နေအိမ်အမွေပိုင်ဆိုင်မှု ဆုံးဖြတ်ချက် ဒေါ်အောင်ဆန်းစုကြည် အယူခံဝင်မည်
တရားရုံးရဲ့ အမွေပိုင်ဆိုင်မှု ဆုံးဖြတ်ချက်အပေါ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အယူခံဝင်မယ်လို့ ရှေ့နေဦးဥာဏ်ဝင်းက RFA ကို ဒီကနေ့ ပြောဆိုပါတယ်။မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ အမွေဆိုင် အမှုကို ဇွန်လ ၂၂ ရက်နေ့က ရန်ကုန် အနောက်ပိုင်း ခရိုင် တရားရုံးကနေ အမိန့်ချမှတ်ခဲ့တာပါ။
ရန်ကုန်မြို့ အမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ဖြစ်ပါသည်။(AFP)
အစ်ကိုဖြစ်သူ အမေရိကန် နိုင်ငံသား ဦးအောင်ဆန်းဦးက တရားစွဲဆိုထားတဲ့ အမွေဆိုင် ကိစ္စမှာ သားသမီး နှစ်ဦးလုံး ဖြစ်နေတာကြောင့် အမွေတွေကို အညီအမျှ တ၀က်စီ ခွဲဝေယူဖို့ တရားရုံးရဲ့ ဆုံးဖြတ်ချက်မှာ ဥပဒေကြောင်းအရ လွဲချော်မှုတွေ ရှိနေတာကြောင့် အယူခံဝင်မှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဥာဏ်ဝင်းက ပြောပါတယ်။
ရွှေ့ပြောင်း နိုင်တဲ့ အမွေပစ္စည်းတွေကို မြန်မာဓလေ့ ထုံးတမ်းအရ အညီအမျှ ခွဲဝေလို့ ရပေမယ့် ၁၉၅၃ ခုနှစ်က ပြဌာန်းထားတဲ့ ဥပဒေအရ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေကို နိုင်ငံခြားသား အနေနဲ့ ပိုင်ဆိုင် တောင်းဆိုခွင့် မရှိဘူးလို့ ဦးဥာဏ်ဝင်းက ဆိုပါတယ်။
ဖခင်ဖြစ်သူ မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ မိခင် ဒေါ်ခင်ကြည်တို့ ပိုင်ဆိုင်တဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ လက်ရှိ နေထိုင်နေတဲ့ ညီမဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက သူ့အနေနဲ့ တ၀က် ပိုင်ဆိုင်တယ် ဆိုပြီး နှစ်အတန်ကြာကတည်းက တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
source by : http://www.rfa.org
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment