မြန်မာနိုင်ငံရဲ့ စစ်ကြောရေးစခန်း ကိုယ်တွေ့မှတ်တမ်း
by Ye Min Tun on Tuesday, December 20, 2011 at 12:19am
ကျနော့်ကို ဖမ်းမိတဲ့ အချိန်က (၁၉၉၁) ခုနှစ် သင်္ကြန်အပြီး နှစ်ဆန်းတရက်နေ့မှာပါ။ ဖမ်းတာက ထောက်လှမ်းရေး(၁၂)က ဗိုလ်ကြီးထွန်းကြည် နှင့် အဖွဲ့ဖြစ်ပါတယ်။ ဖမ်းမိတဲ့နေရာက ရန်ကုန်မြို့ တာမွေမြို့နယ် ကျောက်မြောင်း ဓမ္မစိန္တာလမ်းထဲရှိ သားသား(ခေါ်) ကိုမြတ်ထွန်းစိုး အိမ်မှာဖြစ်ပါတယ်။ ကိုဘိုနီအောင်(ခေါ်) ကိုဘိုနီ ကို လက်နက်များနှင့် ဖမ်းမိပြီးနောက် ကျနော့်ကို ....
ဖမ်းမိရေးက စစ်ထောက်လှမ်းရေး အတွက်အလွန် အရေးတကြီး လိုအပ်နေတဲ့ အချိန်ဖြစ်ပါတယ်။ ကျနော်လည်း ကိုဘိုနီအောင် ကိုဖမ်းမိတဲ့ သတင်းကို ရပါတယ်။ သို့သော်လဲ ပြန်ထွက်ပြေးဖို့ ငွေကြေး မရှိသေးတဲ့အပြင် လက်နက်တွေနဲ့ ကျနော်နဲ့ ဘာမှ မပတ်သက်တာကြောင့် စိတ်အေးအေး ထားပြီးပဲ ပြည်တွင်းမှာ နေ နေခဲ့မိပါတယ်။ ဒါပေမယ့် စစ်ထောက်လှမ်းရေးကတော့ ကျနော် တွက်သလို မတွက်ဘူးခင်ဗျာ့။ ကိုဘိုနီကိုဖမ်းမိတော့ တော်လှန်ရေး လုပ်ငန်းတွေမှာ ကိုဘိုနီနဲ့လုပ်ဖေါ်ကိုင်ဖက်ဖြစ်တဲ့ ကျနော့်ကိုမှာ ဖမ်းရမှဖြစ်မယ်လို့ အသေတွက်ပြီး သဲကြီးမဲကြီး လိုက်ရှာဖမ်းတာပါ။ အသေးစိတ်အဖြစ်ကတော့ ဒီလိုပါ။
၁၉၉၁ ခုနှစ်၏ သင်္ကြန်အပြီး နှစ်ဆန်းတရက်နေ့ရဲ့ နေ့လည် ၂ နာရီခန့်ပေါ့။ ကျနော့် အံ့သွားတချောင်းက ကိုက်လွန်းလို့ ဈေးပေါပေါရှိတဲ့ နေရာတခုမှာ နှုတ်လိုက်တာ သွေးလည်း အရမ်းထွက်၊ သွားနှုတ်လိုက်တဲ့ အပေါက်က ပြန်လည်းမပိတ်သေးတော့ ပါးတခြမ်းက ယောင်ပြီး ကိုက်နေခဲ့ပါတယ်။ အနာရှိန်ကြောင့် ကိုယ်တွေလည်း ပူပြီးဖျားနေလို့ သားသား(ကိုမြတ်ထွန်းစိုး) အိမ်အထပ်ခိုးမှာ လှဲနေခဲ့ပါတယ်။ အဲဒီ့အချိန်မှာ သူငယ်ချင်းမိုးသူ၊ သားသား(ဌက်ပျောသီး) နှင့် မရင်ရင်တို့ရောက်လာကြပြီး ကြားရတဲ့ သတင်းတွေကြောင့် ကျနော့်အတွက် စိတ်ပူနေကြတာပေါ့။ ပြည်တွင်းမှာ နေရင် စိတ်မချရတဲ့အကြောင်းနဲ့ အခုနေမကောင်းဖြစ်နေတာကိုလည်း စိတ်ပူကြကြောင်းပြောကြပါတယ်။ ခက်တာက ဆေးကုဖို့ ပိုက်ဆံကို သူတို့က ကူညီရင်တောင် ကျနော့် အခြေအနေက အပြင်ထွက်ရင် အန္တရယ်ရှိနိုင်တဲ့ အခြေအနေ ဖြစ်နေတာကိုး။ ဒီတော့လည်း သူတို့အားလုံး ကျနော့် လုံခြုံရေးနဲ့ ကျန်းမာရေးအတွက် ပူပင်သောကများကြတာပေါ့။
ထိုအချိန်မှာပဲ အိမ်ရှေ့ဆီက ဆူဆူညံညံအသံကြားလို့ အပေါ်အထပ်ခိုး ခန်းစီးအောက်ကနေ ငုံကြည့်လိုက်တော့ ငြိမ်ပိရပ်ကွက်လူကြီး နှစ်ယောက်ဖြစ်နေပါတယ်။ သူတို့က သားသားအမ နဲ့ အမေကို ဒီလို လှမ်းပြောလိုက်ပါတယ်.....
"ဟေ့ မင်းတို့ အိမ်တံခါးဖွင့်ပါဦး ဧည့်စာရင်းစစ်မလို့" တဲ့။ နေ့ခင်းကြောင်တောင် ဧည့်စာရင်းဆိုတော့ သိလိုက်ပြီ။
ကျနော်တို့ ပြာယာခပ်ကုန်တာပေါ့။၊ အကုန်လုံး စိတ်ပူကုန်ပြီ။ မိုးသူက ပြုတင်းပေါက်ကနေ အပြင်ကိုလှမ်းချောင်းလိုက်တယ်။
ပြီးတော့....
" ဟာ... အပြင်မှာ စစ်သားတွေ ၀ိုင်းနေကြပြီ မင်းတော့ ဒုက္ခပါပဲ သားကြီးရေ" လို့ ကျနော့်ကို လှမ်းပြောပါတယ်။
အားလုံး ပျာယာခက်နေတဲ့ အချိန်မှာ ကျနော် စိတ်အေးအေးထားပြီး ပတ်ဝန်းကျင်ကို လိုက်ချောင်းကြည့်လိုက်တော့ အိမ်ရှေ့မှာ ရပ်ကွက်လူကြီး နှစ်ယောက်က တံခါးကို ဖွင့်ခိုင်းနေပါတယ်။ အိမ်ပြင်က ခြံစည်းရုံးနောက်မှာတော့ စစ်သားတွေ ခေါင်းငုံပြီး ဇက်ပုကာထိုင် နေတာကို တွေ့နေရပါတယ်။။ အိမ်နောက်ဖေး လမ်းကြားထဲမှာလည်း စစ်သားတွေက အိမ်ကို အနောက်ဖက်ကနေ ၀ိုင်းထားပါတယ်။ ကျနော့်သူငယ်ချင်းအားလုံး တညီတညွတ်တည်း ထွက်နေတဲ့ စကားက....
" မင်းလွတ်အောင်ပြေး၊ ငါတို့ ကြည့်ရှင်းမယ် ၊ ပြေး " ဆိုတဲ့ စကားတွေ ပါပဲ။
အောက်မှာ ရပ်ကွက်လူကြီးတွေက တံခါးအတင်း ဖွင့်ခိုင်းနေလို့ သားသားအမေက တံခါးဖွင့်ရတော့မယ် အလုပ်မှာ သားသားက အောက်ပြေး ဆင်းသွားပြီး.....
" မဖွင့်နဲ့ မဖွင့်နဲ့ ဦးလေးတို့က ဘယ်သူတွေတုန်း" လို့ တမင် သိသိကြီးနဲ့ သားသားက မေးပြီး အချိန်ဆွဲလိုက်တယ်ဆိုတာ ကျနော် သိလိုက်ပါတယ်။
ဒါပေမယ့် ကျနော် အခြေအနေကို နောက်ဆုံး သုံးသပ်လိုက်တော့ ပြေးလို့ မလွတ်နိုင်ပါဘူး။ ပတ်ပတ်လည်မှာ စစ်သားတွေ ၀ိုင်းထားပြီးပြီလေ။
ဒီတော့ အားလုံးကို ကျနော် တခုပဲ ပြောလိုက်ပါတယ်။
"ငါနဲ့ ပါတ်သက်ပြီး ဘယ်သူမှ အသား အနာမခံကျနဲ့ " လို့ ။
အကုန်လုံးဝိုင်းငိုကြပါရော။ အထပ်ခိုးမှာ ကျနော်မတ်တပ်ရပ်လိုက်တယ်။ အောက်က သားသားကို လှမ်းပြောလိုက်တယ်။
" ဖွင့်ပေးလိုက်ပါ " လို့ ။
အဲလိုပြောနေတဲ့ အချိန်မှာပဲ ကတုံးနှင့် စွပ်ကျယ်ဝတ်ထားတဲ့ ခပ်တောင့်တောင့် တယောက်က ခြံအပြင်ကနေ ခြံထဲကိုပြေးဝင်လာတယ်။ သူ့နောက်က စစ်သားတွေလည်း ပြေးလိုက်လာတယ်။ သူတို့လှုပ်ရှားတာက တကယ့်စစ်မြေပြင်လိုပါပဲ။ စစ်သားတွေ အိမ်တံခါးကို ပြေးကန်ပစ်လိုက်တယ်။ အိမ်တံခါးက ဝုန်းကနဲ ပွင့်ထွက်သွားတယ်။ သားသားအမေနဲ့ အမတို့က လန့်ပြီးအော်ငိုကြတယ်။ သားသားကို စစ်သားတယောက်က ပိတ်ကန်လိုက်တယ်။ သားသားအမေနဲ့ အမတို့ကိုလည်း.......
"ထိုင်ကြစမ်း ဖေ -ိုးမ တွေ ပစ်ထည့်လိုက်မယ်။ အခုထိုင်" လို့ စွပ်ကျယ်နှင့် ကတုံးက ခြိမ်းခြောက်လိုက်တယ်။ နောက်တော့ အပေါ်က ရပ်ကြည့်နေတဲ့ ကျနော့်ကို မော့ကြည့်ပြီး
"အပေါ်မှာ အပေါ်မှာ" အပေါ်ကို တက်ကြစမ်း" "ဟိတ်ကောင် မလှုပ်နဲ့ သေသွားမယ် "လို့အော်ပြောပါတယ်။ တအိမ်လုံးဟာ အော်သံဟစ်သံတွေ၊ ဝုန်းဒိုင်း ဒုန်းဒိုင်း ပြေးတက်လာတဲ့ အသံတွေနဲ့ ဆူညံသွားပါတော့တယ်။
အထပ်ခိုး လှေကားလေးကို ပြေးတက်လာတဲ့ ပထမဆုံးစစ်သားက အထပ်ခိုးအဝင်မှာ ကျနော်တို့လို့ ဇက်မပုထားတော့ ခေါင်းဆောင့်မိပြီး ဒုန်းကနဲဖြစ်သွားတယ်။ ထိုစစ်သားက အနီးမှာရှိသော ကိုမိုးသူကို မဲပြီး မင်းကဘာကြည့်တာလဲ ဆိုပြီး သေနတ်ဒင်နှင့် ထုပါလေရော။ အိမ်ပေါ်အထပ်ခိုးလေးမှာ စစ်သားတွေနှင့် ပြည့်သွားတော့ ကျနော်တို့ကို ထိုင်ခိုင်းထားပြီး မျက်နှာရှေ့မှာ ဂျီသရီး သေနတ်ပြောင်းတွေနဲ့ ချိန်ထားလိုက်ပါတယ်။
သည့်နောက်မှာတော့ အရပ်ဝတ်နှစ်ယောက်နှင့် ကတုံးပြေးတက်လာတယ်။
"ရဲမင်းထွန်း ကို ဆွဲ၊ ရဲမင်းထွန်းကိုဆွဲ" လို ကတုံးက အော်ပြီး တက်လာတာ။ ကျနော့် အနားရောက်တော့ ကတုံးက "ဒီကောင်ပဲ ဒီကောင်ပဲ ဆိုပြီး ထိုင်နေတဲ့ ကျနော့်မျက်နှာကို သူခြေထောက်နှင့် အပြားလိုက် ပစ်ကန်ထည့် လိုက်ပါတယ်။ မှတ်မှတ်ရရ သူစီးထားတာ ဆင်ကြယ်အပြာလေး။ " မလုပ်ပါနဲ့ မလုပ်ပါနဲ့ .. " လို့ သူငယ်ချင်းတွေ အကုန်လုံး ၀ိုင်းအော် တားမြစ်တဲ့ အသံတွေကို ကြားလိုက်ရတယ်။ ကျနော့်မျက်စိတွေ ကျိန်းပြီး ပြာသွားတဲ့ အချိန်မှာ ကျနော့်ဆီကို စစ်ဖိနပ်တွေ ဆက်တိုက်ပြေးဝင်လာပါတယ်။ ကျနော့ရင်ဘက်နှင့် မျက်နှာကို မထိအောင် ကာကွယ်ရင်း အရှေ့ကို ကုန်းချလိုက်တဲ့ အချိန်မှာ
"မလုပ်ကြပါနဲ့ရှင် သူ့ ခမြာနေလည်း မကောင်းပါဘူး" လို့ ပြောလိုက်တဲ့ မရင်ရင်ရဲ့ အသံ၊
"ခင်ဗျားတို့ မတရားမလုပ်ကြပါနဲ့ ဥပဒေအတိုင်း လုပ်ပါဗျာ" လို့ပြောလိုက်တဲ့ ကိုမိုးသူကို ၀ိုင်းရိုက်ကြ ထုနှက်ကြတဲ့ အသံတွေ ဒီနေ့ထိတိုင် မှတ်မိနေပါတယ်။
အားရအောင် ဝိုင်းကန်ကြပြီးနောက်တော့ ကျနော့်ကို လက်ထိပ်နောက်ပြန်ခတ်လိုက်ပါတယ်။ လက်ထိပ်က တင်းကြပ်နေလို့ ကျနော်လက်က ခုန်နေသလို ခံစားရပါတယ်။ နာခေါင်းက သွေးများလဲ တပေါက်ပေါက် ယိုစီးကျလာတယ်။ ဒီ့နောက်မှာတော့ လက်ထိပ်တန်းလန်းနဲ့ ကျနော့်ကို ကတုံးက .........
"ဟိတ်ကောင် မင်းက ကုလားလေး ခေါ် ရဲမင်းထွန်း မဟုတ်လား၊ အေး ငါ ဗိုလ်ကြီးထွန်းကြည်ပဲ၊ မင်း ဘာလာလုပ်လဲ ငါသိတယ်၊ မင်းတို့ကို နိုင်ငံတော်အကြီးကဲတွေကို လုပ်ကြံဖို့ KNU က လွှတ်လိုက်တာ"လို့ အတည်ပေါက်နဲ့ စွပ်စွဲပြော ပြောလိုက်ပါတယ်။
ကျနော်က "မဟုတ်ပါဘူး ကျနော် သေနတ်လည်း မပစ်တတ်ဘူး၊ ဗုံးလည်း မခွဲတတ်ဘူး၊ ကျနော့် သူငယ်ချင်းတွေဆီမှာ လာနေတာပါ" လို့ပြန်ပြောတော့
"အေး အေး မင်းကို ဟိုကျမှ ပြောခိုင်းမယ်" လို့ပြောပြီး ကျနော့ကို ဂျိုင်းအောက်ကနေ တဖက်တချက်မပြီး ဆွဲချလာသည်။ အနောက်ကနေ ကတုံးဗိုလ်ကြီးထွန်းကြည်က စွန်ရဲတစ်မှ စွန်ရဲနှစ် စာကလေးမိပြီ၊ စွန်ရဲတစ်မှ စွန်ရဲနှစ် စာကလေးမိပြီ လိုစကားပြောစက်နှင့် အော်ရင်းလိုက်ပါလာသည်။
အိမ်ရှေ့ ရောက်တော့ လမ်းမမှာ စစ်ကား (၂) စီးကြားမှာ E 200 ကားတစ်စီး ရပ်ထားပြီး ပတ်ပတ်လည်မှာ ရဲတွေနဲ့ စစ်သားတွေကို တွေ့ရပါတယ်။ ခပ်လှမ်းလှမ်းမှာ ၀ိုင်းအုံနေတဲ့ လူတွေကိုလည်း ကျနော့်ကို ဆွဲလာတဲ့ နှစ်ယောက်ထဲက တယောက်က " တောထဲကလာပြီး ဗုံးလာခွဲတဲ့ကောင် မိပြီလို့" လှမ်းအော်ပြောလိုက်တယ်။ ကျနော် ချက်ချင်းပဲ
"မဟုတ်ပါဘူး ကျနော် အရေးအခင်းကျောင်းသားပါ၊ ကျနော် လက်နက်ကိုင် မဟုတ်ပါဘူး။ ကျောင်းသားပါ ကျောင်သားပါ" လို့ ပြန်အော်ပြောတော့ ကျနော့်ကို ဆောင့်ဆွဲပြီး အကုန်ဝိုင်းအုံပြီး ပိတ်ကာလိုက်တယ်။ နောက်တော့ ခေါင်းစွပ်နဲ့ဆွဲအုပ်လိုက်တယ်။ လည်ပင်းကို သိုင်းဖက်ပြီး ညှစ်တဲ့လူက ညှစ်တယ်။ E200ကား ပေါ်ဆွဲတင်၊ အလယ်မှာ မှောက်ရပ်ထားပြီးတော ခြေထောက်တွေနှင့် ဖိပြီးနင်းထားလိုက်တယ်။ တယောက်က ကျနော့ခါးပေါ် ထိုင်ချလိုက်တဲ့ အချိန်မှာ ကားက ဝေါကနဲ ဆောင့်ထွက်သွားတယ်။ ခါးပေါ်က ဖိထိုင်ထားတဲ့ တယောက်ကြောင့် ကျနော် အသက်ရူလို့မ၀တော့ဘူး။ နှာခေါင်းသွေးယိုတာရယ် ခေါင်းစွပ်ပိတ်စက နှာခေါင်းနားကပ်နေတာကြောင့် ကျနော်ခေါင်းကို မော့ရင်း
"ကျနော် အသက်ရူ လို့မရဘူး " အော်ပြောလိုက်တော့.... ခါးပေါ်က တယောက်က
