အန်အယ်လ်ဒီကို တန်ပြန်သည့် I Vote လှုပ်ရှားမှု ရန်ကုန်၌ စတင်
ဗဟန်းမြို့နယ်မှ အစိုးရ ဝန်ထမ်းတဦးက “ဒီမနက် တာမွေအဝိုင်းမှတ်တိုင်မှာ ကားကနေ ဆင်းပြီး လူငယ် ယောင်္ကျားလေး၊ မိန်းကလေးတွေ အုပ်လိုက် လမ်းဖြတ်ကူးသွားပြီး အဝိုင်းမီးပွိုင့်အထိ ဖြတ်လျှောက်သွားတာ တွေ့လိုက်တယ်။ ဟိုဘက်ရောက်တော့ လူစုခွဲလိုက်ကြတယ်။ ဝတ်စုံတူတွေဆိုတော့ လူတွေ သတိထားကြည့်လိုက်တော့မှ အိုင်ဗို့ (I Vote) စာတမ်းပါတဲ့ အဖြူရောင် အင်္ကျီတွေမှန်း သိတာ” ဟု ခေတ်ပြိုင်သို့ ပြောသည်။
ရန်ကုန်မြို့တွင်း၌ ဖြစ်ပွားခဲ့သည့် အဆိုပါ လှုပ်ရှားမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက ဦးဆောင်၍ လုပ်ဆောင်ကြောင်း ထုတ်ဖော်ပြောကြားခြင်း မရှိသေး၍ ရန်ကုန်ပြည်သူတို့အကြား ထင်ကြေးအမျိုးမျိုး ထွက်ပေါ်နေကြောင်း ပြည်တွင်းဂျာနယ်အယ်ဒီတာတဦးက ပြောသည်။
၎င်းက “ဒါက ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေက လုပ်တာလည်း ဖြစ်နိုင်တာပဲလေ။ ဒီလှုပ်ရှားမှုက အာဏာပိုင်တွေကို ဆန့်ကျင်တာ မဟုတ်တော့ ကြောက်စရာလည်း မလိုဘူး။ အာဏာပိုင်တွေတောင် အားပေးချင် အားပေးဦးမယ်လေ” ဟု ရှင်းပြသည်။
“အသက် (၁၈) နှစ် ပြည့်ပြီးသော လူငယ်များ မိမိတို့လာမည့် ရွေးကောက်ပွဲတွင် မဲပေးမည် ဖြစ်ကြောင်း စာတမ်းထိုးထားသော တီရှပ်များ ဝတ်ဆင်၍ ရန်ကုန်မြို့လယ်တွင် သွားလာနေကြစဉ်” ဟူ၍ စစ်အစိုးရပိုင် ကြေးမုံသတင်းစာ၏ ဝဘ်ဆိုက်တွင် လှုပ်ရှားမှု ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။
ထိုလှုပ်ရှားမှုသည် စစ်အစိုးရ၏ ကျောထောက်နောက်ခံပြု အဖွဲ့အစည်းဖြစ်သော ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင်လူငယ်များက လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း ပြည်တွင်းရှိ ဝါရင့်နိုင်ငံရေးသမားတဦးက ထင်မြင်ချက်ပေးသည်။
၎င်းက “ရန်ပုံငွေ တောင့်တင်းတဲ့ နိုင်ငံရေးပါတီတွေထဲမှာ ကြံ့ဖွံ့ တပါတီပဲ ရှိတယ်လေ။ ဒီကန်ပိန်းက အန်အယ်လ်ဒီရဲ့ မဲမပေးရေး ကန်ပိန်းကို တန်ပြန်တာဆိုတော့ အဲဒီကြံ့ဖွံ့ လူငယ်တွေကလွဲရင် အခြားသော နိုင်ငံရေးပါတီတွေက လုပ်ဖို့ ငွေအား၊ လူအား၊ အချိန် ရှိမှာ မဟုတ်ဘူး” ဟု ပြောသည်။
ယခု ဖြစ်ပွားခဲ့သည့် လှုပ်ရှားမှုသည် မဲရုံသို့ မသွားဘဲ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် အန်အယ်လ်ဒီ ခေါင်းဆောင်တို့က နယ်အသီးသီးသို့ စည်းရုံးရေးဆင်းနေချိန်နှင့်လည်း တိုက်ဆိုင်ကြောင်း ဝါရင့်နိုင်ငံရေးသမားတို့က ဆိုသည်။
ရွေးကောက်ပွဲအတွက် ကြိုတင်မဲကို အတင်းပေးခိုင်း၍မရကြောင်း၊ ပြည်သူတယောက်သည် မဲမပေးလိုပါက မဲမပေးဘဲ နေနိုင်ကြောင်း ရေးသားထားသည့် စာများနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံပါသည့် လက်ကမ်းကြော်ငြာစာများလည်း အောက်တိုဘာ လဆန်းပိုင်းမှစ၍ ရန်ကုန်တွင် ဖြန့်ဝေခဲ့သည်။
http://www.khitpyaing.org
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment