12/27/2011

မျှော်လင့်ချက်တွေ စုထားတဲ့ အသံ

ယခုအချိန်ထိ စုစုပေါင်း လူ ၈၄၃ ယောက် ပါ၏။ တစ်နေ့ထက်တစ်နေ့ ဆက်ကာ ဆက်ကာ တိုးပွားနေဆဲ။
ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ် လူစုံစွာ ဒီအဖွဲ့ထဲမှာ ရှိ၏။ ပြည်တွင်းက ပြည်ပက ... ။
နိုင်ငံရေးသမား၊ အနုပညာသမား၊ စီးပွားရေးသမား၊ ကျောင်းသား ... အယုတ်အလတ်အမြတ်မရွေး ညီညာစွာ ပါဝင်ကြကုန်သည်။

ကျွန်ုပ်တို့အားလုံးကို ညီအောင်ညှိထားသောအရာကား တစ်ခုတည်း။
ကျွန်ုပ်တို့အားလုံး၏ ဦးတည်ရာကား တစ်ခုတည်း။
ကျွန်ုပ်တို့အားလုံး၏ ဟစ်ကြွေးမှုက တစ်သံတည်း။
နေ့စဉ်မပြတ် တစ်ရံမလတ် ဟစ်ကြွေးနေကြ၏။
ယင်းသည်ကား ...


ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်နှင့် နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေး။ ခုချက်ချင်းလွှတ်ပေး။

ဘ၀ဆိုသည်မှာ အိပ်မက်ကြီးတစ်ခုဟု ဆိုပါလျှင် အိပ်မက်၏ ဦးတည်ရာမှာ မျှော်လင့်ချက်ပင်ဖြစ်လိမ့်မည်။
ယင်းမျှော်လင့်ချက်များအား စုပေါင်းလိုက်သောအခါ အသံတစ်သံထွက်လာ၏။
ကို မင်းကိုနိုင်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေး။ ခုချက်ချင်း လွှတ်ပေးပါ။

ကိုယ့်ထမင်းကိုယ်စား ကိုယ့်ဘ၀ကိုယ်နေ၍ ကျွန်ုပ်တို့ ဒီအသံတစ်ခုတည်းကို ဘာကြောင့်ထပ်တလဲလဲ ပြုနေကြပါသနည်း။ မသက်ဆိုင်သလို မနေသာသောကြောင့်ဖြစ်ပါသည်။

မြန်မာလူငယ်အားလုံး၏ အကိုကြီးသဖွယ်ဖြစ်သော ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များသည် စစ်အစိုးရ၏ လူမဆန်သော အကျဉ်းထောင်များ အတွင်း တရားမဲ့စွာ ဖမ်းဆီး ချုပ်နှောင်ခြင်းကို ခံနေကြရသည်။

ယခုအခါ အရပ်သားအစိုးရဟု အမည်ခံသော စစ်ဗိုလ်တို့ အုပ်ချုပ်လေသည်။ ပြည်သူ့အသံကို နားထောင်သည်ဟု ဆို၏။ ဒီမိုကရေစီကို ဖော်ဆောင်သည်ဟု ဆို၏။ အမေရိကန်က၊ ဗြိတိန်က၊ ထိုင်းက၊ တရုတ်က၊ ဂျပန်က ၀န်ကြီးများ လာကြကုန်၏။ ဖက်လှဲတကင်း လက်တွေဆွဲကြ ပွေ့ဖက်ကြကုန်၏။
သို့သော် မြန်မာပြည်ဒီမိုကရေစီ အရေးအတွက် တက်ကြွလှုပ်ရှားခဲ့သူများမှာတော့
သံတိုင်တွေကြားရှိနေဆဲ။

အကယ်၍ မြန်မာပြည်သည် ဒီမိုကရေစီနိုင်ငံဖြစ်နေပြီဟု ဆိုပါလျှင် ဒီမိုကရေစီရဖို့ ကြိုးစားခဲ့သူများကို ယခုထိ ဘာကိစ္စ ဖမ်းဆီးထောင်ချထားဖို့ လိုပါမည်နည်း။ ယနေ့ခေတ် ကမ္ဘာအရပ်ရပ်တွင် ဘယ်ဒီမိုကရေစီနိုင်ငံမှ ယခုကဲ့သို့ တရားမဲ့စွာ နှစ်ရှည်ချုပ်နှောင်ထားခြင်းမရှ
ိပါ။ ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များ၊ အရှင်ဂမ္ဘီရနှင့် ရဟန်းတော်များ၊ ဦးခွန်ထွန်းဦးနှင့် တိုင်းရင်းသားခေါင်းဆောင်များ နိုင်ငံရေးအကျဉ်းသားများကို
ဆက်လက်ချုပ်နှောင်ထားခြင်းမှာ ဒီမိုကရေစီဟု လက်သီးလက်မောင်းတန်းချင်နေသော မြန်မာအစိုးရ၏ လက်မောင်းအား အောက်သို့ ဆွဲချထားသကဲ့သို့ရှိသော ကျောက်တုံးကျောက်ခဲကြီး ဖြစ်ပေလိမ့်မည်။ မြန်မာအစိုးရ၏ လက်ဖဝါးအလယ်ခေါင်တွင် ဆူးနေသော သံမှိုဖြစ်ပေလိမ့်မည်။


ကျွန်ုပ်တို့အားလုံးမှာ မြန်မာပြည်သူပြည်သားများဖြစ်ပါသည်။ ကျွန်ုပ်တို့အစိုးရကို ကျွန်ုပ်တို့သည်လည်း (တခြားနိုင်ငံများကဲ့သို့) အားကိုးချင်လှ ယုံကြည်ချင်လှပါသည်။ သို့အတွက် အစိုးရဘက်ကလည်း ပထမဦးဆုံး လုပ်ပြရမည့် ကိစ္စမှာ နိုင်ငံရေး အကျဉ်းသားအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးရေးပင် ဖြစ်ပါသည်။ သို့မှသာ အမျိုးသားရင်ကြားစေ့ရေး လမ်းကြောင်းကိုလျှောက်လှမ်း နိုင်ပြီး ပြည်တွင်းစစ်မီး ငြိမ်းအေးစေမည်။

အစိုးရက အစိုးရလို ကျင့်မှ ပြည်သူကလည်း ပြည်သူလို ကျင့်ပေလိမ့်မည်။
အစိုးရက ပြည်သူကို ရန်သူထင်၍  ရန်မူနေပါလျှင် ပြည်သူတို့က ဘယ်လို နေထိုင်ရပါမည်နည်း။
ပြည်တွင်းရေးတွင် စစ်အင်အားသုံးစရာမလိုပါ။ နှစ်ရှည်ထောင်ချထားစရာမလိုပါ။
ယခုအခါ အစိုးရဖွဲ့ထားသည့် လူ့အခွင့်အရေးကော်မရှင်က အလီလီထုတ်ပြန်သော ကြေငြာချက်တို့တွင် တိုင်းပြည်လုံခြုံရေး မထိပါးသူများအား ပြန်လွှတ်ရန်ဆိုသော စကားရပ်ပါ၏။
 
အာပေါင်အာရင်းသံသော ပါးစပ်တစ်ပေါက်နှင့် မျိုးချစ်စိတ်ဓါတ်မှလွဲ၍ ဘာမှ မရှိသော ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များမှာ တိုင်းပြည်လုံခြုံရေးကို မည်သို့ ထိပါးနိုင်ပါသနည်း။
ဆွမ်းစားစရာ သပိတ်တစ်လုံးနှင့် မေတ္တာတရားမှလွဲ၍ ဘာမှ မသယ်ဆောင်တတ်သော အရှင်ဂမ္ဘီရနှင့် ရဟန်းတော်များမှာ တိုင်းပြည်လုံခြုံရေးကို မည်သို့ ထိပါးနိုင်ပါသနည်း။ ပါးစပ်ဖြင့်ပြောသူကို ပါးစပ်ဖြင့် တုန့်ပြန်ပါ။ သေနတ်ဖြင့် မတုန့်ပြန်ရန် အကြံပြုလိုပါသည်။  အရပ်သားအစိုးရဟု ဆိုပါလျှင်၊ ဒီမိုကရေစီအစိုးရဟု ဆိုပါလျှင် အရပ်သားဆန်စွာ ဒီမိုကရေစီဆန်စွာ ကျင့်ကြံရပါမည်။
ထိုသို့ ကျင့်ကြံရန်လည်း ကျွန်ုပ်တို့တိုက်တွန်းပါ၏။


သို့သော် ကျွန်ုပ်တို့သည်ကား သာမာန်ပြည်သူများသာ ဖြစ်သောကြောင့် တိုက်တွန်းတောင်းဆိုခြင်းမှလွဲ၍ တခြားဘာမျှ မစွမ်းနိုင်ပါ။ သို့သော် မိုးစက်ပေါက်များ ကျဖန်များသော် သမုဒ္ဒရာပင်ပြည့်နှက်စေသည်သို့ ကျွန်ုပ်တို့အဖန်တလဲလဲ တောင်းဆိုရမည်သာဖြစ်ပါသည်။

အတ္တဟိ အတ္တနော နာထော...ဟု မြတ်ဗုဒ္ဓ ဟောကြားခဲ့တဲ့အတိုင်း ကျွန်ုပ်တို့သည် ကိုယ့်အားကိုယ်ကိုး၍ အဖန်ဖန်တလဲလဲ တောင်းဆိုနေပါမည်။ နားရှိသောသူမည်ကား ကြားပါစေ ... ဟု သမ္မာကျမ်းစာ၏  အဆိုအတိုင်း ပြည်သူ့အသံကို နားထောင်သော အစိုးရဆိုလျှင် ကျွန်ုပ်တို့၏ အသံကို ကြားပါစေ။
ကျွန်ုပ်တို့သည်ကား မြန်မာပြည်သူပြည်သား စစ်စစ်များဖြစ်ပါချေ၏။
ကျွန်ုပ်တို့၏ တူညီသော ဆန္ဒသည်ကား နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးဖြစ်ပါသည်။
ကျွန်ုပ်တို့သာမက မြန်မာနိုင်ငံသားအားလုံးလည်း ဤသို့တစ်သဘောတည်းရှိနေလိမ့်မည်ဟု ယုံကြည်မိပါသည်။
လွှတ်တော်ထဲ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ရန် အဆိုတင်သွင်းသောအခါမှာ တပ်မတော်သားတွေကပင် ထောက်ခံခဲ့ကြသော အဖြစ်က ယင်းဆန္ဒအား အထင်အရှားပြနေပါ၏။ ထပ်၍ ပြောပါဦးမည်။ ကျွန်ုပ်တို့အစိုးရအား ကျွန်ုပ်တို့ယုံချင်ပါသည်။  ထို့အတွက် နိုင်ငံရေးအကျဉ်းသား အားလုံးကို  ချက်ချင်းလွှတ်ပေးပါရန် လေးမြတ်ပြင်းထန်စွာ ပန်ကြားအပ်ပါသည်။

Free Min Ko Naing Now Group အဖွဲ့ဝင်များ။
https://www.facebook.com/groups/freepoliticalprisoners/

1 ယောက်ရဲ့ထင်မြင်ချက်:

မုတ်သုံမိုးဦး said...

ကိုမင်းကိုနိုင်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးပါ။
လွှတ်ပေးသင့်ပါပြီ။ ဒီမိုကရေစီနိုင်ငံလို့ပြောချင်ရင်သူတို့ကို
အရင်လွှတ်ပြသင့်တယ်။ ဆန်ရှင်နဲ့ လောင်းကစားဆန်ဆန် လဲစားဖို့မလုပ်သင့်တော့ပါဘူး။ အစိုးရမှာ အနည်းဆုံး လူသားချင်းစာနာစိတ်လေး ရှိနေသင့်တယ်။

27/12/11 7:41 PM