"အေး အေး ဟိုကျရင် အသက်ရှူပါ ရပ်သွားမယ် စိတ်ချ မအေ -ိုး လေး " ပြန်ပြောပြီး သူတို့စကားကို သူတို့ သဘောကျစွာ ၀ိုင်းရယ်ကြတယ်။ ကျနော် ပါးစပ်နှင့် အသက်ကို ရူနေပြီး နှာခေါင်းကသွေး အဆုက်ထဲမရောက်အောင် သတိထားလိုက်တယ်။
အဲဒီ့တုန်းက ကျနော်က ပိန်ပိန်သေးသေးလေးရယ်ပါ။ အသက်ကမှ ၁၈နှစ် ကျော်ကျော်ပဲ ရှိပါသေးတယ်။ ဇူလိုင်လ (၂၂) ရက်ကျမှ ၁၉နှစ် ပြည့်မှာပါ ။ ကလေးသာသာအရွယ်သာ ရှိသေးတဲ့ ကျနော့်လိုကျောင်းသားလေး တယောက်ကို စစ်ထောက်လှမ်းရေးတပ်က ဗိုလ်ကြီးတွေ၊ စစ်ဗိုလ်တွေနဲ့ စစ်သားတွေ ပါတဲ့ တပ်ထောင်ဗိုလ်ထုနှင့် စစ်ဆင်ရေးကြီးတခုလို သတ်မှတ်ပုံစံချပြီး ဝိုင်းဝန်းဖမ်းဆီးခဲ့ကြတယ်။ နောက်ပြီးတော့ ရက်စက်မှုတွေနှင့် ကျော်ကြားလှတဲ့ မြန်မာနိုင်ငံရဲ့ နာမည်ကြီး စစ်ကြောရေးစခန်းနှစ်ခုမှာ တလကျော် ကြာအောင် နှိပ်စက်ညှင်းပန်းဖို့ ခေါ်သွားကြတယ်။ ဒါပေမယ့် အဲဒီ့နေရာကို ခေါ်သွားမှန်း မသိသေးတဲ့ ကျနော်ကတော့ဖြင့် နေမကောင်းရက်နဲ့ လောလောလတ်လတ်ကြီး ထိုးနှက် ကန်ကြောက်ခံထားရတဲ့ ဒဏ်ရာတွေ ဗလပွနဲ့ E200 ကြမ်းပြင်ရဲ့အလယ်မှာ၊ ဦးခေါင်းနဲ့ခန္ဓာတခုလုံးကို ဖိနင်းထားတဲ့ ခြေထောက်တွေအောက်မှာ ပျော့ခွေပြီး လိုက်ပါသွားရပါတော့တယ်။
(ဆက်ရေးပါမည်)
လူလူချင်း နှိပ်စက်ညှင်းပန်းမှုတွေ မြန်မာ့မြေပေါ်က ပျောက်ဆုံးပါစေ။ အကြမ်းဖက်ဝါဒ ကျဆုံးပါစေ။
စစ်ကြောရေးစခန်းများမှာ မတရား နှိပ်စက်ညှင်းပန်းမှုကြောင့် ကျဆုံးသွားရသော အဘဦးမောင်ကိုနှင့်တကွ အာဇာနည်ကျောင်းသား ကျောင်းသူ ရဟန်းရှင် ပြည်သူများကို အလေးပြု ပါသည်။
ခင်မင်လေးစားလျှက်
ရဲမင်းထွန်း
၈၈ မျိုးဆက်များသို့
------------------------
ပေးဆပ်ခြင်းကို ရင်ကတုပ်...
ဆက်လှမ်းခြင်းဟာ သူတို့အလုပ်...
တချို့ကရှာဖွေ တချို့ကကြွေ...
တချို့ကခွဲရစ် လမ်းခုသစ်မှာ...
တချို့ကအသက်မကြီး ၈၈မှာပဲနေပြီး နရသိမ်ကိုအိမ်လုပ်
အဲဒါ..သူတို့ရဲ့ခြေကုတ်နေရာတဲ့။ (ကိုကိုသစ္စာ)
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment