၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် အမေရိကန်ခရီးစဉ် ဖျက်သိမ်း
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က အမေရိကန်ပြည်ထောင်စု NGO အဖွဲ့ကြီးတစ်ခုဖြစ်တဲ့ NED ခေါ် ဒီမိုကရေစီမြှင့်တင်ရေးအဖွဲ့က ချီးမြှင့်တဲ့ဆုကို လက်ခံဖို့အတွက် ဝါရှင်တန်ဒီစီ လာရောက်မယ့်ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၉ ရက်က
ထန်းတပင်မြို့နယ် ရွာသစ် ကျေးရွာတွင် ပြုလုပ်သည့် ငြိမ်းချမ်းရေးနှင့်
ပွင့်လင်းလူ့ဘောင် ဖော်ဆောင်ရေး ဆွေးနွေးပွဲတွင် ၈၈ မျိုးဆက်
ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် မိန့်ခွန်းပြောနေစဉ်။ RFA
"ကျွန်တော် အဲဒီပေးအပ်တဲ့
အသိအမှတ်ပြုမှုကို တန်ဖိုးထားပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့
အထဲမှာတောက်လျှောက် ဒုက္ခဆင်းရဲတွေခံကြတုန်းက စိတ်အားပေးမှုက
သိတ်အရေးကြီးပါတယ်။ အမေရိကန်ပြည်ထောင်စုကရော၊ လွှတ်တော်ကရော၊
အမေရိကန်ပြည်သူတွေက အားပေးတယ်။ ထောက်ခံတယ်။ ကျွန်တော်တို့ဘက်က
ကြံ့ကြံ့ခံရပ်တယ်လို့ ကျွန်တော်တို့ ခံစားရတဲ့အတွက်
အင်မတန်ကျေးဇူးတင်ပါတယ်။
ဒီမှာ မူဝါဒအရ ဘယ်လိုမှ လက်မခံနိုင်လောက်အောင်
သွေးခွဲထားတာရော၊ ကျွန်တော်တို့ကို ဒုတိယတန်းစား နိုင်ငံသားတွေလို
သဘောထားတာရော အဲတာကို ကျွန်တော်တို့ လက်ခံလို့မရဘူး။ နိုင်ငံသားတိုင်းဟာ
တန်းတူညီမျှ အခွင့်အရေး ရှိရမယ်ဗျ။ ၂၁ ရက်ပြည့်တဲ့နေ့ကျလို့ရှိရင် ဒါတွေကို
ထုတ်ယူနိုင်ပါပြီလို့ သူတို့ကိုယ်တိုင် ကြေညာထားပြီးတော့ ကျွန်တော်တို့
ဒီထောင်က ထွက်လာတဲ့ ၁၉ ယောက်ကို မပေးပဲနဲ့ ၆ လလောက်ထိ ပစ်ထားတာက
ဘယ်လိုနည်းနဲ့မှ နိုင်ငံသားတိုင်း တန်းတူညီမျှမှုမရှိဘူး။ အဲတာပြောတာက
ရှိသေးတယ်၊ တစ်နှစ်ဆိုင်းငံ့ထားတယ် ဆိုတာ ဘာဥပဒေလဲ။ ဘယ်လွှတ်တော်မှာ၊
ဘယ်ပြည်သူ့ ကိုယ်စားလှယ်တွေက ရေးဆွဲထားတဲ့ ဥပဒေလဲ။ ဥပဒေမဟုတ်ပဲနဲ့
ကိုယ့်စိတ်ထဲမှာ ထင်ရာ မြင်ရာတွေကို အမိန့်ထုတ်နေတာကတော့ ကျွန်တော်ဘယ်လိုမှ
သဘောမတူနိုင်ဘူး။
အဲတာကြောင့် ကျွန်တော်တို့ အမှု ၆၅ နှစ် ကျခဲ့ကြတဲ့
လူတွေချင်းအတူတူ ကျန်တဲ့လူတွေကို မပေးပဲနဲ့ တစ်ဦးတစ်ယောက်ထဲရတဲ့
အခွင့်အရေးရော ကျွန်တော်မလိုချင်ဘူး။ အဲတာကြောင့် ကျွန်တော်တန်ဖိုးထားတဲ့
ကျွန်တော် ကျေးဇူးတင်တဲ့ အမေရိကန်ပြည်သူတွေက ပေးအပ်တဲ့ အသိအမှတ်ပြုမှု
အဲဒီအခမ်အနားကိုတော့ ကျွန်တော်တန်ဖိုးထားသော်ငြား ကျွန်တော်တို့ရဲ့
မညီမျှမှုတွေကို လက်မခံနိုင်တဲ့အတွက် ကျွန်တော် မတက်ရောက် နိုင်တော့ဘူး။
အဲဒီအတွက်လည်း အဲဒီအခမ်းအနား ကျင်းပတဲ့ ပုဂ္ဂိုလ်တွေအားလုံးကို ကျွန်တော်
တလေးတစားနဲ့ အနူးအညွတ် တောင်းပန်ရပါလိမ့်မယ်"
ကိုမင်းကိုနိုင်နဲ့အတူ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး၊ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ရုပ်ရှင်မင်းသား ကိုကျော်သူ၊ မဲဆောက်အခြေစိုက် ဒေါက်တာစင်သီယာမောင်နဲ့ US Campaign for Burma အဖွဲ့က ကိုအောင်ဒင်တို့ ၅ ဦးကို မြန်မာ့ ဒီမိုကရေစီရေး စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့မှုတွေအတွက် NED အဖွဲ့က လာမယ့် စက်တင်ဘာ ၂ဝ ရက်နေ့မှာ ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။
source by : http://www.rfa.org
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment