10/18/2010

ဒေါ်အောင်ဆန်းစုကြည်၏ အထူးအယူခံ ကြားနာ


ဝီရ| နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှု ပြစ်ဒဏ်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ အထူးအယူခံဝင်မှုကို ရန်ကုန်တိုင်း တရားရုံးချုပ်၌ ယနေ့ ကြားနာခဲ့ရာတွင် အယူခံအတွက် ဆုံးဖြတ်ချက် ချနိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက “ဒီနေ့ ပြစ်ဒဏ်ချမှတ်တာကို ပြင်ဆင်ပေးဖို့ ကျနော်တို့ဘက်က အယူခံတင်ပြတာကို ကြားနာဖြစ်တယ်။ ဒီတင်ပြခဲ့တဲ့အပေါ် ကျနော်တို့ဘက်က ကျေနပ်မှု ရှိပါတယ်။ နှစ်ဦးနှစ်ဖက် ဆက်လက် ကြားနာဖို့အတွက် တရားရုံးချုပ်ဆီက ဒီနေ့ တခါတည်း ဆုံးဖြတ်တာ မရှိသေးတော့ နောက်တပတ် မဟုတ်ရင် နှစ်ပတ်အတွင်း ပြန်ကြားနာမယ်လို့ ကျနော်တို့ဘက်က မျှော်လင့်ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ယနေ့ နံနက် (၁၀) နာရီခန့်က နှစ်ဖက်ကြားနာရာတွင် ဒေါ်အောင်ဆန်းစုကြည်အတွက် ဦးကြည်ဝင်းကလည်းကောင်း၊ ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းမမတို့ (၂) ဦးအတွက် ဒေါ်ခင်ဌေးကြွယ်ကလည်းကောင်း အသီးသီး လျှောက်လဲချက် ပေးခဲ့ကြပြီး စစ်အစိုးရဘက်က ရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေးမှူး (၁) ဦး လာရောက်ကြားနာခဲ့ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်ရက်မတိုင်ခင် ဒီအမှုကို အပြီးသတ် ကြားနာပြီး ဆုံးဖြတ်ရမယ့်ကိစ္စပါ။ ဒါကြောင့် အမြန်ဆုံး ပြန်ကြားနာသွားနိုင်ဖို့ ကျနော်တို့ဘက်က မေတ္တာရပ်ခံထားပါတယ်” ဟု ဆက်လက် ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ နေအိမ်ခြံဝင်းအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသူ အမေရိကန်နိုင်ငံသား ဂျွန်ဝီလီယံ ယက်တောကို လက်ခံခဲ့မှုကြောင့် နေအိမ်အကျယ်ချုပ် ဥပဒေဆိုင်ရာ ပြည်တွင်းလုံခြုံရေး ဥပဒေ ချိုးဖောက်မှုဖြင့် နေအိမ်အကျယ်ချုပ် သက်တမ်း (၃) နှစ် ကျခံရန် အင်းစိန် အထူးတရားရုံးက ၂၀၀၉ ခု သြဂုတ် (၁၁) ရက်နေ့တွင် ချမှတ်ခဲ့သည်။

ထို့နောက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် တရားရုံးအာဏာ၏ အမိန့်ကို အုပ်ချုပ်ရေးအာဏာဖြင့် ပြင်ဆင်ကာ ထောင်ဒဏ်ကို ထက်ဝက်လျှော့ချ၍ ဆိုင်းငံ့ပြစ်ဒဏ် နေအိမ်အကျယ်ချုပ် (၁၈) လ ကျခံစေရန် ချမှတ်ခဲ့ခြင်းဖြစ်သည်။

“၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အရေးယူတာဟာ အစကတည်းက ဥပဒေနဲ့ မညီပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီဥပဒေက ရပ်ဆိုင်းသွားပါပြီ။ ဒါကြောင့် အသက်မဝင်တော့တဲ့ အဲဒီဥပဒေအတိုင်း အပြစ်ပေးတာ မမှန်ဘူးဆိုတာ ကျနော်တို့ဘက်က လျှောက်လဲထားတာ ရှိပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ချမှတ်ခဲ့သည့် ပြစ်ဒဏ်များအပေါ် အယူခံဝင်ခဲ့ရာတွင် ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့သည့်နောက် ပြီးခဲ့သည့် မေလမှစ၍ ဗဟိုတရားရုံးချုပ်သို့ အကြိမ်ကြိမ် တင်သွင်းလျှောက်ထားခဲ့ရာမှ ယနေ့ ကြားနာမှုသည် ပထမဆုံးအကြိမ် ဖြစ်သည်။

source by :NEJ

0 ယောက်ရဲ့ထင်မြင်ချက်: