ် ဆိုတာ သေချာသွားပါပြီ။

ရန်ကုန်တိုင်း မီးသတ်ဗဟိုဌာနမှ အရာရှိတဦးရဲ့ အဆိုအရတော့ မီးသတ်တပ်ဖွဲ့ဝင် ငါးယောက် သေဆုံးပြီး ၃၇ ယောက် ဒဏ်ရာရရှိတယ်လို့ ပြောပါတယ်။
သူတို့ရဲ့ မီးသတ်ကား ဏ/၅၈၅၃ ဟာလည်း ကြီးကြီးမားမားအရာဝတ္ထုနဲ့ ထိမှန်ထားတာမတွေ့ရပေမယ့် စုတ်ပြတ် ပျက်စီးနေပါတယ်။ ဘယ်လိုပေါက်ကွဲမှုကြောင့် ဒီလိုပျက်စီးသွားသလဲဆိုတာ ကျနော် မတွေးတတ်အောင်ပါ။

ဒီမြင်ကွင်းတွေဟာ ကျနော့် ကင်မရာ View Finder အပေါက်က နေကြည်ဆဲခဏမှာ Shutter ခလုပ်ကို နှိပ်ဖို့ စိတ်ကူးတွေကလွဲလို့ ဘာမှခံစားလိုက်ရတာ မရှိသေးဘူး။ ဒါပေမယ့် Play ခလုပ်ကိုနှိပ်ပြီး ပုံပြန်စစ်မိတဲ့အချိန်မှာ ကျနော့်စိတ်တွေ ပြာဝေသွားလောက်အောင် ထိတ်လန့်သွားခဲ့တယ်။

အချိန်တွေက တစတစ ကုန်လွန်သွားတယ်။ တငွေ့ငွေ့လောင်နေတဲ့ မီးညွန့်ကြီးကလည်း ရှိနေဆဲ။ ကောင်းကင်မှာ လည်း မီးခိုးလိပ်ကြီးတွေက မကောင်းဆိုးဝါး တကောင်လိုပဲ။ မီးသတ်သမားတွေ၊ ကြက်ခြေနီ တွေလည်း သူတို့ အလုပ် သူတို့လုပ်၊ လူအုပ်ကြီးကလည်း ငေးမောကြရင်း၊ စုတ်သပ်ရင်း သူတို့ အလုပ် သူတို့လုပ်နေကြတယ်။ ရဲဝန်ထမ်းတွေလည်း ဟိုတစ သည်တစ သဲလွန်စ လိုက်ကောက်ကြရင်း အလုပ်လုပ်နေတယ်။ ယာဉ်ထိန်းရဲတွေ လည်း လမ်းသွားလာမှု အဆင်ပြေအောင် သူတို့အလုပ် သူတို့ လုပ်နေကြတယ်။

လေး နာရီနဲ့ ၄၅ မိနစ်ရှိသွားပြီ၊ ကျနော်လည်း ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ ပြန်လှည့်လာခဲ့တယ်။ ကျနော့်စိတ်ထဲမှာ အလုပ်တခု လုပ်နေခဲ့တယ်။ သေဆုံးသွားခဲ့ကြတဲ့ မီးသတ် ရဲဘော်တွေ၊ အာဇာနည် သူရဲကောင်းတွေ အဖြစ် ကျနော့် စိတ်ထဲမှာ သူတို့ကို ခေါ်လာခဲ့တယ်။

(လူပေါင်း ၂၀ ကျော် သေဆုံးခဲ့သည့် စက်ဆန်းကူးတို့ဆိပ်ရပ်ကွက် ပေါက်ကွဲမီးလောင်မှုတွင် ကျဆုံးသွားသော မီးသတ်ရဲဘော်များအား ဂုဏ်ပြုရေးသားသည်။)

လှကျော်

source by : မဇ္ဈိမ
ဆက်ဖတ်မယ်...

မျှော်လင့်ချက်တွေ စုထားတဲ့ အသံ

ယခုအချိန်ထိ စုစုပေါင်း လူ ၈၄၃ ယောက် ပါ၏။ တစ်နေ့ထက်တစ်နေ့ ဆက်ကာ ဆက်ကာ တိုးပွားနေဆဲ။
ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ် လူစုံစွာ ဒီအဖွဲ့ထဲမှာ ရှိ၏။ ပြည်တွင်းက ပြည်ပက ... ။
နိုင်ငံရေးသမား၊ အနုပညာသမား၊ စီးပွားရေးသမား၊ ကျောင်းသား ... အယုတ်အလတ်အမြတ်မရွေး ညီညာစွာ ပါဝင်ကြကုန်သည်။

ကျွန်ုပ်တို့အားလုံးကို ညီအောင်ညှိထားသောအရာကား တစ်ခုတည်း။
ကျွန်ုပ်တို့အားလုံး၏ ဦးတည်ရာကား တစ်ခုတည်း။
ကျွန်ုပ်တို့အားလုံး၏ ဟစ်ကြွေးမှုက တစ်သံတည်း။
နေ့စဉ်မပြတ် တစ်ရံမလတ် ဟစ်ကြွေးနေကြ၏။
ယင်းသည်ကား ...


ဆက်ဖတ်မယ်...

မြန်မာနိုင်ငံရဲ့ စစ်ကြောရေးစခန်း ကိုယ်တွေ့မှတ်တမ်း

by Ye Min Tun on Tuesday, December 20, 2011 at 12:19am

ကျနော်ဖြတ်သန်းခဲ့ရတဲ့စစ်ကြောရေးစခန်းရဲ့ နှိပ်စက်ပုံများကို ရေးသားဖေါ်ပြချင်ပါတယ်။ ဒါတွေဟာ ကျနော် ရန်ညှိုးထားပြီး လက်စားချေရန် တေးထားတဲ့ အငြိုးအတေး အနေနှင့်ရေးတာ မဟုတ်ပါဘူး။  လက်ရှိ မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးကြီးဖြစ်တဲ့ "အာဏာရှင်" ကို "သူတော်စင်" ထင်နေကြတဲ့ အချို့သော မသိနားမလည်သေးကြတဲ့  မျိုးဆက်သစ်တွေအတွက် အမှန်တရားကို ဖေါ်ပြခြင်း ဖြစ်ပါတယ်။ ကျနော့်ကို စစ်ထောက်လှမ်းရေးက ဖမ်းတယ် နှိပ်စက်တယ် ဆိုတာလည်း စနစ်ဆိုးကြောင့် ဖြစ်ရတာပါ။ ဒီစနစ်ကိုက ဒီလိုဖြစ်နေတာကိုး။ ကျနော့အမြင် ပြောရရင်တော့ ဒီလို ဖက်ဆစ်ဆန်ဆန် စစ်အာဏာရှင် စနစ်ဆိုးသာ မရှိရင် အနာဂတ် မြန်မာနိုင်ငံတော်ဟာ ငြိမ်းချမ်းသာယာနေမှာပါ။

 ကျနော့်ကို ဖမ်းမိတဲ့ အချိန်က (၁၉၉၁) ခုနှစ် သင်္ကြန်အပြီး နှစ်ဆန်းတရက်နေ့မှာပါ။ ဖမ်းတာက ထောက်လှမ်းရေး(၁၂)က ဗိုလ်ကြီးထွန်းကြည် နှင့် အဖွဲ့ဖြစ်ပါတယ်။ ဖမ်းမိတဲ့နေရာက ရန်ကုန်မြို့ တာမွေမြို့နယ် ကျောက်မြောင်း ဓမ္မစိန္တာလမ်းထဲရှိ သားသား(ခေါ်) ကိုမြတ်ထွန်းစိုး အိမ်မှာဖြစ်ပါတယ်။ ကိုဘိုနီအောင်(ခေါ်) ကိုဘိုနီ ကို လက်နက်များနှင့် ဖမ်းမိပြီးနောက် ကျနော့်ကို ....
ဆက်ဖတ်မယ်...

ခေတ်သစ် လူငယ် သိကြစေ (၃)

၁၉၈၉ ခုနှစ်၊ မတ်လ၊ ဒုတိယ အပတ် တနေ့လုံး မြို့နယ် အတွင်းရှိ ပါတီ ကိစ္စများနှင့် အလုပ်များနေသည်။ ရှစ်လေးလုံး လူ ထုအရေးတော်ပုံကြီးအတွင်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ကြသော လူငယ် အများစုသည် ပါတီများ အတွင်း ရောက်ရှိသွား ကြသည့် လူငယ်များ အပေါ် မကျေနပ်ကြ၊ ဗကသ၊ ရကသ၊ အကသများ အဖြစ် ဖြင့်သာ ရပ်တည် လိုကြသည်။ ကျောင်း သားသည် ကျောင်းသား အရေးသာ လုပ်ရမည်ဟု ဆိုသူကဆို၊ ပါတီ တခု၏ အောက်တွင် လှုပ်ရှား ရသည်ကို ဘောင်ကျဉ်း သည်ဟု ပြောသူက ပြော၊ တနေ့ တနေ့ ဆွေးနွေးရင်း စည်းရုံး၊ စည်းရုံးရင်း နိုင်ငံရေး သင်တန်း ဆန်ဆန် ပို့ချနှင့် မအားလပ် ရပါ။

ထိုစဉ် တောင်ဥက္ကလာပမြို့နယ်မှ မင်းနိုင်သူနှင့် မောင်မောင်တို့ အိမ်သို့ရောက်လာသည်။ အချိန်ကား ညနေ(၅) နာရီ လောက် ရှိပါသည်။ မင်းနိုင်သူ က “ကျနော်တို့ ဆွေးနွေးစရာ ရှိလို့ပါ” ဟု ဆိုလာသည့် အတွက် ကျနော်က ဆွေးနွေးပါလို့ တုံ့ပြန် လိုက်ပါသည်။ ထိုအခါ သူက “ကျနော်တို့ လူ့ဘောင်သစ် ဗဟိုကော်မတီမှာ ကွန်မြူနစ်တွေ၊ ကွန်မြူနစ် ဝါဒ ဘက်ကို ယိမ်းတဲ့ သူတွေ ပါတယ်ဆိုတာ လက်ခံပါသလား’’ ဟု မေးပါသည်။ ကျနော်က “အေးလေ အဲဒါ ဘာဖြစ်လဲ? တို့တတွေ ကြီးပြင်းလာတဲ့ အချိန်မှာ လေ့လာစရာ ဆိုလို့ လက်ဝဲ စာပေတွေပဲ ရှိတာပဲ။ မင်းတို့က ဘယ်သူတွေကို ဦးတည်ပြီး ပြောချင် တာလဲ’’ ဟု ပြန်မေးလိုက်သည့်အခါ သူက “ကိုမိုးသီး၊ ကိုသက်ထွန်းနှင့် နိုင်ငံရေးဦးဆောင်အဖွဲ့က ကိုဋ္ဌေးအောင် တို့လေ” ဟုပြောပါသည်။

ကျနော့် စိတ်ထဲမှာ အတွေးများ တရစပ် ဝင်လာပါသည်။ တို့ကို ဗိုလ်မှုးချုပ်ဟောင်း အောင်ကြီးက NLD ကို ဖြိုခွဲသလို လုပ်ပြန်ပြီလား ဆိုတဲ့အတွေး။ ဇာတ်ကြောင်း နည်းနည်း ပြန်ကောက်ပါရစေ။

၁၉၈၈ ခုနှစ် စက်တင်ဘာလ (၂၇) ရက်နေ့မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို နဝတ အဖွဲ့မှ ထုတ်ပြန်ပါ သည်။ ထုတ်ပြန်ပြီးတာနဲ့ ဦးအောင်ကြီး၊ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့အပါ တဖက် (၄) ဦးစီ ပေါင်း (၁၂) ဦးနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီကို ဖွဲ့စည်းပြီး မှတ်ပုံတင်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် ဘက်က (၄) ဦး ဆိုတာ ကတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဦးဝင်းတင် (ဟံသာဝတီ)၊ ဒေါ်မြင့်မြင့်ခင် (ဘားကောင်စီရှေ့နေကြီး) နှင့် ဦးအောင်လွင် (ရုပ်ရှင်မင်းသား) တို့ဖြစ်ပါသည်။ နောက်ပိုင်းတွင် အလုပ် အမှုဆောင် ကော်မတီဝင် (၁၂) ဦးနှင့် မလုံလောက်တော့သည့်အတွက် ဗဟိုဦးစီအဖွဲ့ဝင် (၃၀) ဦး တိုးချဲ့ဖွဲ့စည်းပါသည်။

ဒေါ်အောင်ဆန်းစုကြည် ဘက်မှ ပါဝင်ခွင့် ရသူတွေ ကတော့ ဦးချမ်းအေး (မောင်စူးစမ်း)၊ ဦးထွန်းတင်၊ ဦးကိုယု၊ ဦးတင်ရွှေ (မုံရွာ)၊ ဦးမိုးသူ၊ ဦးဝင်းခက်၊ ဦဘသော်(မောင်သော်က)၊ ဦးစိုးသိန်း(မောင်ဝံသ)၊ ဒေါက်တာ ငွေစိုး စသည့် ပုဂ္ဂိုလ်များ ဖြစ် ပါသည်။

ထိုအချိန်တွင် ဥက္ကဋ္ဌ ဦးအောင်ကြီးက အဖွဲ့ချုပ် အတွင်းမှာ “ကွန်မြူနစ်တွေ ရောက်နေပါပြီ” “ကွန်မြူနစ် တွေကို ဖယ်ရှား ပစ်ရမယ်” လို့ ပြောရင်း ပြဿနာမီးပွား စတင်လိုက်ပါသည်။ တနည်းအားဖြင့် အရှိန်ရစဖြစ်လာသည့် NLD ပါတီ၏ ထိပ် ပိုင်းကို ဖြိုခွဲလိုက်ခြင်း ဖြစ်ပါသည်။ ဦးအောင်ကြီး ဖယ်ရှား ပစ်လိုသည့် သူများမှာ ဦးဝင်းတင် အပါအဝင် ဒေါ်မြင့်မြင့်ခင်၊ ဦးအောင်လွင်၊ ဦးချမ်းအေး၊ ဦးထွန်းတင်၊ ဦးကိုယု၊ ဦးတင်ရွှေ၊ ဦးမိုးသူ တို့တတွေ ဖြစ်ပါသည်။

နောက်ဆုံးတွင် အလုပ် အမှုဆောင် ကော်မတီဝင် (၁၂) ဦးနှင့် ဗဟို ဦးစီ အဖွဲ့ဝင် (၃၀) စုစုပေါင်း (၄၂) ဦးရဲ့ ရှေ့မှာ အစွပ်စွဲ ခံ ရသူများဘက်မှ ရှုံးလျှင် နှုတ်ထွက် ပေးရေး၊ စွပ်စွဲသူ ဘက်မှ ရှုံးနိမ့်လျှင်လည်း နှုတ်ထွက် ပေးရေး သဘောတူ ညီချက်နှင့် မဲခွဲ ဆုံးဖြတ်ကြပါသည်။ ဥက္ကဋ္ဌ ဦးအောင်ကြီး အပြတ်အသတ် ရှုံးနိမ့်သွားပါသည်။ ဥက္ကဋ္ဌ ဦးအောင်ကြီး နှုတ်ထွက် ပေးရပြီး “ပြည်ထောင်စု အမျိုးသား ဒီမိုကရေစီ ပါတီ”ဟူ၍ ပါတီတခု ထူထောင် သွားပါသည်။ ဝမ်းနည်းစရာ ကောင်းသည်မှာ ဦးအောင်ကြီး ၏ ပါတီ ထဲသို့ တက္ကသိုလ် ကောလိပ် ပေါင်းစုံမှ ဆရာ ဆရာမများ၊ ကျောင်းဆရာဟောင်းများ စသည့် ပညာ ရှင်၊ ပညာတတ်ပေါင်းများစွာ ပါဝင်သွားခြင်း ဖြစ်ပါသည်။

ဤဖြစ်စဉ်သည် NLD ပါတီ တည်ထောင်ကာစ၌ ဖြစ်ခဲ့သော ဖြစ်စဉ် အကျဉ်း ဖြစ်ပါသည်။ ယခု ၁၉၈၉ ခုနှစ် မတ်လတွင် လူ့ဘောင်သစ် သည်လည်း အရှိန်အဟုန်ဖြင့် မြို့နယ်ပေါင်း (၂၀၀) ကျော်တွင် ပါတီရုံးများ ဖွင့်လှစ်ပြီး နေပြီး ဖြစ်ပါသည်။ လာချေပြီလား NLD လို ဖြစ်ရပ်ဟု တွေးရင်း အလိုက်သင့် မျှောပေး လိုက်ပါသည်။ “အေးလေ ပါတီ ထိပ်ပိုင်းမှာတော့ ခင်ဗျား သိတဲ့ အတိုင်းပါပဲ” ဟု ပြောလိုက်သော အခါ ၎င်းတို့ ကျေနပ်သွားကြသည်။ သူတို့ဘက်သား ရပြီပေါ့လေ။ ကျနော်က တဆက်တည်း “ခင်ဗျားတို့ ဘာလုပ်ကြမလဲ” ဟု မေးလိုက်သော အခါ သူတို့က “မကြာခင်မှာ သိမယ်” ဟု ပြန်ဖြေပြီး ဒေါ်အောင်ဆန်းစုကြည် ၏ ခြံထဲတွင် ရှင်းလင်းပွဲ လုပ်ရန် စီစဉ်ထားကြောင်း ပြော၍ ပြန်သွားကြသည်။

ကျနော် အလေးအနက် စဉ်းစားရပြီ။ “ဘယ်သူ့ လက်ချက်လဲ၊ ဘယ်သူ နောက်ကွယ်က ကြိုးကိုင် နေတာလဲ၊ သိအောင် စုံ စမ်းမယ်” ဆို၍ မည်သူ့ကိုမျှ ကျနော် မပြောတော့ပေ။ မတ်လ တတိယ အပတ် ညနေပိုင်းတွင် မင်းနိုင်သူ (တောင်ဥက္က လာပမြို့နယ်)၊ ဝင်းမောင်(လှိုင်မြို့နယ်) တို့ အိမ်ရောက်လာ၍ စာအုပ်တအုပ် ပေးပါသည်။ “မိုးသီးဇွန် သို့မဟုတ် ကြိုးမဲ့ လေတံခွန်” ဆိုသည့် စာအုပ်၊ ပါတီ ဥက္ကဋ္ဌ မိုးသီးဇွန်အား အထွေထွေ အတွင်းရေးမှုး မိုးဟိန်းနှင့် တွဲဘက် အတွင်းရေးမှုး ရဲနိုင်အောင် တို့မှ ဝေဖန်ထားခြင်း ဖြစ်နေသည်။

သူတို့က ဆက်ပြီး ပြောသည်မှာ “မနက်ဖန်မနက်(၇) နာရီမှာ ကားနဲ့ လာခေါ်မယ်၊ စောင့်နေပါ”။ သူတို့ ပြန်သွားသည်နှင့် ကျနော်လည်း စာအုပ်ကို ဖတ်ရင်း စိတ်မကောင်း ဖြစ်ရသည်။ ကျနော့် စိတ်အထင် မတ်လ(၁၇) ရက်နှင့် (၁၈) ရက် တ ရက်ရက်ပါပဲ၊ မနက်(၇) နာရီ ထိုးသည်နှင့် မင်းနိုင်သူ ကားဖြင့်လာကြိုသည်။ ဒေါ်အောင်ဆန်းစုကြည် ၏ ခြံရှေ့တွင် ကားရပ်ပေးသည်။ အိမ်ကြီး၏ ဘေးတွင် ခန်းမလို အခန်းကြီး တခန်း ရှိပါသည်။ အစည်းအဝေးခန်းပေါ့၊ ကျနော့်ကို အခန်း ထဲဝင်ဖို့ပြောတော့ ဒုတိယတန်း ထောင့်ဆုံးတွင် ဝင်ထိုင် လိုက်ပါသည်။

မိုးဟိန်းနှင့် ရဲနိုင်အောင် ရောက်လာပါသည်။ လူ (၅၀) ခန့် ရောက်လာသည့် အချိန်တွင် မိုးဟိန်းနှင့် ရဲနိုင်အောင်မှ ကွန် မြူနစ်အန္တရာယ် ကြောက်စရာ ကောင်းကြောင်း စသည်ဖြင့် ပြောကြသည်။ ကျနော် အရမ်း အံ့သြသွားသည်။ “ဘာတွေ ဖြစ်ကုန်ပြီလဲ” မကြာသေးခင် လအနည်းငယ်၌ NLD တွင် ဦးအောင်ကြီးက ကွန်မြူနစ် ပြဿနာ လုပ်၍ ထွက်သွားရပြီ။ ယခု ကျနော်တို့ ပါတီ ထိပ်ပိုင်းမှာ ကွန်မြူနစ်တွေ ဝန်းရံ နေသည်ဆိုပြီး ဦးအောင်ကြီး ၏ လမ်းကြောင်း အတိုင်း ခင်းလာနေ ပြန်သည်။ သူတို့ခင်းသည့် နေရာမှာ ဒေါ်အောင်ဆန်းစုကြည် ၏ ခြံဝန်းကြီးထဲမှာ ဖြစ်သည်။

(၁၁) နာရီ ထိုးလျှင် ထမင်းစား နားမည် ဆိုပြီး၊ ထမင်းစားရန် ခေါ်သည်။ ကျနော် မလိုက်ချင်ကြောင်း ငြင်းဆိုပြီး ဆက် ထိုင်နေပါသည်။ မကြာခင်မှာ NLD လူကြီးမင်း (၃) ဦး မင်းနိုင်သူ ဆီသို့ ရောက်လာကြသည်။ တဦးတော့ ကျနော်မသိပါ၊ ကျနော်သိတာ NLD ၏ အထွေထွေ အတွင်းရေးမှုး ဦးချစ်ခိုင်(ဒုတိယ ဗိုလ်မှူးကြီးဟောင်း)နှင့် ဦးရွှေ (ဗိုလ်မှူးကြီးဟောင်း) (မကြာခင်မှာပင် မိခင် ပါတီ အဖွဲ့အစည်းသို့ ကြိုတင် အကြောင်းကြားခြင်း မရှိဘဲ ရွေးကောက်ခံရသည့် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်များအဖြစ်မှ နှုတ်ထွက် ခဲ့သည့် အတွက် ၁၉၉၁ ခုနှစ်၊ အောက်တိုဘာလတွင် နှစ်ဦးစလုံးအား NLD မှ ထုတ်ပယ် ခဲ့ပါသည်။) တို့က ကျနော့်ကို စူးစမ်းသည့် အကြည့်ဖြင့် ကြည့်ကြသည်။ မင်းနိုင်သူမှ “ကိစ္စ မရှိပါဘူး၊ ကျနော် တို့ လူပါ” ဆိုတော့မှ သူတို့က “ပိုက်ဆံ လောက်ရဲ့လား၊ ထပ်ယူလေ” ဆိုပြီး ငွေတော်တော် များများ ထုတ်ပေးပါသည်။ ကျနော် သဘောပေါက်သွားသည်။

နေ့လည် (၁၂)နာရီ ထိုးတွင် ကိုမိုးသီးတို့ အုပ်စုလိုက် ဝင်လာကြသည်။ ကိုယဉ်ထွေး၊ ကိုဂျင်မီ၊ ကိုတင်ထွန်းလှိုင် တို့ လည်း ပါလာကြသည်။ ခန်းမကြီးသည်လည်း ဆူညံ၍သွားသည်။ ဤသို့ဖြင့် လိုရင်းကိုသာ ရေးရလျှင် ဗဟိုနှင့် အောက် ခြေ အပြန်အလှန် ညှိနှိုင်း၍ အောက်ခြေ ပါတီဝင်များ၏ သဘောထားဆန္ဒနှင့် အညီ လူ့ဘောင်သစ်သည် မည်သည့်အ ခါမျှ ပြိုကွဲမည်မဟုတ်ကြောင်း၊ အလုပ် အမှုဆောင် ကော်မတီ အားလုံးသည်လည်း စိတ်ဝမ်း ကွဲပြားကြမည်မဟုတ်ဘဲ ရှေ့ ဆက်၍ တိုက်ပွဲ ဝင်ကြမည် ဆိုသည့်အကြောင်း စာရေးလက်မှတ်ထိုးကာ ဖြန့်ဝေလိုက်ပါသည်။

နိုင်ငံရေး လောကတွင် ရန်သူ မည်သည် မထင်မှတ်သည့် နေရာမှ ပုံစံ အမျိုးမျိုးနဲ့ ဝင်လာတတ်ကြောင်း၊ မိမိတို့ မည်သည့် အဖွဲ့အစည်းပင် ဖြစ်စေ အတွင်းစည်း လုံခြုံ၍ မည်သည့် အမှောင့် ပယောဂကိုမျှ နားမယောင်ဘဲ စည်းလုံး နေခြင်းသည်သာ အဓိက ဖြစ်ကြောင်း ဗဟို ကော်မတီ တရပ် အနေနှင့်လည်း ဗဟို ကော်မတီများ အတွင်းသာ ညှိနှိုင်း၍ အမြင် မတူပါက တစင်ထောင်ခြင်း၊ ဂိုဏ်းခွဲခြင်းများ မပြုကြဘဲ အောက်ခြေ ပါတီဝင်များ၏ ဆန္ဒကိုပါ အရေးတယူ ဆွေးနွေးပြီး ဆုံးဖြတ်ကြ မှသာ ဒီမိုကရေစီ အမြည်းလေး လက်ရှိ ခံစား နေကြရသည့် ပြည်သူ လူထု၏ အမြင် လွဲမှားမှုများကို ရှောင်ရှား နိုင်မည် ဖြစ်ကြောင်း ခေတ်သစ် လူငယ်များကို ပြောလို ပါသည်။

သန့်စင်အောင် (ရန်ကင်း)
၁၇-၁၂-၂၀၁၁

source by : နေ့သစ်

အမှတ် (၁) ၊ အမှတ် (၂)
ဆက်ဖတ်မယ်...

ခေတ်သစ်လူငယ် သိကြစေ (၁) (၂)

၁၉၈၉ ခုနှစ် ဧပြီလ မဟာသင်္ကြန်တောင် ဘယ်လိုပြီးသွားလဲမသိ၊ ကျနော့် အိမ်မှာတော့ လူပေါင်းများစွာ ဝင်လိုက်ထွက်လိုက်နှင့်။ အများစုကတော့ အထက်တန်းကျောင်းသားများ၊ တက္ကသိုလ် ကျောင်းသားများ၊ အသက်အ ရွယ်များက ၁၅နှစ် မှသည် အကြီးဆုံး ၂၂ နှစ်၊ အသက်ကြီး ပါတယ်ဆိုတဲ့ ကျနော်တောင် ၃၀ မပြည့်သေးပါ။ မေးလိုက်ကြတဲ့ မေးခွန်းများ ကလည်း များမှများ။

“လူ့ဘောင်သစ် ဘာလုပ်နေလဲ”

“မိုးသီးဇွန် ဘယ်ရောက်နေလဲ၊ တောခိုမယ်ကြားတယ်၊ အဲဒါဟုတ်လား”

“လူ့ဘောင်သစ်က လက်နက်ကိုင်ဖို့ လူစုနေတဲ့ ပါတီလား”

“ကျနော်တို့ကို ခိုင်းပါ၊ တိုင်းပြည်အတွက် ဘာပဲလုပ်ရလုပ်ရ၊ အဆင်သင့်ပဲ”

“ဘယ်သူပဲခေါင်းဆောင်လုပ်လုပ်၊ အဲဒါကအရေးမကြီးဘူး၊ တိုင်းပြည် ကောင်းအောင်လုပ်ဖို့ပဲ လိုတယ်”

ကျနော့်မှာလည်း ကျောင်းသားအရွယ်လေးများ၏ ဆုံးဖြတ်ချက်များဟာ မှားယွင်းသွား မှာကိုစိုးရိမ်ပါတယ်။ ပါတီစွဲ၊ ဝါဒ စွဲ၊ လူပုဂ္ဂိုလ်စွဲများဖြင့် တဖက်စွန်းရောက်သွားမှာကိုလဲ ပူပန်နေမိပါ တယ်။

အဲ့ဒီအချိန်က ကျနော်ဟာ ရန်ကင်းမြို့နယ် လူ့ဘောင်သစ်မှာ ဥက္ကဋ္ဌ ဆိုပါတော့၊ အလုပ်က ကျူရှင်ဆရာ၊ ကိုယ်ကိုတိုင် တော့ ရှင်းရှင်းလင်းလင်းမရှိသေး၊ ဆိုလိုတာက ဘယ်လမ်းစဉ် ဘယ်မူဝါဒ ဆိုပြီးပြတ်သားမှု မရှိသေးတာကို ပြောတာပါ။ ရွေးချယ်ပိုင်ခွင့်မရှိတဲ့ တပါတီအာဏာရှင်စနစ်ကို စက်ဆုပ်ရွံရှာပြီး စစ်တပ်က အာဏာသိမ်းတာကို လုံးဝ လက်မခံနှိုင်သူ တယောက် ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံရေး လုပ်စားမည့်လူတွေရဲ့လက်အောက်မှာ အသုံးချခံ၊ အခိုင်းခံအဖြစ် ကျောင်း သား လူငယ်လေးတွေရဲ့ဘဝ နစ်မွန်းသွားမှာကို လုံးဝ မလိုလားပါဘူး၊ ဒါကြောင့် ကျောင်းသားပါတီဖြစ်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီဟာ ကျနော်ရဲ့ ရွေးချယ်မှု ပါပဲ။

သင်္ကြန်အပြီးမှာ နိုင်ငံလုံးဆိုင်ရာ ပထမအကြိမ် ပါတီညီလာခံလုပ်မယ်တဲ့၊ သိပ်ကောင်းတဲ့ အစီအစဉ်ပဲ၊ တနိုင်ငံလုံးက ကျောင်းသားခေါင်းဆောင်တွေ တွေ့ကြမယ်ဆိုတော့ ဝမ်းသာလိုက်တာ၊ ပါတီတခုရဲ့အသက်ဟာ ညီလာခံပဲ၊ ပါတီဖွဲ့စည်း ပြီး ၆ လသက်တမ်းနှင့် ညီလာခံခေါ်ရဲတဲ့ ဌာနချုပ် ခေါင်းဆောင်တွေကို လေးစားမိတယ်။ဌာနချုပ်ခေါင်းဆောင်တွေဆိုလို့ ဒိခေတ်လူငယ်တွေရဲ့မျက်လုံးထဲမှာ အဖိုးကြီးပုံ တွေ မြင်နေအုန်းမယ်။ ဥက္ကဋ္ဌလုပ်တဲ့ မိုးသီးဇွန်က (၂၇)နှစ်၊ ဒုဥက္ကဋ္ဌ သက်ထွန်းက (၂၇) နှစ်၊ န အ ဖ ခေတ်မှာ ဗိုလ်ချုပ်ခင်ညွန့်ရဲ့အရုပ်ကလေးဖြစ်သွားရှာတဲ့ မိုးဟိန်းက (၂၄) နှစ်၊ ရဲနိုင် အောင် (ကိုဝ) (၂၄)နှစ် (ကိုဝ–မှားနေလျှင်ပြင်ကွာ )၊ အခု နှစ်ရှည်ထောင်ဒဏ်ကျခံနေရတဲ့ ကျော်မင်းယု(ဂျင်မီ) ဆို (၂၂) နှစ် လောက်ရှိတယ်၊ စီမံ/စည်းကမ်းတာဝန်ယူတဲ့ ယဉ်ထွေးက (၂၃) နှစ်၊ ဘဏ္ဍာရေးမှူးလုပ်တဲ့ တင်ထွန်းလှိုင် (န အဖ ရဲ့ ညှင်းပန်းနှိပ်စက်မှုကြောင့် ဦးနှောက်ကို ထိခိုက်သွားရသူ) ဆို ပီဘိ ကလေးလေး မျက်နှာနှင့် (၂၁) နှစ်ပဲ ရှိသေး တယ်။ ဇေယျ (ခေါ်) ကုလားမကြီး (အခုသူလဲ နှစ်ရှည်ထောင်ဒဏ်ခံနေရတယ်) ကလည်း (၂၅)နှစ် လောက်ပဲ ရှိသေး တယ်။


ဒီလိုပဲ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ မဥမ္မာ (ဗဟန်း)၊ ဝင်းမောင်(လှိုင်)၊ အောင်မြတ်စိုး (တာမွေ)၊ ဖော်မျိုးနိုင် (ပန်းဘဲ တန်း)၊ သက်အောင် (အင်းစိန်)၊ ကျော်သန်း(ကွမ်းခြံကုန်း)၊ စတဲ့မြို့နယ်တာဝန်ခံ တွေအားလုံးဟာလည်း အသက် (၂၀) ဝန်းကျင်တွေ၊ ဆိုလိုတာက အဲဒီအချိန်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (N L D) ပြီးတဲ့နောက် ဒုတိယအင်အား အကြီး ဆုံးဖြစ်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဟာ လူငယ်တွေနဲ့သာ ဖွဲ့စည်းထားတာ ဆိုတာကို ဒီခေတ်လူငယ်တွေ သိ စေချင်တာပါ။

ဧပြီလ (၂၂) ရက်မှာမနက်အစောကြီး ကတည်းက ညီလာခံလုပ်မယ့် ဗဟန်းမြို့နယ်က ရန်ကုန်တိုင်းရုံး (ကျနော်တို့ အ ခေါ် ဝါးရုံပင်စခန်း) ကို ထွက်လာခဲ့တယ်။ ရောက်တော့ မျက်နှာစိမ်း လူငယ်တွေ အများကြီးတွေ့တယ်။ ဒါပေမယ့် ကြောင်တောင်တောင် ဖြစ်မနေကြပါဘူး။ တယောက်နဲ့ တယောက် ပြုံးပြပြီး အပြန်အလှန်မိတ်ဆက်ကြတယ်။ ၈ နာရီ ထိုးတော့ ခန်းမလို ဆောက်ထားတဲ့ တဲကြီးထဲဝင်ပြီး တတိယမြောက် အတန်းမှာ ထိုင်လိုက်တယ်။ ဒါနဲ့ အခမ်းအနားစ ရော ဆိုပါတော့ ၊ နယ်က မြို့နယ်ကိုယ်စားလှယ်တွေ တယောက်စီ မိတ်ဆက်ကြတယ်။ ရင်ထဲမှာစွဲနေတဲ့ စကားလေး တွေထဲမှာတော့ အရင်ဆုံးသတိရတာ မျိုးမောင်မောင် ပြောတဲ့စကား၊ လူပုံစံက တုတ်တုတ်ခိုင်ခိုင်၊ ကွမ်းကြိုက်လွန်းတဲ့ မုံရွာသားပီပီ ပါးစပ်တခုလုံး ကွမ်းသွေးတွေရဲလို့၊ သူက “ကျနော် မိုးသီးဇွန် လဲ မသိဘူး၊ မင်းကိုနိုင်လဲ မသိဘူး၊ ကျနော် သိတာ ကျောင်းသားလူငယ်တွေပဲ၊ ကျနော်တို့ နိုင်ငံရဲ့ အနာဂါတ်အတွက် ကျောင်းသားလူငယ်တွေ ခေတ်အဆက်ဆက် က တိုက်ပွဲဝင်ခဲ့တယ်၊ အခုလဲ တိုက်မှာပဲ၊ ကျနော့်မှာ ဘယ်သူခေါင်းဆောင်တယ်ဆိုတာ အဓိကမဟုတ်ဘူး ဘယ်သူပဲ လုပ်လုပ် မြန်မာပြည်သူတွေ ကောင်းစားမယ်ဆိုရင် ကြိုက်တဲ့တာဝန်ပေး၊ ကျေပြွန်အောင်လုပ်မှာပဲ” တဲ့။

နောက်တယောက်က ရွှေဘိုသား (နာမည်ရင်းမမှတ်မိတော့တာ ခွင့်လွှတ်ပါ)၊ သူကလဲ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့် နှင့် ထလာတယ်။ အညာသားပီပီ ခပ်ညိုညို အသားအရေနှင့် ကိုယ်လုံးကိုယ်ထည်ကတော့ ခပ်သေးသေး၊ သူက “မိုးသီး ဇွန် ဘယ်မှာလဲ။ မိုးသီးဇွန် ကိုတွေ့ချင်လို့၊ သူနဲ့သူ့အဖွဲ့ ဘာဆက်လုပ်မလဲ သိချင်လို့ ရန်ကုန်ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ဆင်း လာခဲ့ရတာ၊ အခုသူမရှိတော့ဘူးဆို၊ သူမရှိလဲ ဆက်လုပ်ကြပါ၊ ကျနော့်အနေနဲ့ ဒီညီလာခံက ပေးတဲ့တာဝန်ကိုယူပြီး ဆက်လုပ်မှာပဲ၊ ရဲဘော်တို့ ရှေ့ဆက်ပြီး ညှိနှိုင်းပါ၊ ဆွေးနွေးပါ၊ လုပ်ငန်းစဉ်ချပါ၊ ကျနော် အဆင်သင့်ရှိပါတယ်” တဲ့။

အဲဒီအချိန်မှာ ကျနော့နောက်က ထိုင်နေတဲ့ မဥမ္မာက လှမ်းပြောတယ် “အကိုရေ ၊ အညာသားကြီးလဲ ပြတ်တယ်နော်”။ ဒါနဲ့ ကျနော်က “သူ့ကို ရွှေဘိုသားဆိုတော့ အောင်ဇေယျလို့ နာမည်ပေးရအောင်၊ ဥက္ကဋ္ဌတင်လိုက်ရင် မကောင်းဘူးလား ဟေ့၊ ရန်ကုန်က ဥက္ကဋ္ဌမလုပ်ဘဲ နယ်ကို ဦးစားပေးလိုက်ရင် ညီညွတ်မှုလဲ အားကောင်းသွားမယ်”၊ အဲဒီကနေ့ ‘အောင် ဇေယျ ဟေ့’၊ ‘အောင်ဇေယျ တဲ့နော်’ ဆိုတဲ့စကားတွေ တဆင့်ပြီးတဆင့် ပျံ့သွားတယ်။ တကယ်လည်း မဲပေးပြီးရွေးလိုက် တော့ သူပဲ လူဘောင်သစ်ရဲ့ ဒုတိယမြောက် ဥက္ကဋ္ဌဖြစ်သွားတယ်။ ၁၉၈၉ ဇွန်လနောက်ဆုံးပတ် လူ့ဘောင်သစ် ဒီမိုက ရက်တစ်ပါတီ ဌာနချုပ် (အနော်ရထာလမ်း) မှာ ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ အာဏာဖီဆန်ရေး တရားပွဲလုပ်တော့ သူ့ရဲ့ “မောင်းပြန်ကို ဒေါင်းအလံနှင့် တိုက်မယ်” ဆိုတဲ့ စကားတခွန်း “တွင်”ကျန်ခဲ့တယ်။

နောက်တယောက်ကတော့ ဗမာတွေအထဲမှာ ရှည်တယ်ဆိုလောက်တဲ့ အရပ်နဲ့ ခပ်ပိန်ပိန်၊ တည်တည်ငြိမ်ငြိမ် မျက်နှာ ပေါက်ရှိတဲ့ ခရမ်းမြို့နယ်သား ကိုမြင့်ဇော် (၁၉၉၇ ခုနှစ်၊ မတ်လ ၅ ရက်နေ့ ထိုင်းမြန်မာ နယ်စပ်တနေရာမှာ ကွယ်လွန်) ပြောတယ်၊ သူက “ရန်ကုန်က ဗကသ ကျောင်းသား ခေါင်းဆောင်တွေရဲ့ လုပ်ရပ်ကို ကြိုက်လို့၊ ပါတီရဲ့မူကို ကြိုက်လို့၊ ဝင်လုပ်နေတာပါ၊ မိုးသီးဇွန် ရှိတာ မရှိတာ အဓိက မကျပါဘူး၊ အဓိကကျတာက ကျနော်တို့ အလုပ်ဆက်လုပ်ကြဖို့ပဲ၊ ကျောင်းသားလူငယ်တွေရဲ့ လုပ်နိုင်စွမ်းကို ပြဖို့ပဲ၊ ဒါကြောင့် ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးနဲ့ အားသွန်ခွန်စိုက် လုပ် ကြပါ၊ လုပ်မယ်လို့လည်း ယုံကြည်ပါတယ်” ဆိုပြီး ပြန်ထိုင်သွားတယ်။ နောက်တော့ သူလည်း ၁၉၉၀ ပြည့်နှစ် ဂျူလိုင်လ ၁၇ ရက်နေ့ နိုင်ငံလုံးဆိုင်ရာ အထူးအစည်းအဝေးမှာ ပါတီဥက္ကဋ္ဌ တာဝန်ကိုယူပြီး ကွယ်လွန်ချိန်အထိ မဆုတ်မနစ် လုပ် သွားခဲ့ပါတယ်။

သူပြီး နောက်တယောက် ထလာပြန်ပါတယ်။ မကွေးက ကိုသက်ဇော်။ သူက ပိုပြီးပြတ်တယ် “ကျောင်းသားခေါင်းဆောင် တွေ ဘာလို့ပါတီထောင်တာလဲ သိသိချင်း မကျေနပ်ဘူး၊ ဒါပေမယ့် ပါတီဟာ အာဏာယူဖို့ မဟုတ်ဘူး၊ ရွေးကောက်ပွဲ ဝင်ဖို့မဟုတ်ဘူး တကယ်လုပ်မယ့်လူတွေ အဖွဲ့အစည်းတွေကို ဝန်းရံပေးဖို့ ကူညီဖို့ဆိုလို့ သိပ်ကြိုက်သွားတယ်၊ ကျေနပ် တယ်၊ ဒါကြောင့် ကျနော် လာခဲ့တာပဲ၊ ဘယ်သူပဲဖြစ်ဖြစ် တိုင်းပြည်အတွက် တကယ်လုပ်မလား၊ ကျနော်ထမ်းတင်မယ်”

ကိုတင်ဦး (သင်္ကန်းကျွန်း) က ကျနော့ကို လှမ်းပြောတယ်၊ “အစ်ကိုရေ မြေလတ်သား အာဇာနည် တယောက်တော့ ပေါ် လာပြန်ပြီ” အဲဒီအချိန်မှာ ဘယ်သူလဲတော့ သေသေချာချာ မသိတော့ဘူး။ သူက အသံကျယ်ကျယ်နဲ့ “မကွေးမှာ ဗကသ ခေါင်းဆောင် ကိုဗဟိန်းက မြင်းခွာသံ တချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်သွားမယ်ဆိုတဲ့ သမိုင်းဝင်စကား ပြောသွား တယ်၊ ဒါကြောင့် သူ့ကို ဗဟိန်းအောင်လို့ နာမည်ပြောင်းရင် ကောင်းမယ်” ဆိုလိုက်တော့ ဗဟိန်းအောင်ရယ်လို့ အမည် တွင်သွားပြီး ညီလာခံမှာ အထွေထွေအတွင်းရေးမှူးအဖြစ် အရွေးခံရပါတယ်။ အခုတော့ နှစ်ရှည် ထောင်ဒဏ် ကျခံနေရ ဆဲပါ။

ဒါတွေ ရေးပြနေတာ နောက်ကြောင်းပြန်သွားနေတာ မဟုတ်ပါဘူး။ ဒီကနေ့ ပြည်တွင်းမှာ နိုင်ငံရေး မိုးလေဝသ အခြေ အနေ ကောင်းစပြုနေတာ မြင်ရတဲ့အတွက် လူငယ်နိုင်ငံရေးသမားတွေ အများကြီး ပေါ်ထွက်စေချင်လို့ပါ။ ကျနော်တို့ ခေတ်တုန်းက “နိုင်ငံရေး နာဂစ်မုန်တိုင်း” ကြောင့် အလဲလဲအကွဲကွဲနှင့် စုတ်ပြတ်သတ်အောင် ဖိနှိပ်ခံနေရတာတောင် လူငယ်တွေရဲ့ အားမာန်နဲ့ နိုင်ငံ့သမိုင်းကြောင်း တနေရာမှာ ပါဝင်ခဲ့ကြပါတယ်။ ဒါကြောင့် “ကိုဇေယျာသော်” အကျဉ်း သား ဘဝက ပြန်လွတ်လာပြီးတာနဲ့ နိုင်ငံရေးလုပ်မယ်၊ “ကိုရသ” ကလည်း ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ်ဆိုလို့ ဒီစာကို ရေးဖြစ်တာပါ။

“လေးစားပါတယ် ကိုဇေယျာသော် ” ၊ “ ကြိုဆိုပါတယ် ကိုရသ ”၊ သူတို့လိုပဲ အသစ်အသစ်သော လူငယ် နိုင်ငံရေးသမား များကို လှိုက်လှဲစွာ ကြိုဆိုလျှက်..။

သန့်စင်အောင် (ရန်ကင်း)

၎-၁၂-၂၀၁၁

ပန်းချီ .. စစ်ငြိမ်းအေး



၁၉၇၄ ခုနှစ် နိုဝင်္ဘာလ ၂၅ ရက်နေ့မှာ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ကွယ်လွန် ကြောင်းသိရပါတယ်။ ရပ်ကွက်ထဲမှာ၊ ကျောင်းမှာ အဲဒီအကြောင်းပဲပြောနေကြတယ်။ နောက်ရက်တွေမှာ ဆက်တိုက်ပဲ ဦးသန့် ရုပ်ကလာပ်ကို မြန်မာပြည်ပြန်သယ်မယ်ဆိုတဲ့အကြောင်း၊ ဦးနေဝင်း အစိုးရက နိုင်ငံတော် ဈာပနအဖြစ် လုပ်ခွင့် မပေးနိုင်ကြောင်း၊ ကြံတော သင်္ချိုင်းမှာပဲ မြှုပ်နှံရမယ် ဆိုတဲ့ အကြောင်း၊ ဦးနေဝင်းကလည်း သူ့မယား ဒေါ်ခင်မေသန်း (ပထမ မယားကြီးက ပြည်မြို့သူဒေါ်တင်တင်) ကိုတောင် ကြံတောမှာ သဂြုင်္ိဟ်တာဖြစ်ကြောင်းတွေ ကြားရတယ်။

ကျနော်က အဲဒီ အချိန်မှာ ရှစ်တန်းကျောင်းသား၊ ပညာသင်နေတဲ့ကျောင်းက အထက(၂) ရန်ကင်း၊ ကျနော်တို့ရင်ထဲမှာ မကောင်းဘူး၊ နိုင်ငံရေးတွေ ဘာတွေလည်း နားမလည်သေးဘူး၊ သေချာပေါက် နားလည်တာက ကမ္ဘာက လေးစားတဲ့ မြန်မာနိုင်ငံ အတွက် ဂုဏ်ယူစရာသမိုင်းတင်ရမယ့် ပုဂ္ဂိုလ် တယောက်ကို လက်လွတ်စပယ်နှင့် သာမန်လူတန်းစားတွေလို မြှုပ်နှံမယ်ပြောတာကို လုံးဝ မကျေနပ်တာဘဲ။ ဒါနဲ့ပဲ သူငယ်ချင်းတသိုက် စုပြီး တိုင်ပင်ကြတယ်။ ‘‘ဒို့တတွေ ဘာလုပ်ကြမလဲ’’ ‘‘တက္ကသိုလ် ကျောင်းသားတွေလည်း တိုင်ပင်နေကြပြီ’’ ‘‘ဘာလုပ်ကြမလဲ သိကြလား’’၊ ‘‘မသိသေးဘူးကွ သူတို့ အစီအစဉ်နဲ့ သူတို့ ရှိမှာပေါ့’’၊ ‘‘တတ်နိုင်တာ တစ်ခုခု လုပ်မယ်ကွာ’’၊ ‘‘ဒါဆို ပန်းခွေတော့ သွားပို့မယ်ကွာ ပြီးမှ အခြေအနေအရပေါ့’’ ။

ဒီလိုနဲ့ သူငယ်ချင်း ခုနှစ်ယောက် မုန့်ဖိုးလေးတွေ စုပြီး ရန်ကုန်မြို့လယ်က ၂၈ လမ်းမှာ ပန်းခွေ သွားဝယ်တယ်။ အဲဒီနေ့ က ဦးသန့်ဈာပနပြုလုပ်မယ့်နေ့ဖြစ်တဲ့ ဒီဇင်္ဘာလ ၅ ရက်နေ့ပေါ့။ ပန်းခွေ ဝယ်ပြီး ကျောင်းပြန် လာခဲ့တယ်။ ကျောင်းလည်း ရောက်ရော ကျောင်းအုပ် ဆရာမကြီး ဒေါ်လှကြည်က ရုံးခန်းထဲက နေမြင်ပြီး ကျောင်းစောင့်ကြီးကို အော်ပါလေရော။ “ကိုခင်မောင် ဒီကောင်တွေ ကျောင်းထဲ မဝင်စေနဲ့ ဝန်းတံခါးလည်း ကျော်မတက်စေနဲ့”။ ကျနော်တို့လည်း လန့်သွားတယ်။ ဒါနဲ့ ကျနော်တို့ ကျောင်းနောက်ဘက် လမ်းက ကျောက်ကုန်းတောရ မေဒိနီ ဘုန်းကြီးကျောင်း ထောင့်မှာရှိတဲ့ သစ်ပင်ကြီး အောက်မှာ ပန်းခွေကြီးချပြီး ကျောင်းဆင်းတဲ့ အချိန်အထိ စောင့်နေ လိုက်တယ်။

အဲဒီအချိန်ဟာ မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်၊ မြို့နယ်ကောင်စီနှင့် ပါတီယူနစ်တွေ တန်ခိုးကြီးနေတဲ့အချိန်၊ တ ကယ်ပါ ကြောက်စိတ်လုံးဝမရှိဘူး။ နေ့လည် ၁၂ နာရီထိုး ကျောင်းဆင်းတာနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာကြီး ဦးသန့် (၆၅ နှစ်) ဆိုတဲ့ စာတမ်းကပ်ထားတဲ့ ပန်းခွေကိုင်ကြပြီး ကျောက်ကုန်းလမ်းမကြီးကနေ ဆင်းလာကြတုန်း ရန်ကင်းမြို့ နယ် ကောင်စီရုံးက တရုံးလုံး ထွက်ကြည့်နေကြတယ်။ ကျနော်တို့လည်း ရင်ကော့ပြီး ကျိုက္ကဆံလမ်းအတိုင်း တပ်မတော် မှတ်တမ်းရုံးကိုဖြတ်၊ ကျိုက္ကဆံ ရဲတန်းလျားကိုကျော်၊ ပြီးတာနဲ့ ကျိုက္ကဆံ ဝန်းကြီးထဲကို ဝင်ခဲ့တယ်။ ဝန်းအပေါက်မှာ အတူ ပါလာတဲ့ စိန်ဝင်းက လှမ်းပြောတယ်။ “ဟေ့ကောင်တွေ ကြောက်ကြောက်နဲ့ စွတ်သွားနေတာလား၊ နောက်လှည့်ကြည့် ပါအုံး” ဆိုတာနဲ့ လှည့်ကြည့်လိုက်တော့ နောက်မှာ လေးယောက်တတန်း၊ ငါးယောက်တတန်း အဖြူအစိမ်းဝတ်ထားကြ တဲ့ ကျောင်းသူကျောင်းသားတွေ ဆရာဆရာမတွေပါ ပါလာတယ်။ ရင်ထဲမှာ ပျော်လိုက်တာလေ။ စည်းရုံး ထားတာ လုံးဝ မဟုတ်ပါဘူး။ သူတို့အသိ စိတ်ဓာတ်နှင့် သူတို့ လိုက်လာကြတာ။ သြော် တို့ကျောင်းသားတွေ မညံ့ဘူးဆိုတဲ့ အသိတရား အဲဒီကတည်းက ရလိုက်တာ။

ကျိုက္ကဆံဝန်းကြီးထဲ ရောက်တော့ ကျနော်တို့လိုပဲ တာမွေမြို့နယ် အ.ထ.က (၃) မင်္ဂလာတောင်ညွန့် မြို့နယ် အ.ထ.က (၁) စတဲ့ ဆိုင်းဘုတ်တွေနဲ့ အတူ ချီတက်လာတဲ့ အထက်တန်းကျောင်းသားတွေ တွေ့ရပါတယ်။ (အထက်တန်းကျောင်း အတော်များများ ဖော်ပြရန်ကျန်ရစ်ခဲ့ပါတယ်။ ခွင့်လွှတ်ပါ။) ဦးနေဝင်း အစိုးရက ဦးသန့်ရဲ့ အစ်ကိုဦးခန့်၊ ညီတဝမ်းကွဲ ဦးသောင်းတို့နှင့် ဈာပနကော်မတီ ဖွဲ့ပေးပြီး ဦးသန့်ရဲ့ရုပ်ကလာပ်ကို ကြံတောသင်္ချိုင်းမှာ ပို့ဆောင်သင်္ဂြိုလ်မှာ ဖြစ်ပါတယ်။ ဦးသန့်ရုပ်ကလာပ်ရှိတဲ့ မဏ္ဍပ်ထဲရောက်တော့ တစ်ဖွဲ့စီ တစ်ဖွဲ့စီ ပန်းခွေချပြီး ဦးညွှတ်အလေးပြုကြတယ်။ ကျနော်တို့လည်း ဦးညွှတ်အလေးပြုပြီးတဲ့နောက် လူစုခွဲလိုက်တဲ့အချိန်မှာပဲ ပုခုံးကို ဆုပ်ကိုင်လိုက်တာခံလိုက်ရတယ်။ “ဟေ့ကောင်၊ မင်း ငါနဲ့လိုက်ခဲ့” တဲ့၊ ကြည့်လိုက်တော့ အလုံမြို့နယ်က ကိုတင်မောင်ဝင်း (မဆလခေတ် အခြေခံပညာ ဦးစီးဌာနက ၁၉၇၃ ခုနှစ်မှာ ရှားရှားပါးပါး တကြိမ်တည်းဖွင့်ခဲ့တဲ့ ကျောင်းစာကြည့်တိုက်သင်တန်း အတူတက်ခဲ့သူ) ဖြစ် နေတယ်။ သူက ကျနော့လက်မောင်းကို တင်းတင်း ကြပ်ကြပ်ဆုပ်ကိုင်ရင်း ကျိုက္ကဆံကွင်း (အရင် မြင်းပွဲတွေလုပ်စဉ်ကာ လက အထူးတန်း) အပေါ်ထပ်ကို ခေါ်သွားတယ်။ ကျနော် အံ့သြသွားတယ်။ များလိုက်တဲ့မှန်ပြောင်းတွေ၊ ကင်မရာတွေ မျိုးစုံပဲ၊ အဝေးကနေ လှမ်းရိုက်နေတာလေ။

၂ နာရီလောက်မှာ တက္ကသိုလ်ကောလိပ်ကျောင်းပေါင်းစုံက ကျောင်းသားတွေ အင်္ကျီအဖြူ၊ ယောလုံချည်အနက်၊ အချို့ ကတော့ ကချင်ပုဆိုးတွေနှင့်၊ ကျောင်းသူတွေကလဲ အင်္ကျီအဖြူ၊ ထမိန်အနက်၊ တူညီဝတ်ဆင်ထားကြတယ်။ လူတိုင်း ရဲ့လက်မောင်းမှာဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ပိတ်စနက်တွေ ပတ်ထားကြတယ်။ သူတို့တွေကို ကြည့်ရတာ အင် မတန် စည်းကမ်းရှိတယ်။ ညီညီညာညာနှင့်၊ ဦးသန့် ရုပ်ကလာပ်ရှိတဲ့ မဏ္ဍပ်ကိုလက်ချင်းချိတ်ပြီး သုံးထပ်ဝန်းရံလိုက်ကြ တယ်။ ပြီးတာနဲ့ မဏ္ဍပ်မှာရှိတဲ့ စပီကာ ကနေ “မိဘပြည်သူအပေါင်းတို့ ခုချိန်ကစပြီး ကျနော်တို့ ကျောင်းသားတွေနှင့် ရဟန်းသံဃာတော် များပါဝင်တဲ့ပြည်သူ့ဈာပနကော်မတီကို ဖွဲ့စည်းလိုက်ပါပြီ။ ပြည်သူ့ကော်မတီအသစ်က ဆက်လက် တာဝန်ယူဆောင်ရွက်နိုင်ရန်အတွက် မဏ္ဍပ်အတွင်းမှ မသက်ဆိုင်သော သူများချက်ချင်း ထွက်ပေး ကြရန်ဖြစ်ပါတယ်” လို့အထပ်ထပ်ကြေငြာလိုက်တယ်။ ပြီးတာနဲ့ ဦးသန့်ရုပ်ကလာပ်ကို ရန်ကုန်တက္ကသိုလ် ကျောင်းဝန်းထဲကိုသယ်ယူလာ ခဲ့ကြတယ်။ ပြည်သူ့ဈာပနကော်မတီဆိုတာ ဘယ်သူတွေလဲဆိုတာ နောက်ပိုင်းစုံစမ်းလိုက်တော့ ပထမဦးဆုံး ဦးစိုတင့် (ရာဇာ) ဖြစ်ပြီး၊ နောက်တော့ ဦးကြည်ဝင်း (မင်္ဂလာဒုံ) (၁၉၉၀ ရွေးကောက်ပွဲမှာ မင်္ဂလာဒုံမဲဆန္ဒနယ်အမှတ် (၁) အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ် တယောက်အနေနဲ့ ရွေးကောက်ခံရပြီး ၁၉၉၉ ခုနှစ် ဇွန်လ (၁၄) ရက်နေ့မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားမပြုတော့ကြောင်း ပါတီ၏ တရားဝင်ကြေငြာခံရသူ၊ ဒီလိုသမိုင်း ကြောင်းရှိခဲ့ တဲ့ သူလိုလူကိုဘာကြောင့်?) ဖြစ်ပြီး ဦးအောင်သိန်း(ဓါတုဗေဒ) က လုံခြုံရေး၊ ဦးလှကြူ (ဓါတုဗေဒေ)က ဘဏ္ဍရေးနှင့် ဦးသန်းမြင့်၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်နေရီဘဆွေ၊ ကိုတိတ် တို့ ပါတယ်ဆိုတာ သိလိုက်ရတယ်။

ဒီလိုနဲ့ ညနေ (၅) နာရီမှာ ရန်ကုန်တက္ကသိုလ်ကျောင်းအတွင်း ရောက်တယ်ဆိုပါတော့။ ကျနော့်ကို ယာယီထိန်းသိမ်း တားတဲ့ ကိုတင်မောင်ဝင်းက ကျောင်းသားတွေ ကျိုက္ကဆံဝန်းထဲကထွက်သွားမှ လွှတ်ပေးတယ်။ ပြီးတော့ သူကမှာလိုက် သေးတယ်။ “ငါ့ညီမင်းလျှောက်သွားပြီး စိတ်ထင်ရာတွေ မလုပ်နဲ့နော်၊ မင်းမြင်တဲ့အတိုင်းပဲ၊ သူတို့ကို မမြင်နိုင်တဲ့နေရာက စောင့်ကြည့်နေတာ၊ တို့အကုန်လုံး သိနေတယ်”တဲ့။ သူ့ကြောင့် ကျနော် နောက်ပိုင်းနိုင်ငံရေးလှုပ်ရှားမှုတွေအတွက် သင် ခန်းစာ ကောင်းကောင်းရလိုက်တယ်။ရန်သူကို တယ်တော့မှလျှော့မတွက်ဖို့။

ကျောင်းထဲက ဘွဲ့နှင်းသဘင်ခန်းမရှေ့မှာ ပထမထားကြတယ်။ နောက်တော့ခန်းမထဲသို့ ရွေလိုက်တယ်။ နေ့ရောညပါ တရားပွဲတွေ ကျင်းပကြတယ်။ ကျနော်လဲနေ့တိုင်းရောက်တယ်။ အဲဒီတရားပွဲတွေက ကျနော့်ရဲ့ နိုင်ငံရေးမျိုးစေ့ကနေ အပင်ပေါက်ဖို့ စတင်တော့တာပါပဲ။

“ဦးသန့်အုတ်ဂူဘယ်မှာ လုပ်မလဲ”

“ကန်တော်မင်ပန်းခြံပေးမှာလား”

“ကြံတောမှာတော့ မထားနိုင်ဘူး”

“ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဘေးမှာ ပေးမှာလား”

“အချိန်မီ် အကြောင်းမပြန်ရင် သမဂ္ဂမြက်ခင်းပြင်မှာ ဂူသွင်းမယ်”

အချိန်မီပြန်ကြားတာတွေ ညှိနှိုင်းတာတွေ လုပ်မလာတဲ့အတွက် (၈) ရက်နေ့မှာ ရန်ကုန်စက်မှု တက္ကသိုလ် ဗိသုကာ ကျောင်းသားတွေက ဂူပုံစံဆွဲတယ်။ မြို့ပြအင်ဂျင်နိယာကျောင်းသားတွေက ကျောင်းထဲရောက်လာတဲ့ ကျနော်တို့လို ကျောင်းသားလေးတွေ၊ ပြည်သူတွေ၊ ဘုန်းတော်ကြီးတွေနဲ့ အုတ်ဂူဆောက်တယ်။ ဆေးတက္ကသိုလ်ကျောင်းသားတွေက ဆေးခန်းဖွင့်ပေးထားတယ်။ ပြည်သူတွေ လှူတဲ့ထမင်းထုပ်တွေ ကလဲများမှများ။ ကျနော်လည်း လုပ်အားပေးနေတုံး ကျနော့်ရဲ့ ကျောင်းအုပ် ဆရာမကြီး ဒေါ်လှကြည် ကို ဆရာမ ဒေါ်ခင်စန်းနဲ့ အတူ တွေ့လိုက်ရတော့ အရမ်းအံ့သြသွား တယ်၊ ပန်းခွေနဲ့ကျောင်းထဲဝင်ဖို့ ကြိုးစားနေတုန်း အအော်ခံထားရတော့ မထင်မှတ်ထားဖူးပေါ့၊ ဆရာမကြီးက ကျနော်ကို ခေါ်ပြီး “ဟဲ့ကောင်..နင်တို့ကို ပန်းခွေကြီးနဲ့ ကျောင်းထဲအဝင်ခံလိုက်ရင် ငါဘာဖြစ်သွားမလဲ၊ အခု ငါလာချင်လွန်လို့လာ တာ၊ လုပ်စရာရှိတာလုပ်ဟေ့ ဒါဟာ အမျိုးသားရေး ဒို့နိုင့်ငံရဲ့ ဂုဏ်သိက္ခာအရေး’’ ဆိုပြီးအားပေးသွားတယ်။ နောက်မှ ဆရာမကြီးဟာ ဂျပန်ခေတ် အာရှလူငယ်အစည်းအရုံးမှာ စည်းရုံးရေးတာဝန်ယူခဲ့တာလို့ သိရပါတယ်။

ဒီဇင်ဘာလ (၁၁) ရက်နေ့ (၉) နာရီလောက် ကျနော် ကျောင်းထဲရောက်တော့ ကျောင်းသားကြီးတွေ လှုပ်လှုပ်ရှားရှား ဖြစ်နေကြတယ်။ ကျောင်းကိုစစ်တပ်က မျက်ရည်ယိုဗုံးနဲ့ပစ်ပြီး လူစုခွဲမယ်ဆိုတဲ့ စကားတွေပျံ့နေပြီ။ မျက်ရည်ယိုဗုံးနဲ့ ပစ် ရင် ခံနိုင်ဖို့ လက်ကိုင်ပုဝါတွေ စုထားရန် လိုက်ဆော်သြနေတယ်။ ဒါနဲ့ ကျနော်လည်း အိမ်ပြန်ပြီး ရသလောက် လက်ကိုင် ပုဝါတွေ စုပြီးလာပို့လိုက်တယ်။ ပြီးတာနဲ့ အိမ်ခဏပြန်လိုက်ပါတယ်။ အဲဒီအချိန်မှာပဲ ကျနော့်အိမ်ကို အမေနဲ့ ရင်းနှီးတဲ့ ပါတီကောင်စီက ပုဂ္ဂိုလ်တွေရောက်လာပြီး အခုကစပြီး အိမ်ထဲမှာပဲနေဖို့ လာပြောတာကြောင့် အိမ်မှာ ခြေချုပ်မိသွား တယ်။

ဒီဇင်ဘာလ (၁၂) ရက်နေ့ အိပ်ယာကနိုးတာနဲ့ ချက်ချင်းပဲ မျက်နှာသစ်ပြီး အိမ်အပြင် ထွက်လိုက်တာနဲ့ သတင်းဆိုး ကြား ရတော့တာပဲ။ ရန်ကုန်တက္ကသိုလ်ကျောင်းဝန်း ခြင်္သေ့နှစ်ကောင်ရှိတဲ့ တံခါးမကြီးကို ဆောက်လုပ်ရေးက ယန္တယားကြီး တွေနဲ့ဖျက်ပြီး ဦးသန့်အုတ်ဂူကို ဘူဒိုဇာနဲ့ထိုးကလော် သွားတယ်တဲ့။ ကျောင်းသားတွေကိုလည်း သေနတ်နဲ့ပစ် ဒုတ်နဲ့ ရိုက်တယ်တဲ့။ အုတ်ဂူကိုမှောက်ပြီးကာကွယ်ထားတဲ့ ကျောင်းသူ ကျောင်းသားတွေကိုလည်း ရောပြီးနင်းပစ်လိုက်တယ် တဲ့။ နောက်တော့ ဦးကြည်ဝင်းကို နံပါတ်တစ်တရားခံ သတ်မှတ်ပြီး ကျောင်းသားခေါင်းဆောင် (၅၃) ယောက်ကို ထောင် ချပစ်လိုက်တယ်။

ပြောချင်တာက ကျနော်တို့ မြန်မာပြည်က ကျောင်းသားလူငယ်တွေဟာ နိုင့်ငံဂုဏ်သိက္ခာ အရေးနဲ့ပတ်သက်ပြီး ဘယ် တော့မှ နောက်မတွန့်ခဲ့ကြဘူး။ သတ္တိအပြည့်ရှိတယ်။ ရာဇဝင်မှာထွန်းပြောင်တယ်လို့ ရဲရဲကြီး ပြောချင်တာပါ။ ဒါကြောင့် အခုလို မြန်မာနိုင်ငံမှာ မျှော်လင့်ချက်လမ်းစတွေ ပေါ်ထွက်နေတဲ့ အချိန်မှာ လူငယ်တွေကို ညီညွှတ်စေချင်တယ်။ ပါတီစွဲ၊ အဖွဲ့အစည်းစွဲ၊ လူပုဂ္ဂိုလ် အစွဲအလမ်းတွေ မထားဘဲ ကျရာနေရာမှာ တတပ်တအား ပါဝင်စေချင်တယ်။

ယနေ့ခေတ် မြန်မာပြည်မှ လူငယ်များ ကိုယ့်တိုင်းပြည်ကို နိုင်ငံတကာက ရိုသေခန့်ညားအောင် ဝိုင်းဝန်း ကူညီဆောင်ရွက် နိုင်ကြပါစေလို့…

ဦးသန့်အရေးအခင်း (၃၇) နှစ်ပြည့် အထိမ်းအမှတ်
သန့်စင်အောင် (ရန်ကင်း)
၁၁-၁၂-၂၀၁၁
source by : နေ့သစ်
ဆက်ဖတ်မယ်...