1/27/2012

အကျဉ်းထောင်တွင်း ဆရာတော်ကြီးများနှင့်သံဃာတော်များ သီတင်းသုံးရပုံ (ဦးခင်ညွှန့်သာဓုခေါ်စေရန်..) အပိုင်း ၂






● ဦးခင်ညွှန့်က ထောင်သွင်းအကျဉ်းချသော ဆရာတော်များ သံဃာတော်များ။

အဲဒီ (၃) ဆောင်မှာပဲပေါ့ဗျာ… …
အကျဉ်းသားဝတ်စုံ အဖြူကို အထက်အောက်ဝတ်ဆင်ထားရသော်လည်း မျက်လွှာချပြီး ပုတီးစိပ်ရင်း ထောင်ထဲမှာ စင်္ကြန်လျှောက်နေတဲ့ ပုဂ္ဂိုလ်ကြီး (၃) ဦးကို အားလုံးထဲမှာ ထူးခြားစွာ ကြည်ညိုဖွယ်ရာ တွေ့လိုက်ရပါတယ်။ ကျနော် တော်တော့်ကိုတုန်လှုပ်သွားတယ်ဗျ။ စိတ်ထဲ မှာလည်း ဝမ်းနည်းသလိုလို ကတုန်ကယင်ကြီး ဖြစ်သွားတယ်။ သူတို့တွေက ဘယ်သူတွေလဲ၊ ဘာဖြစ်လို့ ဒီအထဲရောက်နေရတာလဲ။ အံ့သြမှုနဲ့အတူ စုံစမ်းကြည့်လိုက်တော့ ဆရာတော်သံဃာတော်ကြီးတွေ ဖြစ်နေတယ်ဗျာ …။

တပါးက အိနြေ္ဒသိက္ခာကြီးမားသည့် ဆရာတောကြီးတွေဖြစ်သော အင်းစိန်ရွာမစာသင်တိုက်က ဆရာတော်ဦးတိလောကဘိဝံသ၊ နောက် တပါးက ပါဌိကာရီ စာသင်တိုက် (သာကေတ) ဆရာတော်ကြီး ဦးအဂိတ၊ နောက်တပါးက ရွှေဘုန်းပွင့်ဆရာတော်ဘွဲ့တော် ကျနော် မေ့ နေ ပါသည်။ ဆရာတော်ကြီးများဟာ ထောင်ဝတ်စုံဆင်မြန်းထားရသော်လည်း သီလ၊သိက္ခာတော်တို့ကြောင့် ရာဇ၀တ်အကျဉ်းသားနဲ့မတူဘဲ သိသိသာသာကြီးကို ကွဲပြားနေပါတယ်။

(ကျောက်ကုန်း မေဒိနီကျောင်းတိုက်က အိနြေ္ဒသိက္ခာကြီးမားသည့် ဆရာတော်ကြီး ဦးဉာဏ္ဏဝံသ အမှတ် (၅) ဆောင်မှာဖြစ်သည်။)


(ကွယ်လွန်သွားသောကိုအေးကြည်က သုံးဆောင်မှာ ရွှေဘုန်းပွင့်ဆရာတော်ကို တာဝန်ယူရသည်။)

ဆရာတော်ကြီးများတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ငယ်ရွယ်နုပျိုတဲ့ ဦးဇင်းလေးများလည်း ရှိကြနေတယ်။ (ဘွဲ့တော်တွေ မမှတ်မိ တာ ခွင့်လွှတ်ကြပါ)။ ရွှေဘုန်းပွင့်ကျောင်းတိုက်တခုထဲနဲ့တင် သံဃာအပါးနှစ်ဆယ်ကျော် ဖမ်းဆီးအကျဉ်းချခံရပါသည်။ ရန်ကုန်တတိုင်း လုံးနှင့် မန္တလေးတိုင်း အကုန်အပါဝင် မြန်မာပြည်အနှံ့ ဆရာတော်သံဃာတွေ ဘယ်လောက်လဲ။ ကျနော် အမှတ်သုံးဆောင်ကို ရောက်လာတဲ့ အချိန် ထောင်ပြောင်းပါသွားသည့် ဆရာတော်ကြီးများနှင့် သံယာများ မနည်းဘူးလို့သိရတယ်။

လူရှင်သချုင်္ီင်းကိုရေးတဲ့ ကိုနေလင်းတို့ ထောင် ပြောင်းပါသွားတဲ့အသုတ်ပေါ့။ ကျနော်မှတ်မိတဲ့ ရခိုင်ဦးဇင်းလေးတပါးဆို ကျနော်တို့ ထမင်းဝိုင်းမှာ ဘုဉ်းပေးပါတယ်။ တကယ့်ကို ငယ်ရွယ် ပြီး ပိန်ပိန်လေးပါ။ သက်တော်က ၂၅ နှစ်ခန့် ပါ။ ငယ်ဖြူကိုယ်တော်လေးပေါ့။ ကျနော်တို့က ဦးဇင်းလေးလို့ ခေါ်ပါတယ်။ ရဟန်းမို့ ကျနော် တို့က ဦးစားပေး ဆွမ်းဟင်းပိုထည့်ရင် ဘုဉ်းမပေးတော့ဘူး။ ကျနော်တို့နှင့် တန်းတူသာဘုဉ်းပါတယ်။

ဆွမ်းဟင်းဆိုလို့လည်း အထင်မကြီးကြပါနဲ့ဦး။ ထောင်ဝင်စာ လာတွေ့ခံရမှန်သူ တဦးနှင့် ထောင်ဝင်စာ လာကြဲသူ တဦးနဲ့ ထောင်ဝင်စာ မလာသူ သုံးဦးလေးဦးခန့်က တအုပ်စုအဖြစ် ထမင်းစားကြတော့ အပြင်ဟင်းလို့ခေါ်တဲ့ (အထားခံအောင်ကြော်ထားသည့် ငပိကြော်၊ ငါး ခြောက်ကြော်၊ သရက်သီးသနပ်နှင့် အသားကြော်တခုခုကို တဦး ဇွန်းတ၀က်ခန့်လောက် မျှစားရတာ) ဦးဇင်းလေးကို ထည့်ပေးတာပါ။ (၃) ဆောင်ဖြစ်သည့်အတွက် ထောင်ထမင်းကျွေးချိန်ကလွဲရင် အခြားအချိန်တွေမှာ ထမင်းကို စားသောက်ခွင့်၊ သိမ်းထားခွင့်မရှိဘူး။ ထောင်ဥပ ဒေအတိုင်း ကျွေးချိန်မှာ အခန်းအပြင်ဖက်စင်္ကြန်မှာ စားရပါတယ်။

အဲသည့်စနစ်ဟာ ကျနော့်တို့ သာမန်လူတွေအတွက်က ဘာမှအခက်အခဲမရှိပေမယ့် မွန်းတည့်နောက်ပိုင်းမှာ ဘုဉ်းမပေးရတဲ့ သံဃာတော် တွေအဖို့မှာ အတော်ဒုက္ခရောက်ကြရပါတယ်။ အဲဒီတော့ ကျနော်တို့က ညနေစာလာကျွေးတဲ့ ထောင်ထမင်း ၀ါကျင့်ကျင့်ကို ကော်ဇလုံထဲမှာ ပါးပါးလေးခင်း၊ အပေါ်ကနေ အ၀တ်ပိုင်းစ (အင်္ကျီပိုင်း) ကို ရေဆွတ်ပြီး ရေညှစ်လို့ အုပ်ထားရပါတယ်။ အဲဒါကို မနက်ထောင်ဖွင့်ချိန်မှာ အာ ရုံဆွမ်းအဖြစ် သံဃာတော်တွေကို ထောင်ထမင်း ၀ါကျင့်ကျင့် သိုးနံ့ဝင်လုလုကို ကပ်ကြပါသည်။

ရေချိုးသည့်အခါ အကျဉ်းသားများ လေးယောက်တတွဲထိုင်ပြီး ရေကန်အပြင်မှာ တန်းစီရပါသည်။ ရေကန်စောင့်က “တတန်းလာ” လို့ အော်လိုက်ရင် ထပြီးရေကန်ဘေးမှာရပ်ပြီး ဒန်ပန်ကန်ပြားကိုင်ကာ “ခပ်” ဆိုတဲ့ အချိန်ကျမှာ တခါခပ်လို့ ရေချိုးရတဲ့စနစ်ကို ဆရာတော် သံဃာတော်တွေလဲ လိုက်နာရပါသည်။

ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာအထွန်းကားဆုံးဖြစ်သော ကျနော်တို့ မြန်မာနိုင်ငံမှာ ရဟန်းသံဃာတော်များကိုသတ်ဖို့ အမိန့်ပေးတဲ့ ဦးခင်ညွန့်တို့ န၀တကပ်တဲ့ ဆွမ်းကွမ်းအလှူဒါနမို့ လက်မခံဘဲ ကံဆောင်တော်မူတဲ့ အရှင်သူတော်မြတ်များကို ထောင်တွင်းမှာ လူမြင်သူမြင် တရားဝင် ဦးချခွင့်မရှိပါ။ လူမြင်သူမြင် ဆွမ်းကပ်ခွင့်မရှိပါ။ ဒါတွေကို မြန်မာပြည်သူပြည်သားအပေါင်း သေသေချာချာမှသိကြပါ့မလား။

မနက်တခါ ညနေတခါထိုင်ပြီး “ပုံစံ” လိုအော်ရင် ဦးခေါင်းငုံထားရသည့် ဆရာတော်သံဃာတော်တွေအဖြစ်၊ ရာဇ၀တ်သား အကျဉ်းသားများ နှင့် ကြမ်းတပြေးထိုင် သီတင်းသုံးကာ ဆဲဆိုကြိမ်းမောင်းသံများ ကြားတော်မူနေရသော အဖြစ်။ ညအချိန်မှာ ကြမ်းပေါ်မှာ အကျဉ်းသားများနှင့် တိုးဝှေ့ပြီး အတူကျိမ်းတော်မူရသည့်၏အဖြစ်များကို မြန်မာပြည်သူတို့တွေ့ရရင် ဘယ်လိုခံစားမလဲ။

ငါ –ီုး မသားတွေ နားထောင်ကြစမ်းလို့ အော်ဟစ်ပြောဆိုနေတဲ့ ထောင်အကျဉ်းခန်းထဲမှာ သီတင်းသုံးရသည့် သာသနာပိုင်ဆရာတော်တွေ စိတ်နှလုံးကို တွေးကြည့်ကြပါဗျာ။ စစ်ဖိနပ်စီးပြီး လမ်းလျှောက်လာတဲ့ ထောင်အာဏာပိုင်တွေနင်းနေတဲ့ ကြမ်းပြင်တပြေးထဲမှာပဲထိုင်ပြီး ခေါင်းငုံအရိုသေပေးနေရတဲ့ သာသနာပိုင်ဆရာတော်တွေအဖြစ် သံဃာတော်တွေအဖြစ်ကို တွေးကြည့်ပါ။ အဲဒီအချိန်မှာ ဗိုလ်ချုပ်ကြီးခင်ညွှန့်သွားလေရာမှာ လူတကာကို လက်အုပ်ချီပြီး ခရီးဦးကြိုပြုရန် ညွှန်ကြားထားသည်။ သူလိုသာမန်လူတယောက်တောင် လက်အုပ်ချီ ခရီးဦးကြိုပြုခံနေတဲ့အချိန်မှာ သာသနာပိုင်ဆရာတော်တွေ ထောင်ထဲမှာသီတင်းသုံးနေသည်။

ထောင်ဥပဒေအတိုင်း အမည်ကို ဦး ကို တပ်မခေါ်တဲ့အတွက် ဆရာတော်ကြီးတွေအမည်ကိုခေါ်တဲ့အခါမှာ စိတ်မသက်သာဖြစ်ရတာကို တွေးကြည့်ပေါ့။ အကျဉ်းသားအချင်းချင်းနှင့်ကတော့ ထောင်ဝင်စာလာရင် အမည်လိုက်ခေါ်တဲ့ အကျဉ်းသားတောင် ဆရာတော်တွေကို အလွတ်ကျတ်ထားပြီး အသာလေးအနားလာပြီး ဘုန်းဘုန်းဘုရားလို့ ထောင်ဝင်စာ စာရွတ်လာ ကပ်တာတွေတော့ရှိပါသည်။ သို့သော်လည်း တရားမ၀င်ဘူးလေ။

တပတ်တခါ ထောင်ပိုင်တန်းစီတဲ့အခါ။ တလတခါ ညွှန်ကြားရေးမှူးလှည့်တဲ့အခါ ဆရာတော်တွေမှာ အကျဉ်းသားတွေကြားထဲ တောင့် တောင့်ထိုင်ပြီး ဦးခေါင်းချိုး အရိုသေပေးရတာကို ဘာသာတရားကြည်ညိုလှပါသည်ဆိုသောဦးခင်ညွှန့် ဘာလုပ်ဖို့ သံဃာတွေ ထောင်ချ သေးသလဲ။

ထောင်မှူးသိန်းမြင့်က ထောင်ကျလာရင် အကျဉ်းသားပဲဆိုပြီး တောင်ယာရေလောင်းဖို့ လူစာရင်းမှာပါတဲ့ သက်ကြီးဝါကြီး ဆရာတော်တွေ ကိုယ်စား ကျနော်တို့လူငယ်တွေနှင့် ရဟန်းပျိုတွေက အလှည့်ကျ ၀ိုင်းထမ်းပြီးလောင်းရတဲ့ အမှတ်သုံးဆောင် ချိုးရေကန်က ပုတ်စော်နံရေ တွေကို သံစည်ပိုင်းပြတ်နှင့် နွားထမ်းတဲ့တံဘိုးကို တပ်ထမ်းနေရတဲ့အချိန်မှာတော့။

ဦးခင်ညွှန့်တယောက် နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ရွှေသင်္ကန်းကပ်တဲ့ ဝေါယာဉ်ကြိုးကို ဖွဖွလေးဆွဲပြပြီး ဘုရားဒကာကြီးအဖြစ် ပြည်သူ တွေကိုလုပ်ပြနေတာ ဦးခင်ညွှန် ကိုယ့်လိပ်ပြာ ကိုယ်လုံသလား။ မထင်ပါဘူး။ သံဃာကို သတ်တဲ့ အသင်းအဖွဲ့၏ တာဝန်ရှိသူသံဃာကို ညှင်းဆဲတဲ့အသင်းအဖွဲ့ တာဝန်ရှိသူ အမိန့်ပေးသူ ဦးခင်ညွှန့်မိမိကိုယ်ကို ဗုဒ္ဓဘာသာဝင်တယောက်အဖြစ် ရဲရဲကြီး ကြွေးကြော်ရဲပါသလား။

အရှက်သိက္ခာကြီးလှတဲ့ ဆရာတော်ကြီးတွေ ကျင်ကြီး ကျင်ငယ်တောင် မစွန့်ဝံ့တာတဲ့။ အင်းစိန်ထောင် မိလ္လာစနစ်မှာ စိတ်မသက်သာရှိလှ တဲ့အချိန်၊ ရွှေကွပ်ထားတဲ့ ဘိုထိုင်ရေအိမ်နဲ့ ဦးခင်ညွှန့်ထိုင်ရင်းနှင့် တွေးမိလား။ သာသနာပိုင်ဆရာတော်ဘုရားတွေ ဘယ်လိုရှိမလဲဆိုတာ မျိုးလေးပေါ့။

အဲဒီ ၁၉၉၁ ထောင်ပြောင်းကာလမှာ သံဃာတော်တွေကို ထောင်သွင်းအကျဉ်းချထားချိန်၊ ဆရာတော်တွေကို ခေါင်းစွပ်စွပ်ပြီး ခြေကျဉ်း ခတ်ကာ ထောင်ပြောင်းနေတဲ့အချိန်မှာတော့ မြန်မာပြည်သူများရှေ့တွင် ဦးခင်ညွှန့်တယောက် စမတ်ကျကျ ဝတ်ထားတဲ့ စစ်ဗိုလ်ချုပ်ဝတ်စုံ အပေါ်ကနေ ယောဂီပတ်ကလေး ပတ်လိုက်၊ အဖြုရောင်ပတ်လေး ပတ်လိုက်နှင့် ဘုရားဒကာ ကျောင်းဒကာဘွဲ့ခံနေခဲ့တာကိုရော ပီတိဖြစ် နေကြတဲ့ မြန်မာပြည်သူ ပြည်သားတွေ ဒီကိစ္စတွေ အကုန်သိကြပါ့မလား။

အဲသည့်အချိန်မှာ ထောင်ထဲမှာ ဒဏ်မခံနိုင်လွန်းလို့ ပျံလွန်တော်မူ ရှာရတဲ့ ဆရာတော်တွေရှိနေတယ်ဆိုတာကို မြန်မာပြည်သူပြည်သားတွေ သိကြပါ့မလား။

ထောင်ပြောင်း သံဃာတော်တွေထဲက ကျနော်မှတ်မိတဲ့ ပျံလွန်တော်မူခဲ့ရတဲ့ သရက်တောကျောင်းတိုက် (လမ်းမတော်) ဆရာတော် ဦးအာ စရ (သရက်ထောင်မှာ) ပါ။ ရွေဘုန်းပွင့်ကျောင်းတိုက်က ဦးဇောတိက (ခြေတဖက် မသန်တဲ့ဆရာတော်) အင်းစိန်ထောင် အမှတ် (၅) ဆောင်မှ ပျံလွန်တော်မူသည်။

ကျနော် ၀တ္တုရေးနေတာမဟုတ်ပါ။ ကြုံတွေ့လိုက်ရတဲ့ မြန်မာပြည်ဒီမိုကရေစီ သမိုင်းအချိုးကွေ့ကပုံရိပ်တွေကို လှည့်စားနေသူများအား မီးမောင်းထိုးပြနေခြင်းသာ ဖြစ်ပါသည်။

အခုကျနော်ရေးသည့်အချက်အလက်များကို ကျနော်တယောက်ထဲ သက်သေရှိခြင်းမဟုတ်ပါ။ ထို အချိန်က ခံစားခဲ့သူအားလုံး သက်သေရှိနေတာပါ။ ကျနော်က ဒီအချက်လက်များကို ဖြန့်ဝေပေးတဲ့ သဲတပွင့်သာ ဖြစ်သည်။ အစဉ်လာ ကြီးမားတဲ့ သမိုင်းအချိုးကွေ့တွေကို ဖြတ်သန်းမြင်လိုက်ရတဲ့ အညတြရတိုက်ပွဲဝင် လူငယ်တဦးသာ ဖြစ်ပါသည်။ ကျနော်ရေးနေခြင်းသည် သမိုင်းကို မြင်လိုက် ရသည့်ဖက်ကနေ သိသမျှကိုရေးပေးနေခြင်းပါ။ ခံယူမှု လက်ခံမှုက တဦးချင်းစီ၏ ပုဂ္ဂလိကခံယူမှု အခွင့်ရေးသာဖြစ်သည်။

● ကံဆောင်ရခြင်းနောက်ခံနှင့် ဦးခင်ညွှန့်သို့မေးခွန်းများ

၁၉၉၀ ခုနှစ်မှာ ရှစ်လေးလုံးနှစ်ပတ်လည်နေ့အတွက် မန္တလေးမြို့မှာ ဆွမ်းလောင်းကိုပွဲကို န၀တတိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည်က သံဃာ တော်တွေကို မကြွရဘူးတားမြစ်သည်။ သံဃာထုကလည်း ဒါဟာဆွမ်းလောင်းတာ ၀ိနည်းအရ ရှောင်ဖယ်လို့မရဘူးဆိုပြီးမိန့်ကာ ဆွမ်းခံကြွ လေတော့ ရုပ်ပျက်ဆင်းပျက်ဖြိုခွင်းပါသည်။ ဆွမ်းသပိတ်များကိုင်ဆောင်ကြွလာတဲ့ သံဃာတော်များကို န၀တ စစ်အစိုးရက သက္ကင်္န်းတွေဆွဲ ချွတ်၊ သပိတ်တွေလွှင့်ပစ်ကာ အကြမ်းဖက်ဖမ်းဆီးတာကို သံဃာတော်တွေဖက်မှ မခံနိုင်သောရဟန်းပျိုများက ပြန်လည်တုန့်ပြန်ရိုက် ပွဲဖြစ်ရာ၊ န၀တဖက်မှ ပစ်ခတ်နှိမ်နင်းမှုများလုပ်သဖြင့် စက်တင်ဘာလတွင် မန္တလေးတိုင်းမှ ဆရာတော် သံဃာတော်များက ၀ိနည်းတော် အတိုင်း သပိတ်မှောက် သံဃာကံပြုတော်မူပါသည်။

ရန်ကုန်မြို့မှ တိပိဋကဓရဆရာတော် အရှင်သုမင်္ဂလာလင်္ကာရအမှူးပြုသော သံဃာတော်များက အောက်တိုဘာလ (၃) ရက်နေ့တွင် သပိတ်မှောက် သံဃာကံပြုလုပ်သည်။ အဲဒီအချိန်မှာ ကထိန်ခင်းခြင်းနှင့် သံဃာ့စာမေးပွဲပြီးတဲ့အချိန်ဆိုတော့ န၀တစစ်အစိုးရအုပ်စုမှ အဓိ ကမင်းသားကြီး ဦးခင်ညွှန့်ကျောင်းတိုက်တွေကို လှူဘွယ်ပစ္စည်းများကပ်လှူပါသည်။ တကယ်ဆိုရင် နှစ်စဉ် ၂ လပိုင်းလောက်မှ ကျင်း ပ လေ့ရှိသော သံဃာစာမေးပွဲဆုဆက်ကပ်ခြင်းကို ဦးခင်ညွှန့်က အဲဒီလမှာပဲ ချက်ချင်းလုပ်သည်။ ဆရာတော် သံဃာတော်တွေက အလှူခံ ခြင်းမပြုလေတော့ ထိပ်တိုက်တွေ့ဆုံခြင်းကိုခံရလို့ ဒေါသသူပုန်ထသူက ဦးခင်ညွှန့် ဘယ်လိုကြမ်းရမ်းခဲ့သလဲကို သူကိုယ်တိုင်မှတ်မိမှာပါ မေးကြည့်ကြပါ။ အဲဒီအချိန်ကျမှ များလိုက်တဲ့ သံဃာအတုအယောင်အမှုတွေက နေ့စဉ်လိုလို သတင်းစာမှာပေါ်ထွက်လာလိုက်တာမှ ထူးထူးဆန်းဆန်း ဖြစ်နေတော့သည်။ သံဃာ့ကံဆောင်ခြင်းမပြုသော သံဃာတော်အချို့ကို ဦးခင်ညွှန့်တီဗွီများ ဆက်ကပ်လှူဒါန်းနေပုံကို နိုင်ငံပိုင်သတင်းစာများ၏ မျက်နှာဖုံးမှာတွေ့ပေမည်။

ကမ္ဘာအေးသို့ န၀တစစ်အစိုးရဖိအားပေးပြီး သပိတ်လှန်ရမည် အမိန့်ထုက်စေသည်။ ညမထွက်ရ အမိန့်ထုတ်ထားသည့် ၁၉၉၀ ခုနှစ် ဒီဇင် ဘာလ ၅ ရက်နေ့ညမှစတင်ပြီး သံဃာတော်များကို ခေါင်းစွပ် စွပ်ကာဖမ်းဆီးသည်။ စစ်ကားပေါ်ဆွဲတင်ကာ စစ်ထောက်လှမ်း၏ စစ်ကြော ရေးသို့ ပို့ဆောင်စစ်ဆေးသည်။ စစ်ကြောရေးတွင် သံဃာတော်များကို သင်္ကန်းတော်များ အတင်းဆွဲချွတ်ခြင်းအမှုကို ဦးခင်ညွှန်၏ အမိန့် ကြောင့်မလုပ်လျှင် ဘယ်သူလုပ်ရဲပေမည်နည်း။ မာန်ဟုန်ပြင်းပြင်း အာဏာစက်ကြီးမားလှသည့် ဗိုလ်ချုပ်ခင်ညွှန့်ဘ၀က ဟန်များ မာန်များ ကို ထိုအချိန်က သတင်းစာများ တီဗီသတင်းများမှာ ပြန်ရှာကြည့်ပေတော့။

ဒီတော့ သပိတ်မှောက်ရသည့် သံဃာတော်တွေကို အာဃာတတရားကြီးစွာနှင့်ဖြိုခွင်း အကျဉ်းချသူက န၀တ အထွေထွေအတွင်းရေးမှူး (၁) စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ခင်ညွှန့်ဖြစ်ကြောင်း ကျေးဇူများကို မသိသေးသူများ အမှတ်ရပါစေကုန်။ တိပိဋကဓရ ဆရာ တော် အရှင်သုမင်္ဂလာလင်္ကာရ မြစ်ကြီးနားထောင်မှာ ၉ နှစ်လောက် အကျဉ်းချခံ သီတင်းသုံးရပြီးနောက် ပြန်လွတ်လာပြီး မကြာခင်မှာ ပျံလွန်တော်မူရှာလေသည်။

ထိုသို့ ပျံလွန်တော်မူချိန်ကျမှ ဦးခင်ညွှန့်တယောက် ဘာလို့များ အကျယ်ချုပ်ဘ၀နှင့် သွားဖူးတာလဲဆိုတာကို သိချင်သည်။ မေးပေးကြပါ။ မိမိမှာ တာဝန်အရလုပ်ရသည်များ ရှိသည် အစချီသည့် မီဒီယာများမှာ ဦးခင်ညွှန့်ပြောတာကို ပြန်မေးချင်တာက ထိုအချိန်မှာ ဦးခင်ညွှန့် အခြားနည်းလမ်း ဖြေရှင်းစရာ မရှိဘူးလား။ တကယ်ပဲလား။
————————————-

အချက်အလက်အချို့ကို ဆွမ်းကြွခါနီး ဖုန်းကိုင်ပေးတော်မူကာဖြေကြားပေးသည့် သုံးကြိမ်တိတိ နိုင်ငံရေးအကျဉ်းသားဖြစ်သည့်တိုင် ပြည် သူဖက်ကရပ်တည်သော ဆရာတော်ဦးပညာဇောတ၏ကျေးဇူးတော်ကို ဦးတင်လိုက်ရပါသည်။ အင်းစိန်ထောင် အမှတ်သုံးဆောင်မှ နိုင်ငံရေးအကျဉ်းသားဟောင်း ပြည်တွင်းမှာ သီတင်းသုံးတော်မူသည့် ဦးဇင်းဘုရားကိုလည်း ဦးတင် လိုက်ပါသည်။ ပြည်တွင်းက အကိုတော်ကြီး (အမှတ်သုံးဆောင်)၊ အမေရိကန်ပြည်ထောင်စုရှိ သူငယ်ချင်း ကိုဇေယျာဝင်း၊ ကိုဂျွန်ဂလင်း တို့နှင့်အတူ ကျနော် သုံးဆောင်မရောက်ခင် ထောင်ပြောင်းခံရတဲ့ ကိုမင်းနိုင် (Buffalo, New York) တို့အား အချက်အလက်များအတွက် ကျေးဇူးတင်ရှိပါသည်။
—————————————————-

ရေးပေးဖို့ ပြည်သူတွေကိုယ်စားတောင်းဆိုတာကတော့ အကိုချိုတူးဇော်ဖြစ်ပါတယ်။ တချိန်လုံးပြောရုံမက wall မှာလာရေးသူက မနန္ဒာ ဖြစ်သည်။ ကျနော်တာဝန်ကို ကျနော်ကျေအာင် ရေးပေးလိုက်ပါပြီ။ တခုပြောချင်တာ ဒီစာလုံးတွေကိုရေးတာ လက်နဲ့မဟုတ်ပါဘူး။ နှလုံးသားနှင့်ရေးတာ စာဖတ်သူတို့ မထင်မှတ်တဲ့ စာလုံးအချို့မှာ ကျနော့်မျက်ရည်ပေါက်တွေရှိပါတယ်။


ရဲမင်းထွန်း

ဆက်လက်ပြီး ဖော်ပြပေးပါမည်။

source by : http://moemaka.com

0 ယောက်ရဲ့ထင်မြင်ချက်: