ရခိုင်ပြည်နယ်တွင်း ဒုက္ခသည်တွေရဲ့ အခက်အခဲ
ရခိုင်ပြည်နယ်ဘက်မှာ မကြာခင်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေကြောင့် ဘုန်းကြီးကျောင်းတွေ ဓမ္မာရုံတွေမှာ ခိုလှုံနေကြရတဲ့ ဒုက္ခသည်တွေအတွက် နေရာထိုင်ခင်း၊ အဝတ်အစားနဲ့ အစားအသောက်တွေ အဓိက လိုအပ်နေတယ်လို့ ဒုက္ခသည်တွေကို အကူအညီ ပေးနေသူတွေက ပြောပါတယ်။အခြေအနေတွေ တည်ငြိမ်နေတယ်ဆိုပေမဲ့လဲ ဘေးကင်း လုံခြုံစိတ်ချရတဲ့ အခြေအနေလို့ ဒေသခံတွေက မထင်ကြသေးပါဘူး၊ ခုလိုအခြေအနေတွေကို စုံစမ်းထားတဲ့ မစုမြတ်မွန် က ဆက်ပြောပြပါရှင်။
စစ်တွေမြို့တခုထဲမှာတင် ဘုန်ကြီးကျောင်းနဲ့ ဓမ္မာရုံပေါင်း ၆၀ ကျော်လောက်မှာ ဒုက္ခသည်တွေ ခိုလှုံနေ ကြရပါတယ်။ လောလောဆယ်အထိ သက်ဆိုင်ရာက တရားဝင် ဒုက္ခသည်စခန်း ဖွင့်ပေးထားတာမျိုး မရှိသေးပါဘူး။ ဒီတော့ ခုလိုမျိုး ဘုန်ကြီးကျောင်းတွေ ဓမ္မာရုံတွေမှာ နေနေကြရတဲ့ဒုက္ခသည်တွေ ဘယ်လို အကူအညီတွေ အဓိက လိုအပ်နေသလဲ သိရအောင် ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ဝံလက်အဖွဲ့က ဦးသိန်းထွန်းအေးကို မေးကြည့်ပါတယ်။
“အခု လက်ရှိလိုနေတာတော့ အစားအသောက်ပဲ အစ်မ။ အစားအသောက်ရယ်၊ အမိုးအကာရယ်၊ ဘုန်းကြီးကျောင်းမှာ နေတော့ အဓိက အခင်း မရှိဘူး။ အခု မိုးကလည်း တအား ရွာတော့လေ ကလေးမှာ အ၀တ်အစား မရှိတာရယ်.. ခြင်ထောင် မရှိတာရယ်.. အခင်း ဖျာပေါ့၊ အဲဒါ မရှိတာရယ်.. စောင် မရှိတာ ရယ်.. မီးဘေးဒုက္ခသည်တွေ များတော့လေ။
နောက် ကိုယ်လွတ်ရုန်း ပြေးလာရတဲ့လူတွေမှာလည်း အ၀တ် အစားဆိုလို့ ဘာမှမပါဘူး။ အဲဒါတွေက အစားအသောက်နဲ့ နေစရာ ထိုင်စရာတွေ အများကြီး လိုနေတယ်။ လောလောဆည် အစိုးရဆီကတော့ ဘာအကူအညီမှ မပေးသေးဘူး။ ကျနော်တို့ ဒေသက အဖွဲ့အစည်းတွေကပဲ အကူအညီပေးနေကြတာပါ။ ကျနော်တို့ ကြိုးစားပြီးတော့ ဆန်ပေးတယ်၊ ခု ရန်ကုန် သား NGO တွေ လာပြီးတော့လည်း အထောက်အပံ့ပေးတာတွေ ရှိတယ်လေ။ နောက် ဒေသခံတွေကပဲ ရပ်ကွက် က ထမင်းထုပ်တွေဝေ ပေးတယ်၊ နောက်ပြီးတော့ ဆန် ကို ချက်ကျွေးတယ်၊ ကျနော်တို့ အဲလိုတွေ လုပ်ပေးနေပါတယ်”
အခုစစ်တွေမြို့မှာ ရှိနေကြတဲ့ ဒုက္ခသည်တွေက စစ်တွေမြို့အနီးတဝိုက်ကပါပဲလား၊ တခြားမြို့တွေဘက်က ဒုက္ခသည် တွေရော ဘယ်လိုနေထိုင်ကြရပါလဲ၊
“ဟုတ်ကဲ့၊ စစ်တွေမှာ ရှိနေတဲ့ သူတွေက စစ်တွေမြို့ ဧရိယာတ၀ိုက် ၊ စစ်တွေ မြို့ပြင်က ရပ်ကွက်တွေပေါ့၊ ရွာတွေပေါ့၊ စစ်တွေမြို့နယ်ထဲက ရွာတွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းနဲ့ နီးတဲ့ ရွာတွေက ဆိုရင် ပုဏ္ဏားကျွန်းမှာ ရောက်နေတာပေါ့၊ ဒီကနေ့ဆိုရင် မနက်အစောကြီးကပဲ ကျနော်တို့ ဒေါက်တာကျော်သူ တို့ နဲ့ ပုဏ္ဏားကျွန်းကို သွားပြီး လေ့လာခဲ့သေးတယ်။ အဲဒီမှာတော့ လူ ၃၀၀ ကျော်လောက် ရှိနေတယ်။”
ရခိုင်ပြည်နယ်ဘက်မှာ အခြေအနေတွေ တည်ငြိမ်နေတယ်ဆိုပေမဲ့ လုံခြုံ အေးချမ်းမှု မရှိသေးဘူး လို့ ဒေသခံတွေ ခံစား နေကြရတဲ့အတွက် ဘေးကင်းရာမှာ ခိုလှုံနေကြသူတွေဟာ နေရပ်ကို မပြန်ရဲကြသေး ဘူးလို့ ဝံလက် ပရဟိတ အဖွဲ့က ဦးသိန်းထွန်းအေးက ပြောပြပါတယ်၊ သက်ဆိုင်ရာက ပေးထားတဲ့ လုံခြုံရေး ကိုလည်း လုံလောက်တယ်လို့ မထင်ကြပါဘူးတဲ့။
“လုံခြုံရေး မကောင်းသေးဘူးပဲ ပြောရမှာပေါ့၊ တချို့နေရာတွေမှာ ယောက်ျားတွေက သူတို့ ရွာကို ကာကွယ်ပြီးတော့ ကျန်ခဲ့တယ်။ အမျိုးသမီး နဲ့ ကလေးတွေကိုကျတော့ မြို့ပေါ်ကို ပို့ထားတာတွေ ရှိတာပေါ့။ သူတို့ လုံခြုံမှုမရှိဘူးလို့ ခံစား နေရတဲ့ အခါတော့ သူတို့ မပြန်နိုင်ကြသေးဘူး။ နယ်တွေမှာက သိပ်လုံခြုံမှု မရှိသေးဘူးလေ။ တပ်ကတော့ လုံခြုံမှု လုံလုံလောက်လောက် မပေးနိုင်တဲ့အခါကျတော့လေ လူတွေက အိမ်မပြန်ရဲဘူး ဖြစ်နေကြတယ်”
ပြောချင်တာက လုံခြုံရေးကို စိတ်မချသေးဘူးဆိုတဲ့သဘောပါလား၊
“လုံးဝ စိတ်မချရသေးပါဘူး၊ လုံးဝ စိတ်မချရသေးဘူး၊ ဒီမှာ စစ်တွေမှာ Curfew ထုတ်ထားပေမဲ့ ပွင့်ပွင့် လင်းလင်း ပြောရ ရင် အစိုးရက ကျနော်တို့ကို လုံခြုံမှု အပြည့် မပေးနိုင်သေးဘူးလို့ ကျနော်တို့ ခံစားရတယ်။
စစ်တွေရဲ့ အပြင်မှာဆိုရင် ကိုယ့်ကိုကိုယ်ပဲ ကာကွယ်နေရတယ်။ မြို့ပေါ်မှာကတော့ စစ်တပ်တို့ ရဲတို့ အပြည့် ရှိပါတယ်။ ဒါပေမဲ့ ညဆိုရင်တော့ တခါတလေ ကုလား တက်တာတွေ ကုလား မီးရှို့ တာတွေ ပြဿနာတွေ ကောလဟလတွေ အများကြီး ဖြစ်နေတော့ လူတွေကတော့ အများကြီး စိုးရိမ်နေရတယ်၊ ပြီးတော့ မြို့ပြင် ရပ်ကွက်တွေမှာကျတော့ လုံခြုံရေးက အလုံအလောက် မရှိဘူး။ ရွာသားတွေပဲ ခုခံကာကွယ်နေရတယ်”
ဒီနေ့ မနက်ပိုင်းကလည်း ရသေ့တောင်မြို့နယ် ကူတောင်ရွာဘက်မှာ အဓိကရုဏ်း ဖြစ်ပွားခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှု ရှိတယ်လို့လည်း သတင်းတွေ ရရှိပါတယ်၊ အခုတော့ အဲဒီ ဘက်ကို စစ်တပ်က သွားရောက်ပြီး လုံခြုံရေးယူထားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာအတွင်း အဆိုး ဆုံးဖြစ်ပွားတဲ့ အကြမ်းဖက် အဓိကရုဏ်းတွေကြောင့် ရခိုင် ပြည်နယ်ထဲမှာ သေဆုံးသူပေါင်း ၅၀ ထက် မနည်း ရှိခဲ့ပြီး ဒုက္ခရောက်နေသူပေါင်း ၃ သောင်းကျော် ရှိနေပါတယ်။
နားဆင်ရန်
source by : http://www.voanews.com
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment