Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

စစ်ပွဲတွေကြားမှာ

စစ်ပွဲတွေကြားမှာ

ကလေးငယ်လေးတွေက

အဖေပျောက်

အမေပျောက်ကို

ရှာဖွေနေကြတယ်။


စစ်ပွဲတွေကြားမှာ

လက်နက်ကိုင်ထားသူတွေက

အိမ်သူသားမယား

မိဘမောင်ဘွားကို

သတိရနေကြတယ်။


စစ်ပွဲတွေကြားမှာ

ဒဏ်ရာရသူတွေက

ဆေးဝါးအစုံအလင်နဲ့

အကြင်နာလက်တွေကို

ငံ့လင့်နေကြတယ်။


စစ်ပွဲတွေကြားမှာ

သေနတ်သံတွေ

ထွက်လာတိုင်း

လူ့အသက်တွေ

ဆုံးရှုံးနေကြတယ်။


စစ်ပွဲတွေကြားမှာ

မိုင်းကွဲသံတွေ

ထွက်လာတိုင်း

ခြေလက်အင်္ဂါတွေ

ဆုံးရှုံးနေကြတယ်။


စစ်ပွဲတွေကြားမှာ

ယမ်းငွေ့တွေနဲ့အတူ

နာကျည်းစိတ်တွေ၊

ရန်လိုစိတ်တွေ၊

လက်စားချေစိတ်တွေ၊

အမုန်းတရားတွေ

ပေါက်ဖွားနေကြတယ်။


စစ်ပွဲတွေကြားမှာ

အသက်တွေ၊

ဘ၀တွေနဲ့

ခန္ဓာတွေ

ပျက်စီးခဲ့ရတယ်။


စစ်ပွဲတွေကြားမှာ

ပူပန်မှုတွေ၊

မျက်ရည်စက်တွေနဲ့

သောကတွေ

ပင်လယ်ဝေခဲ့ရတယ်။


သြော်-

ဒီစစ်ပွဲတွေကိုပဲ

အမျိုးအမည်

တပ်လို့ကောင်းနေကြဆဲ၊

ပြည်တွင်းစစ်

ကမ္ဘာစစ်

ကျူးကျော်စစ်

ခုခံစစ်

တော်လှန်စစ်

တရားသောစစ်

မတရားသောစစ်

------------စစ်

------------စစ်တွေ တဲ့လေ။


ဆုတောင်းမိတယ်- ကလေးရယ်၊

မင်းတို့ခေတ်ကျရင်

စစ်ပွဲတွေ

မကျန်ရစ်ပါစေနဲ့။



ခင်မမမျိုး (၂၀၊ ၄၊ ၂၀၁၂)
ဆက်ဖတ်မယ်...

“ေဇယ်တုပါ အေမစုရာ”

၁။ ကုန်လွန်ခဲ့သည့် အနှစ်နှစ်ဆယ်
ပေးဆပ်ခဲ့သည့် အမေ့ချွေး
ပန်းနှယ်ယမင်း
ရနံ့သင်းနေဆဲပါ အမေ။

၂။ ကုန်လွန်ခဲ့သည့် အနှစ်နှစ်ဆယ်
ပေးဆပ်ခဲ့သည့် အမေ့သွေး
ပြည်သူ့ရင်ထဲ စီးဆင်းနေဆဲပါ အမေ။

၃။ ကုန်လွန်ခဲ့သည့် အနှစ်နှစ်ဆယ်
ပေးဆပ်ခဲ့သည့် အမေ့ဘဝ
စစ်ဖိနပ်ဒဏ်ရာများ
စစ်ဘက်နက်ဒဏ်ရာများ
စစ်သေနတ်ဒဏ်ရာများ
ပြည်သူ့ချွေးတွေနဲ့ ဆေးကြော
ပြည်သူ့မျက်ရည်နဲ့ ယုယ
ပြည်သူ့သွေးတွေနဲ့ ကုသ
အမေ နေသာပါပြီလား အမေ။

၎။ ၂၀၁၂-ရဲ့ ဧပြီလ
ဧပြီညရဲ့ တန်ခူးလ
အဘိုးတွေလည်း ပျော်ကြ
အဘွားတွေလည်း ပျော်ကြ
အမျိုးသားတွေလည်း ပျော်ကြ
အမျိုးသမီးတွေလည်း ပျော်ကြ
လူငယ်တွေလည်း ပျော်ကြ
လူရွယ်တွေလည်း ပျော်ကြ
ကျောင်းသားတွေလည်း ပျော်ကြ
ကျောင်းသူတွေလည်း ပျော်ကြ
ကလေးတွေလည်း ပျော်ကြ
လူကြီးတွေလည်း ပျော်ကြ
စာသင်သားတွေလည်း ပျော်ကြ
စာချဆရာတွေလည်း ပျော်ကြ
ပြည်သူတွေလည်း ပျော်ကြ
သံဃာတွေလည်း ပျော်ကြ။

၅။ အသက်အရွယ် မတူညီကြပေမယ့်
တူညီတာ တစ်ခုရှိတယ်။
အဆင့်အတန်းတွေ မတူညီကြပေမယ့်
တူညီတာ တစ်ခုရှိတယ်။
အမျိုးအနွယ် မတူညီကြပေမယ့်
တူညီတာ တစ်ခုရှိတယ်။
ဘာသာတရား မတူညီကြပေမယ့်
တူညီတာ တစ်ခုရှိတယ်။
အဲဒါဟာ “အမေစု”ဆိုတဲ့ ဟစ်ကြွေးသံပါပဲ။
NLD-နိုင်ပြီ။
အမေစု နိုင်ပြီ-တဲ့ အမေ။

၆။ သူတို့ပျော်မြူး သားကြည်နူး
သူတို့အက သားဘဝ
အပျော်တွေ ကူးစက်ခံရပေမယ့်
မျက်ရည်စက်တို့ ဝေ့ကာဝဲ။
အမေလည်း ဒီလိုနေမှာပဲနော်။

၇။ လေးဆယ်ကျော် နေရာအတွက် ဒီပျော်ပွဲ
မရေရာတဲ့ နေရာလေးတွေ အတွက်နဲ့တောင်
ပြည်သူတွေ ဒီလောက်တောင် ပျော်ကြရင်
အထွေထွေ ရွေးကောက်ပွဲကြီးမှာ
အမှတ်အသာနဲ့ နိုင်ခဲ့ရင်
နိုင်ငံတစ်ဝှမ်းလုံး ခြိမ့်ခြိမ့်သဲ
ပြည်သူတစ်ရပ်လုံး ပျော်ရွှင်ပွဲ
အားခဲလို့ နွှဲပုံများ
ရှုစားရမည့် ထိုအချိန်
အမေ့အတွက် သားဆုတောင်း
“ေဇယ်တုပါ အေမစုရာ”
“အောင်ပါစေဗျာ အောင်စေဗျာ”

ဦးပဉ္စင်းဝီရသူ


source by : http://www.naytthit.net


ဆက်ဖတ်မယ်...

ကိုမင်းကိုနိုင်ရဲ့ ကဗျာ



ကျနော်တို့ဟာ
မုန်တိုင်းကို ဆန်ရင်း
သင်းကွဲကြတဲ့ ငှက်အုပ်ပါ။

ပိတောက်နံ့သင်းတဲ့ လေပြေအေး
ဂေဟာဟောင်းကို တံခါးဖွင့်ဝင်
တူးပို့ တူးပို့ ဗုံသံလေး
ညီမလေးကို ထ,က,အောင်
ပြိုင်တူလက်ခုပ်တီးမယ်လို့
ပြန်ဆုံမယ့်နေ့ အမေ့အိမ်မှာ ...။

ခုနေမှာတော့
တယောက်အနားဖေး တယောက်ဆေးတင်
တယောက်ရင်ခွင် တယောက်မေးတင်လို့ ...။

ကျနော်တို့မှာ ... လိုအပ်တာ
ဘယ်အချိန်ထ,ဆိုဆို
‘အိုးဝေ’ သံချို ညီဖို့ပဲမဟုတ်လား။ ။

ယုံကြည်တဲ့ ...

မင်းကိုနိုင်

source by : http://drlunswe.blogspot.com
ဆက်ဖတ်မယ်...

ဤခရီး မနီးသေးပါ


ချော်နေတဲ့လမ်း မာန်တင်းပြီးလှမ်းသူကို
နဖူးကွဲမယ် ဒူးပြဲမယ်လို့
ဘေးကနေ၀ူးဝဲ အော်နေတာထက်စာ
ချော်လဲမှာ တကယ်စိုးရင်
ရိုးရိုးလေးပဲ ဘေးကနေတွဲလျှောက်
ငါတို့ ဘယ်တော့မှ နောက်ကောက်မကျဘူး။

ပုထုဇဉ်လူသားပေမို့
အမှားကင်းသူရယ်လို့
လောကတခွင် ရှိမည်မထင်
ရိုးသားစွာ ကျင့်ကြံမှုနဲ့
စေတနာမှန်ကန်မှုတွေက
သမိုင်းမှာမှတ်ကျောက်တင်
ဘယ်သူတွေ ဘာနဲ့နှိုင်းနှိုင်း
ရာဇ၀င်မှာ ဘယ်တော့မှမရိုင်း။

အငြိုးတရားတွေကို
အတိုးထပ်ထပ်ပွားလို့တော့
တိုင်းပြည် အကျိုးများဖို့မမြင်
အဆိုးကျော့ သံသရာမှာတော့
တကယ်ပဲ မလည်စေချင်….
အာဃာတဓားကိုပစ်
ငြိမ်းချမ်းရေးကိုချစ်ရင်
အဲဒါ…… ဘယ်သူ့ဆန္ဒဖြစ်ဖြစ်
ပြည်သူတွေဘ၀နဲ့ တထပ်တည်းကျတယ်။

ဤခရီး မနီးသေးသော်လည်း
လှေလှော်ရင်း တက်ကျိုး
ဘေးထွက်လို့ ထိုင်သူထိုင်
ငါတကော ကောသူကော
အငြိုးတရားတွေကို ချစ်လိုချစ်
လေသေနတ်နဲ့ ပစ်လိုပစ်
တိုင်းပြည်ကတော့ နစ်သထက်နစ်မယ့်ဟန်
အဲဒါ…. မင်းတို့ ငါတို့နဲ့ ထိုက်တန်တဲ့
ဒီမိုကရေစီအမှန်လား။

၂၀၀၇၊ ၉၆၊ ၈၈၊ ၇၄
မျိုးဆက်သွေး တကယ်မှန်ရင်
အာဏာရှင် ငမိုက်သားတွေကို
တိုက်ခဲ့တဲ့ ရည်ရွယ်ချက်
အမြတ်အစွန်း ထိုင်တွက်နေဖို့မဟုတ်
ဆုတ်ယုတ်နေတဲ့ တိုင်းပြည်နဲ့
ငတ်ပြတ်နေတဲ့ ပြည်သူအတွက်
အသက်တွေ ပေး
ဘ၀တွေ စတေး
သွေးခင်းလမ်းတွေ လျှောက်ခဲ့ကြတယ်ဆိုရင်…

အခင်းအကျင်းတမျိုးနဲ့
တိုက်ပွဲက ခုမှအစပျိုးတယ်
မလိုက်ချင်သူတွေအတွက်တော့ မပြောလို….။ ။


မောင်ပါလ
၁၉.၁၁.၂၀၁၁
ဆက်ဖတ်မယ်...

သဘာဝမင်းသား

ကျနော်ငယ်ငယ်က
သူ့ကိုအားကျပြီး
လွယ်အိပ်ကိုဖုထုံးထုံး
လွယ်ခဲ့ဖူးတယ်...။

'တပြည်သူမရွှေထား'
'အကြွေး' နဲ့ 'ဒိုး' ဇာတ်ကား
စသဖြင့်ပေါ့....
သူ့သရုပ်ဆောင်ချက်တွေကို
နှစ်သက်ခဲ့ဖူးတယ်။

ဒါပေမယ့်.......အခုမှ
သူ.... တကယ်မင်းသားဖြစ်သွားတယ်ဆိုရင်
မိတ်ဆွေတို့ အံ့သြသွားမလား

ဟုတ်တယ်........
သူ့နှလုံးသားနဲ့ သူ့အနုပညာ
တကယ်ပဲ ခုမှထပ်တူကြသွားတာ

အနုပညာဆိုတာ ပြည်သူ့အတွက်
သူ... လုံးဝ လေးနက်ခဲ့တယ်
ပြည်သူ့ခံစားချက်ကို
ထပ်တူပြုပြီး သူပေးဆပ်ခဲ့တယ်
မိတ်ကပ် ဆက်တင် ဇာတ်ညွှန်း
ဘာတခုမှ သူ့အတွက်မလို
လူထုက သူကို ဒါရိုက်တာလုပ်တယ်
သူက... သူ့နှလုံးသားနဲ့ တကယ်ပေးဆပ်တယ်။

မြန်မာပြည်ရဲ့...
တကယ့်အရှိတရားကို
သူတင်ပြခဲ့တယ်...။

လူထုနဲ့သူ့ကြား
မင်းသားနဲ့ ပရိသတ်
လုံးဝ ကွဲပြားမသွားဘူး
လူထုဘ၀နဲ့ တထပ်တည်းကျအောင်
သူ.... နေထိုင်တယ်
သူ..... ပေးဆပ်တယ်
သူ.... တကယ်ရိုးရှင်းတယ်။

သူဟာ....
ပြည်သူတကယ်ချစ်တဲ့မင်းသား
ကျနော်တို့ မြန်မာပြည်မှာ
သဘာဝမင်းသားတလက်
တကယ်ရှိတယ်ဆိုတာ
ကျနော်တို့အားလုံး
လုံးဝ...
ဂုဏ်ယူတယ်ဗျာ...။

(မင်းသားကြီး ကိုကျော်သူသို့ ဂုဏ်ပြုခြင်း)

N.M.T (ညီမင်းသစ်)

source by : http://mgpala.blogspot.com
ဆက်ဖတ်မယ်...

ပြည်သူကိုချစ်သော ပြည်သူကချစ်သော သူ

(ယနေ့တိုင်အာဏာရှင်တို့၏ အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေရသော ကဗျာဆရာနှင့် ဘလော့ဂ္ဂါ ကိုနေဘုန်းလတ်က ဒေါ်စုအား ထောင်တွင်းမှ အောက်ပါအတိုင်း ဂုဏ်ပြုရေးဖွဲ့ပေးခဲ့သည်။)



အဲဒီမျက်ဝန်းရဲ့

နူးညံ့ပြတ်သားသောအကြည့်တွေအောက်မှာ

စိုးရွံ့အားငယ်စိတ်တွေပြေလျော့ကွယ်ပျေက်သွား...

အဲဒီနှုတ်ခမ်းက

ဝံ့စားချိုမြိန်သောအပြုံးတွေဖူးအပွင့်မှာ

မျှော်လင့်ချက်အသေတွေပြန်ရှင်သန်လန်းစွင့်လာ…

အဲဒီနှလုံးသားက

ပြေပြစ်ညင်သာသော ရင်ခုန်သံစည်းချက်မှ

အသွယ်သွယ်သောလားရာတွေပေါင်းဆုံရှေ့ဆက်ကြ...

သူ့မျက်ဝန်းတွေက ငါတို့အတွက် စွမ်းအား

သူ့နှုတ်ခမ်းက ငါတို့ကိုအပ်တဲ့အလင်းရောင်

သူ့နှလုံးသားက ငါတို့ဖွေရှာနေတဲ့အလှတရား

သူဟာ…ပိတ်ထားခံရတဲ့တံခါးအထပ်ထပ်ကို

ရင်နဲ့ရင်းပြီးတိုးဖွင့်တိုးထွက်သူ

သူဟာ…ရဲရင့်ခြင်းပြယုဂ်ကို ထုဆစ်ဖန်ဆင်း

စိတ်ဝိညာဉ်တွေကို ကြောက်ရွံ့ခြင်းမှ လွတ်ကင်းစေသူ

သူဟာ…မေတ္တာလက်နက်ကို အပြုံးမပျက်ကိုင်စွဲ

အမုန်းတံတားတွေကို ငြိမ်းချမ်းခြင်းနှင့်ပြိုလဲစေသူ

သူ…..

အဘိုးအဘွားတို့ရဲ့…..သမီးစု

ဦးဦး ဒေါ်ဒေါ်တို့ရဲ့…….မစု

မောင်တို့မယ်တို့ရဲ့…..အန်တီစု

သားတို့သမိးတို့ရဲ့…..အမေစု

တိုင်းပြည်နဲ့လူမျိုးရဲ့….အောင်ဆန်းစုကြည်

သူဟာ….မိသားစုတိုင်းရဲ့မိသားစုဝင်

အပေးအယူမဲ့ မြတ်နိုးချစ်ခင်ခြင်းတွေနဲ့

အပြန်အလှန်မေတ္တာသက်ဝင်ခဲ့ကြ…

ပြည်သူကိုချစ်သော…ပြည်သူကချစ်သောသူ့ကို

ပြည်သူ့လူထုရဲ့နှလုံးသားတွေထဲကနေ

ဘယ်လိုမှဖယ်ထုတ်လို့မရပေဘူး။ ။


(နေဘုန်းလတ်)

မူရင်း https://www.facebook.com/notes/sophia-sofia-chan
ဆက်ဖတ်မယ်...

အဖေ့ကို ပြန်လွှတ် ပေးကြပါတော့ (ကဗျာရှင် ဗမာ့သွေး)

အဖေ့ကို ပြန်လွှတ် ပေးကြပါတော့
(ကဗျာရှင် ဗမာ့သွေး)
အဖေ.........
သမီးဘ၀မှာ အဖေဆိုတာ
ပြင်ပကမ္ဘာမှာ   မမြင်တွေ့ရသေးပါဘူး ........။
မြင်ဘူးချင်လိုက်တာ အမေရယ်ဆိုတော့
ကြိတ်ပြီး ရှိုက်ကာ မျက်ရည်ကျတတ်တဲ့
 အမေ့က  အမြဲတမ်းလိုလို
ဝမ်းနည်းစွာ ငိုကြွေးပြတဲ့ အခါတိုင်း
အမေ့ကို တင်းကြပ်စွာဖက်ထားပြီး
ခေါင်းရင်းခန်းက  သမီးကို ချီထားတဲ့
အဖေ့ဓါတ်ပုံလေးကို ငေးကာကြည်ရင်း
သမီးလည်း ရောလို့ မျက်ရည်တွေ
ကျခဲ့ရတာ များလှပါပြီ အဖေ……….။

သူငယ်ချင်းတွေမှာ အဖေရှိလို့
ကျောင်းကို လိုက်ပို့ခဲ့ကြတယ်
စားချင်တာတွေ ၀ယ်ကျွေးပြီး
နွေးထွေးစွာ ကြင်နာပြနေကြတယ်……..
သမီးမှာတော့ တစ်ယောက်ထဲပါလားလို့
တွေးမိလိုက်တိုင်း  အဖေ့ကို တမ်းတနေရတုန်းပါဘဲ  အဖေ....။

သုံးယောက်ထဲ နဲ့ တည်ထောင်ထားတဲ့
မိသားစုမှာ အဖေမရှိတော့ မပြည့်စုံသလို
ခံစားရတယ်လို့ အမေပြောတိုင်း
အဖေ့ကို အရမ်းတမ်းတ မိတဲ့ အခါ
အဖေ့ဓါတ်ပုံအောက်က
အမှန်တရားကို လက်ကိုင်ထားလို့
ဒုက္ခခံစားရတာ ဒီမိုကရေစီ စံနစ်
မထွန်းကားလို့ပါ ဆိုတဲ့စာသားလေးကို
သေချာ နားမလည်ပေမယ့်
အကြိမ်ကြိမ် စာလုံးပေါင်း ဖတ်နေဆဲပါဘဲ အဖေ……..။

တခါမှ မကြုံဘူးအောင် ရွှင်လန်းနေတဲ့ အမေ
မှန်ရှေ့မှာ တသသနဲ့ ဖီးလိမ်းလို့ ချယ်သနေတယ်…….
မသေချာတဲ့ အတွေးတစ ပေမယ့်
အမေ့ကိုကြည့်ပြီး ပျော်မြူးခဲ့ရတယ်…..
မနေနိုင်လို့  အမေ့လက်ကို ကိုင်စွဲပြီး
ဘာကြောင့်လည်း ဆိုတာ မေးလိုက်တဲ့ အချိန်
အမေ့စကားကြောင့် တကိုယ်လုံး 
မြှောက်တက်သွားတယ် အဖေပြန်လာတော့မယ်တဲ့……….။

ဆက်ဖတ်မယ်...

ပြည်သူ့ ခရီးကြမ်း (ကဗျာ)

ပြည်သူ့ ခရီးကြမ်း

သံတိုင်အထပ်ထပ်
သော့ နဲ့ ခတ်လည်း
မင်းခွန်မင်းအား
စိတ်ဓာတ်များက
သွေးတို့ ရဲနီ
တာဝန်ကြေခဲ့ ပြီ......။

ယုတ်ရင်းကြမ်းတမ်း
အာဏာရှင်ရဲ့ 
ငရဲခန်းမှာ
နှိပ်စက်ညှဉ်းပမ်း
ပြည်သူတွေအတွက်
ခရီးလည်းပမ်းခဲ့ ပြီ....။

မင်းရဲ့ စိတ်ဓာတ်
ဆုံးဖြတ်ချက်က
နိုင်ငံအရေး
ကိုယ်အရေးလို
အနစ်နာခံ
ဇွဲသန်သန်နဲ့ 
ပြည်သူထဲကတစ်ယောက်
ရဲရဲတောက်တောက်ခဲ့ ပြီ....။

မင်းရဲ့ တိုက်ပွဲ
မပြီးသေးလည်း
မျက်နှာအဟောင်း
အသစ်တစ်ယောက်
ပြောင်းခဲ့ ပြီ.....။

အာဏာရှင်
တစ်ယောက်ပြီး တစ်ယောက်ရဲ့ လက်ထဲ
တိုင်းပြည်လည်းမွဲခဲ့ ပြီ.....။

တို့ ရဲတိုက်ပွဲ
ရှေ့ ဆက်နွဲရန်
မင်းရဲ့ ဆန္ဒ
ထက်တူကြအောင်
တို့ ကြိုးစားနေတယ် သူငယ်ချင်း....။


ကိုမိုးဟိန်း (နိုင်ငံရေး တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦး )

-နိုင်ငံရေးအကျဉ်းသား တစ်ဦးဖြစ်သူ ကိုကြည်ဖြူ(NLD)အတွက် ဂုဏ်ပြုကဗျာ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ကိုကြည်ဖြူဟာ ယခု စစ်အစိုးရ အကျဉ်းထောင်တွင် မတရားပုဒ်မများဖြင့် ထောင်ဒဏ် ၆ နှစ် ၆ လပြစ်ဒဏ် ချမှတ်ခံနေရပါတယ်။ လာမယ့် ၁၅ ရက်နေ့မှာ ကျရောက်မယ့် ကိုကြည်ဖြူ မွေးနေ့ အမှတ်တရ အတွက် ကဗျာလေးတစ်ပုဒ်ပါ။
ဆက်ဖတ်မယ်...

အတာရေနဲ့အတူ

နှစ်ကူးချိန် အခါသမယ

အတာရေသွန်းလောင်းချိန်မှာ

ရွှေရည်စိမ် အပြုံး

ရွှေရည်စိမ် စေတနာ၊

ရွှေရည်စိမ် အမုန်း

ရွှေရည်စိမ် မေတ္တာ၊

ရွှေရည်စိမ် မောင်နှမ

ရွှေရည်စိမ် သစ္စာ၊

ရွှေရည်စိမ် ဘဝ

ရွှေရည်စိမ် မိတ်သဟာ၊

ရွှေရည်စိမ် ဖွဲ့စည်းပုံ

ရွှေရည်စိမ် ဒီမိုကရေစီတို့

အတာရေနဲ့အတူ

ကွယ်ပျောက်ပါစေသား။

မြန်ပြည်သူတို့ ဘဝ

အေးချမ်းပါစေသား။


ခင်မမမျိုး (၁၂၊ ၄၊ ၂၀၁၁)

ဆက်ဖတ်မယ်...

ငါ့လှေငါလှော် နေပြည်တော်ရောက်ရောက်

တိုင်ထိပ်က…
ရုန်းရင်းကန်ရင်း ပျံနေရတဲ့အလံမှာ
စစ်ဖိနပ်ရာ ထင်နေတယ်။

လိပ်ပြာဖြစ်နိုင်သူများလည်း
ပိုးတုံးလုံးဘဝနဲ့ ရေတိမ်နစ်ခဲ့။

လွတ်လပ်ခွင့်လား
ဖိနပ်ချွတ်နားအထိတော့
ပေါလစ်တိုက်ပေးမယ့်သူတွေအဖြစ်
ခေါင်းငုံ့ဝင်ခွင့်ပေးပါလိမ့်မယ်။
စည်းပေါ်မှာတော့
ဥပဒေမျက်နှာဖုံးနဲ့
ဆာလောင်နေတဲ့ ဓားတုံးတုံးတွေက
ကျွံထွက်လာမယ့် လက်တွေဆို ဖြတ်ဖို့အသင့်။

လက်ပူတိုက်အမတ်တယောက်ကတော့
နောက်ပြန်လဲတော့မယ့် အနေအထားကိုတောင်
ရင်ကော့နေဟန်ဆောင်ပြီး
ထုံးစံအတိုင်း အော်လိုက်တယ်
ငါ့လှေငါလှော် နေပြည်တော်ရောက်ရောက်တဲ့
ခရီးသည်တွေရဲ့ ဘဝကိုတော့မေ့နေတယ်။

စိတ်ဝင်စားဖို့တော့ ကောင်းတယ်
ပြိုကျပြီးသားအရာကို
ဘယ်လိုထပ်ပြီးဖြိုချမလဲ။

စိတ်နာဖို့လည်းကောင်းတယ်။
အငိုဝပြီးသားလူတွေ
ဘယ်လိုထပ်ပြီးငိုရမလဲ။


ကောင်းကင်ကို


source by : http://kaungkinko.blogspot.com
ဆက်ဖတ်မယ်...

“ မျှော်လင့်ခိုးထဲက ၂၀၁၁”

၂၀၁၀ ဟာ သူ မထွက်ခင်

(နိုဝင်ဘာ ၁၃ ရက်၊ မြန်မာနိုင်ငံအတွက်)
တချက်မင်္ဂလာရှိသွားခဲ့ရတယ်။

တနှစ်လုံးကတော့
တိမ်ဖုံးပါလို့ လ မသာ
ရင်ဆာငတ်မွန်း မှောင်လွန်းသောညတို့ချည်းသာ
ကြက်ပန်းသွားသော ယာတောများ လမ်းမများပေါ်
မွန်ခ်ျ့ရဲ့အော်သံပန်းချီကားတို့ပုံထပ်
မိုးခါးမုန်တိုင်းလိုက်လို့ တိုက်ပြန်ရဲ့
(မျက်လှည့်ဆရာကတော့)
ပဲ့စင်ယိုင်ယိုင်ကြီးကို တွယ်ကုတ်
အစွန်ထုတ်ထားတဲ့ နိုင်ဖဲလိမ်တချပ်ကိုချခင်း
အပင်းသွင်းဖို့ ကြိုးစားနေစဉ်…

ကိုရီးယားပင်နင်ဆူလာ ဂါဇာ ဆူဒန်
ပါကစ္စတန် အာဖဂန် အီရက်
ဒေါသအမျက် အမုန်း အာဃာတ နဲ့ စစ်မက်မီး
မပြီးဆုံးနိုင်ဖြစ်နေဆဲ….

ကမ္ဘာကြီးကတစစ ပူနွေးလာ
ရာသီဥတုက ဖောက်ပြန်ဆိုးဝါးလာ
ဆီးနှင်းမုန်တိုင်းပြင်းထန် ရေလျှံ
သဘာဝ ဘေးအန္တရယ်တို့များပြားလာ
………………………………………….
မင်္ဂလာတရားတို့ ရှားပါးလာနေဆဲ…

ကဲ ဘာပဲဖြစ်ဖြစ်
‘နှစ်’ကိုအပြစ်တင်ရန်မဟုတ်
လုပ်ဆောင်သူ လူသားစင်စစ်တို့ သည်သာ
သမ္မာဓိဋ္ဌိ အစ သမာအာဇီဝ အလယ်
သမ္မာ သမာဓိ အဆုံး
အကောင်းဆုံးလိုက်နာကျင့်ကြံ
(၂၀၁၁ နှစ်သစ်စာမျက်နှာအလှန်မှာ)
ကမ္ဘာကြီးရဲ့ရစ်သမ်ကို မှန်ကန်လှပစေကြဖို့သာ။ ။

စိုးနေလင်း


source by : http://www.naytthit.net
ဆက်ဖတ်မယ်...

“ပျော်တာပေါ့ အမေရယ်”

“ပျော်တာပေါ့ အမေရယ်”

ဒီနေ့.......ဒီရက် ကို
စောင့်နေတာ ကြာခဲ့ပေါ့....အမေရယ်။

အမေဟာ...တမျိုးသားလုံးမြောက်ရေးအတွက်
စံပြုထိုက်တဲ့ စံပြပုဂ္ဂိုလ်ဖြစ်ခဲ့ပေမယ့်
ကျနော်တို့ ကတော့
အမေ အားထားလောက်တဲ့
စံပြပုဂ္ဂိုလ်တွေ မဖြစ်ခဲ့ကြဘူး။

အမေ့ရဲ့ ပြရုပ်
အမေ့ရဲ့ အားထုတ်တဲ့ကြိုးစားမှု
အမေ့ရဲ့ စွန့်လွှတ်အနစ်နာ ခံမှု
အမေ့ရဲ့ တည်ကြည်ရိုးသား ဖြောင့်မတ်မှု
အမေ့ရဲ့ မွန်မြတ်တဲ့စေတနာ မှန်တွေဟာ
ကျနော်တို့အတွက် ခွန်အားတွေပါ။
နောက်တွန့် ကြောက်ရွံ့မှု စိုးစဉ်းမှမရှိ
ရေအဆန်မှာ လေထန်လည်း
ရေအဆန်ကို ခရီးဆက်မယ့်
အံ့လောက်တဲ့သတ္တိ အမေ့ဆီမှာရှိတယ်။

အမှန်တရားကို ကျောပိုးထားတဲ့
အမေ့ရဲ့ ရဲရင့်ခြင်းတိုက်ပွဲတွေကို
စောကြွေခဲ့တဲ့ တမလွန်ရောက်ဝိဥာဏ်တွေ
သောင်းသောင်းဖြဖြ ပါပဲ
လက်ခုပ်သြဘာတီးပြီး
ကြိုဆိုသမှုပြုနေကြတယ်....အမေ။

မရေရာတဲ့ အတွေးက
တခါတလေ ပိုပြီသေချာနေသလို
ရင်တွင်းခံစားမိတဲ့ အချိန်တွေဆို
ကျနော်တို့ တတွေ
အမေနဲ့ ပြန်ဆုံနိုင်ပါ့မလား...လို့
လွန့်လူးနေတဲ့ အတွေးကွန်ခြာထဲ
စိုးရိမ်ကဲနေမိတယ်။

ကဲ...တွေဝေငေးမောခြင်းကို စွန့်ကြ
ငါတို့အားလုံး အမေနဲ့အတူ
အာဏာရှုးတွေ ကျဆုံးတဲ့အထိ
ငါတို့ရဲ့ ခန္ဒာတွေ
သေစမ်းပါစေ ကြေစမ်းပါစေ
ရဲရင့်ခြင်းနဲ့ ရန်သူ့ကို
ဘယ်တော့မှ အရှုံးမပေးဘူး
တွေဝေခြင်းနဲ့
ငေးမောလက်ပိုက်ကြည့်နေမယ်ဆိုရင်
စောကြွေတဲ့ တမလွန်ရောက်ဝိညာဉ်တွေ
ငါတို့ကို ဆဲဆိုနေကြလိမ့်မယ်။

ကဲ...ငါတို့ဟာ ငါတို့ရဲ့
ရဲရင့်ခြင်း ဇွဲမာန်ဟုန်နဲ့
ချောက်နက်နက်ထဲ ခုန်ဆင်းနေတဲ့
အာဏာရှုးတွေကို
သင်္ဂြီုလ်စက်ထဲ အမြန်ပို့ကြမယ်။
ပျော်တာပေါ့ အမေရယ်
အကြားချင်ဆုံးစကား
အကြားချင်ဆုံးသတင်း
အဲဒီနေ့ အဲဒီရက်
အမေလွတ်ရက်စေ့တဲ့ နေ့ကိုပေါ့
အမေ သက်တော်ရာကျော်ရှည်ပါ....စေ။

အမေ့သား(ဒိန်းမတ်)
၁၃.၁၁.၂၀၁၀

အမေ့သားမှ ပေးပို့လာပါသည်။
ဆက်ဖတ်မယ်...

ဆန်ဇူးသို့ တမ်းချင်း



source by : http://khinmamamyo.blogspot.com
ဆက်ဖတ်မယ်...

အမှောင်ဖုံးတဲ့ စက်တင်ဘာ

မောင်ပါလ |
“ပြည့်ဝမ်းမီးတောက် သံဃာလျှောက်သည်
အံ့လောက်ပါသော ဒို့တိုင်းပြည်” တဲ့.

ပလ္လင်ပေါ်ရောက်နေတဲ့
မျောက်သရမ်းတကောင်ကြောင့်
တိုင်းပြည်လည်းငါးပါးမှောက်
လူတွေလည်း ဒုက္ခရောက်ကြတယ်။

ပြည်သူတွေရဲ့ ၀မ်းရေး
သံဃာတွေ ရတက်မအေးလို့
မေတ္တာသုတ်ရွတ်ဖတ်
ဖုတ်၊ သဘက်တွေမောင်းထုတ်ခဲ့ကြတယ်။
မေတ္တာပို့သံတွေ ညံစီ
တိုင်းပြည်စည်ပင်အောင် အားထုတ်ခဲ့ကြတယ်။

အာဏာရူးတွေရဲ့လက်ကိုင်တုတ်
သူယုတ်မာကြံ့ဖွတ်တွေ
ဘုရားသားတော်တောင် မရှောင်
မောဟအမှောင်လမ်းမှာ
ကြမ်းချင်တိုင်းကြမ်းခဲ့ကြတယ်။
ပတ္တနိကုဇ္ဇနကံဆောင်သပိတ်
ဒင်းတို့ ............
ကိုယ့်အရိပ်ကိုပြန်ကြောက်သလိုကြောက်ခဲ့ကြတယ်။

သာသနာ့သမိုင်း မြန်မာ့သမိုင်းတလျှောက်
မကြုံဖူးစရာဖြစ်ရပ်
မတ်တတ်ရပ်နေတဲ့စစ်သားကို
ရဟန်းက ထိုင်များတောင်ဦးချခဲ့ရတယ်။

ကမ္ဘာမှာ မြန်မာဟေ့ လို့
နာမည်ဆိုးနဲ့ကြွေးကြော်
မော်ဖူးခံချင်တဲ့ လူ့ဗာလတွေက
ငြိမ်းချမ်းစွာ ချီတက်ကြသူတွေကို
ရက်ရက်စက်စက် ရိုက်နှက်စော်ကား
ဝဋ်ကြွေးကို ဂရုမထားဘဲ
ငရဲကိုလှေနံဓားထစ်မှတ်ခဲ့ကြတယ်။

မျောက်တကောင်ရဲ့ အာဏာတန်ခိုးနဲ့
လုပ်ရိုးလုပ်စဉ် သတ်ဖြတ်မှုတွေက
စက်တင်ဘာကို အရုပ်ဆိုးခဲ့တယ်။
သံဃာတွေလည်း ထောင်ကျသက်တမ်းတိုးခဲ့တယ်။
ပြည်သူ့ ရင်ထဲလည်း နာကျင်မှုတွေပိုးခဲ့တယ်။
ရွှေဝါရောင်သင်္ကန်း သွေးဒင်းကြမ်းလွှမ်းခဲ့တယ်။

စစ်မိစ္ဆာတွေရဲ့ လုပ်ရပ်တွေ
ပြည်သူ့အသည်း ကမ္ဗည်းထပ်နေခဲ့ပြီ
ကမ္ဘာပျက်တောင် မပျက်တဲ့နာကျည်းချက်တွေနဲ့
လစက်တင်ဘာဟာ..
ငါတို့ရင်ထဲ
နှစ်တိုင်းအသစ်ဖြစ်မြဲ………။


source by : http://www.mgpala.com
ဆက်ဖတ်မယ်...

ရဲဘော်တို့ လာ၊ စုရုံးနေ

ကဒေါင်းတို့ မည်သည်

သူတပါးအလိုကျ

ကပြ အသုံးတော်ခံ

အားမာန်လျှော့လေ့

ရှိသော်ငြား၊

ခွပ်ဒေါင်းတို့ မည်သည်ကား

အနိုင်မခံ

အရှုံးမပေး

သွေးချင်းချင်းနီသည်ထိ

အားလျှော့ရိုးထုံးစံမရှိ။


၂၀၁၀ရဲ့ တိုက်ပွဲခေါ်သံ

ခွပ်ဒေါင်းအလံကား

ဘူမိနက်သန်

အောင်မြေမှန်တွင်

စိုက်ထူထားသည်မို့

ရဲဘော်တို့လာ-

စုရုံးကြစို့။

အဆုံးစစ်ပွဲကို

နွှဲပါစို့။


ခင်မမမျိုး (၁၇၊၉၊ ၂၀၁၀)
ဆက်ဖတ်မယ်...

ရှစ်လေးလုံး ၂၂နှစ်မြောက် အမှတ်တရ



၈၈၈၈
နှစ်ပေါင်းလီလီ
ကြာသည် မည်လည်း
သမိုင်းတွင်ရစ်
ဤအဖြစ် စနစ်ကို
ရင်တွင်း အသည်း
အမြဲတမ်း
နာကျည်းစွဲထင်
မမေ့နိုင်အစဉ်။

မိုးသွေးငယ် (၈-၈-၂၀၁၀)
ဆက်ဖတ်မယ်...

“မုန်တိုင်း ရှစ်ဆယ့်ရှစ်”

၁၉၈၈ တိုက်ပွဲဝင် အခြေခံပညာ ကျောင်းသား တစ်ဦး
(မောင်ကျောင်းသား ပြန်လည် ခံစား ဖေါ်ပြ ပါသည်။)
  • ☛ သမိုင်းတွင်မဲ့ နေ့တနေ့……။
    အဲဒီနေ့က
    မုန်တိုင်းဆင်မဲ့ ကောင်းကင်ပြင် တခုလိုပဲ
    လူလှိုင်းလုံးတွေ တလိမ့်လိမ့်
    ဟစ်ကြွေးသံတွေ တခြိမ့်ခြိမ့်
    မြေမိုးသိမ့်ညံ နိုးပွက်လျှံခဲ့….
    ရှစ်ရက် ရှစ်လ ရှစ်ဆယ့် ရှစ်ရက်
    ခေတ်တခေတ်ကို ထုဆစ် ပေတော့မည်….။        ။
  • ☛ ကျောင်း အရိပ်ကခွာ
    စာသင်ခန်းကို ကျောခိုင်း
    ရရာ အလံ ဒီဇိုင်းလေးတွေ တဖျတ်ဖျတ်နဲ့
    တချို့က အလံမပါ
    တချို့က ဖိနပ်မပါ….
    အသံ တစာစာနဲ့
    မင်္ဂလာပါ ဆရာလို့ အော်သံ ခေါ်သံ အစား
    နှလုံးသားထဲက အနက်ရှိုင်းဆုံး ခံစားမှု
    တရား မျှတမှု လူ့အခွင့်အရေး
    သွေးအသက် ပေးဆက် တောင်းဆို
    ရွှေမလို ငွေမလို
    ဒီမိုကရေစီသာလို ချင်တယ်…..။        ။
  • ☛ ကိုးရက် ရှစ်လ ရှစ်ဆယ့်ရှစ် ရက်
    အဲဒီ မနက်မှာ
    ရန်ကုန်မြို့ရဲ့ မြို့တော် ခန်းမရှေ့
    မည်းနက် ခြုံသိုင်း ယမ်းခိုးမှိုင်း၍
    ငှက်ပျောပင်ရိုင်း ဓါးနဲ့ ပိုင်းသလို
    အပျိုင်းရိုင်း ပက်လက်
    ဒိုင်းဒိုင်း ဒက်ဒက်နဲ့….
    သြော်….. ရိုင်းစိုင်း ရက်စက် ကြပါပေ့ …….။        ။
  • ☛ သားသတ် သမားတွေရဲ့ လှံစွပ် ဖျားအောက်
    မြေခွေးတွေရဲ့ အစွယ် တဖွေးဖွေး အောက်မှာ
    ကျဆုံး သွားရတဲ့ ငါတို့ ကလေး အပေါင်းရဲ့
    လည်ချောင်း သွေးနဲ့ ခြေဆေး
    စစ် ဘီလူးတို့ရဲ့ အောင်ပွဲ
    အမှောင်တိုက်မှာ မင်းမူနေ
    သားပျောက် အမေ သမီးပျောက် အဖေ တွေရဲ့
    ဆူဝေနေတဲ့ ရင်ထဲ
    အမုန်းသွေးများ စီးဆင်း
    အံကြိတ်ရင်း ပင့်သက်ရှိုက်
    လက်သီး ကျစ်ကျစ် ဆုတ်ခဲ့ကြ………..
    အပြစ်မဲ့ ပြည်သူကို လက်နက်နဲ့ အနိုင်ယူ နေသမျှ
    လှပတဲ့ ဇတ်သိမ်း
    ငြိမ်းချမ်းတဲ့ အနာဂတ်
    တည်ဆောက်လို့ ရနိုင် မတဲ့လား…….။        ။
  • ☛ ဓါးမိုး အုပ်ချုပ်
    ကြိုးနှောင် တုပ်တဲ့ ဘ၀ထဲမလေ
    အမှန်တရားကို သေနတ်ဖျားနဲ့ ထောက်ပေမဲ့
    မကြောက်ရွံ့တဲ့ အသဲ
    ရဲပတဲ့ စိတ်ဓါတ်
    မျှတမှု အတွက် တိုက်ပွဲဝင်
    (သူတို့ တတွေဟာ)
    ပြည်သူတို့ ရင်ခွင်မှာ ထာဝစဉ် လဲလျောင်းနေတဲ့
    မဟာ သူရဲကောင်းတွေပါ….။        ။
  • ☛ သူတို့သွေးနဲ့ ရေးတဲ့ သမိုင်း
    မုန်တိုင်း ရှစ်ဆယ့်ရှစ်
    ရစ်ပတ် နှောင်ဖွဲ့
    ချဉ်ခြင်း မပြေ……..
    တို့ရင်ထဲမှာ ဝေဒနာ……။        ။
ရှစ်လေးလုံး အရေးတော်ပုံကြီးကို စစ်တပ်မှ အကြမ်းဖက် အာဏာသိမ်း အပြီး အခြေခံပညာ ကျောင်းသား သမဂ္ဂများ ပေါ်ပေါက်ချိန် အကသ၀င် ကျောင်းသား တယောက် ကလေး တယောက် တတ်စွမ်းနိုင် သလောက်ဖြင့် ရေးဖွဲ့ခဲ့သော ကဗျာအား ပြန်လည် ခံစား ဖေါ်ပြ ပါသည်။ နှစ်၂၀ ကျော် အချိန်ကာလကြောင့် စကားလုံး အချို့ ကျန်နိုင်ပါသည် ။ အနည်းငယ် ကွဲလွဲ နိုင်ပါသည် ။

ရှစ်လေးလုံး အရေးတော်ပုံကြီးတွင် တိုက်ပွဲဝင်ခဲ့သော ၊ ခေတ် အဆက်ဆက် တိုက်ပွဲ ၀င်ခဲ့သော ကျောင်းသားထု တစ်ရပ်လုံးနှင့် အခြေခံပညာ ကျောင်းသားများအား ဤကဗျာကို ပြန်လည် ဖေါ်ပြခြင်းဖြင့် ဂုဏ်ပြု ဦးညွှတ် ပါသည် ။

စစ်အာဏာရှင် စနစ်ကျဆုံးသည် အထိ
မောင်ကျောင်းသား
ဆက်ဖတ်မယ်...

၆၃-နှစ်မြောက် အာဇာနည်နေ့ အမှတ်တရ


ဆက်ဖတ်မယ်...

ဇူလိုင် ဆယ့်ကိုး တပ်လှန့် နိုးသည်

ဇူလိုင် ဆယ့်ကိုး တပ်လှန့် နိုးသည်
ဒို့မျိုး စဉ်ဆက် တိုင်သနည်း။

ဆယ့်ကိုး ဇူလိုင် မမေ့နိုင်တည့်
မိုးရက်မိုးခါ ဖြစ်နေပါလည်း
ရှုသာ မြက်ခင်း နံနက်ခင်းနှင့်
ယင်းသည့် စနေ ဂြိုလ်ဆိုး မွှေခဲ့။

တွင်းဝန် ရုံးဆီ ဆယ်နာရီနှင့်
စွန်းသည် ဟိုဘက် နာရီဝက်တွင်
ပြည်တွက် ရေးရာ များဝန်တာကို
ဖြာဖြာ တနည်း ခေါင်းဆောင်ကြီးတို့
စုစည်း တထွေ ဆွေးနွေး နေစဉ်

ဂျစ်ကားစိမ်းမှ ဆင်းသက် ကြပြီး
လက်မှ တော်မီ စတင်းချီလျှက်
တပ်မည် နံပါတ် ဆယ့်နှစ် မှတ်သည့်
စစ်တပ် ၀တ်စုံ အရေခြုံတို့
စုပြုံ တက်သွား မိနစ် ခြားဝယ်

နားကွဲ မတတ် ဒလစပ်လျှင်
ပစ်ခတ် ဆူညံ သေနတ် သံတို့
မိုးယံ ထိုးဖောက် လေ၀ယ် နှောက်သည်
ထက်အောက် ၀န်းကျင် တုန်သနည်း ။

ကျည်ပွင့် သံလည်း
မိုးယံကိုဖွင့် လေ၀ယ် လွင့်သည်
ယမ်းပွင့် ယမ်းခိုး ဝေသတည်း ။

ဗိုလ်ချုပ် အောင်ဆန်း ပြည့်ချစ် ပန်းနှင့်
ခေါင်နန်း စာဆို ဦးဘချိုပြင်
ကြည်ညို ဆပွား ဒို့အားထားသည့်
စော်ဘွား မိုင်းပွန် လူရည်ချွန်လှ
သခင်မြနှင့်
တကွ တူပြိုင် မန်းဘခိုင် ၊
ကြိုင်လှိုင် သတင်း ဦးဘ၀င်း
ပျံ့သင်း ဂုဏ်ဒြပ် ဦးရာဇတ်တို့
ပစ်သတ် ခံရ ဆောင်ခန်းမ၀ယ်
လဲကျ သေဆုံး သွေးနီ ဖုံးသည် -------
ဆုံရှုံးခဲ့ရလေပြီတကား ။

ဤသတင်းလျှင်
ချက်ခြင်း ပျံ့သွား ပြည်သူ့ နားသို့
သိကြား မကြာ ပြည်လုံး မှာလည်း
သည်းညှာ ပျက်ပြုန်း ကြိမ်မီး အုံးသို့
ယူကျုံး မရ မျက်ရည် ကျခဲ့---------- ၊
တသ နှမြော အသေစောဟု
သောက လှိုက်ဖို ရှိုက်ငင် ငိုမိ
ရက်ကို လစား ချိန်တွေများသည်
ခြောက်ဆယ့် သုံးနှစ် တိုင်ခဲ့ပြီ။

ပြည်သူ့ လွတ်လပ်ရေး အသက်ပေး၍
စတေး ခံသွား ခေါင်းဆောင်များ အတွက်
ဒို့ကား တဖန် ဆောင်ရွက် ရန်ကား
မိမြန် အတွက် စွမ်းသည့် ဘက်မှ
ဆထက် ကြိုးကုတ် အားမာန် ထုတ်၍
ဗိုလ်ချုပ် ချမှတ် လမ်းစဉ် မြတ်ကို
ကျင့်အပ် လိုက်နာ သွားရန်သာတည်း ။

ဆယ့်ကိုး ဇူလိုင် မမေ့နိုင်သည်

ဇူလိုင် ဆယ့်ကိုး တပ်လန့် နိုးသည် --------၊
ဒို့မျိုး စဉ်ဆက် တိုင်သတည်း ။

ထွဏ်းနေနွယ်
ဆက်ဖတ်မယ်...

➐ ဇူလိုင် - ရင်တွင်းမှ ငိုချင်းများ

၁၉၆၂ ခုနှစ် ကျောင်းသားဟောင်း အချို့ရဲ့ ရင်တွင်း ခံစားမှု တချို့ ... ➐ ဇူလိုင် - ရင်တွင်းမှ ငိုချင်းများ။

★ ခံစားမှု (၁)။★

ကျောင်းတော် ခရီး
လမ်းမကြီး၌
သွေးစီး ပွက်ပွက်
ခုနစ်ရက်နေ့
မေ့ပါနိုင်
ဇူလိုင်လတွင်
သဲဆိုင် အက်အက်
အသက်စတေး
ခွင့်ရေးဆန္ဒ
ပြခဲ့ကြသည်
ဘ၀ ကောင်းရာ လားစေသော်ဝ်။


★ခံစားမှု (၂)။★

လက်သီး ဆုပ်လျက် ၊ ကြွေးကြော် တက်ရင်း
သေမင်းခေါ်သံ၊ ဆူဆူသံကြား
ကျဆုံးသွားသည့်၊ ကျောင်းသား လူရွယ် ရဲဘက်များ ...
နီရဲ ပူနွေး သတ္တိ သွေးကား
စွန်းထင်း ကွက်အိုင် ၊ လမ်းအပြည့်
နောက်တစ်နေ့တွင်
ခြောက်သွေ့ ခဲ့လို့ ၊ သွေးနီညိုကို
သူတို့ ဖျက်၍ ၊ ပျက်ပြီ တကား
သြော် ....
သမိုင်း စာရွက် မျက်နှာထက်တွင်
ထိစင်ရဲစက် တို့သွေး ကွက်မူ
အသူဖျက်၍ ရအံ့နည်း။


★ခံစားမှု (၃)။★

သူရူးမ တစ်ယောက်
သားပျောက် ရှာရင်း
ကံ့ကော်ခင်းသည့်
တလင်းမြေထက်
လျောင်းအိပ်စက်၍
ငိုရှိုက်မက် လှိုက်ဖို
ငိုချင်း ဆိုသည်
လူကို ခွေးသတ်လေခြင်း .... တဲ့။


★ခံစားမှု (၄)။★

ငါ့ရင်ဝတွင် ကျည်ဆံ ၀င်၍
သွေးရှင် လတ်လတ် မပြတ်စီးဆင်း
ဖြစ်နေခြင်းကြောင့်
သေမင်း ငါ့ကို ခေါ်နေပြီ။
ငါမသေခင် မှာခဲ့ချင်သည်
လိုအင် ဆန္ဒ မရမချင်း
အားမာန် တင်း၍
လက်ငင်း တိုက်ပွဲဝင်ကြပါ။

(၁၉၆၂ ခုနှစ် ကျောင်းသားဟောင်း များကနေ ခံစားရေးဖွဲ့ခဲ့ကြမှု များထဲမှ အချို့အား ဖေါ်ပြခြင်း ဖြစ်ပါတယ်)။
ဆက်ဖတ်မယ်...