6/16/2012

ဒေါ်​အောင်ဆန်း​စုကြည် ဂျနီဗာမိန့်​ခွန်း​မှ ဖွံ့​ဖြိုး​ရေး​အယူအဆအ​ပေါ် သုံး​သပ်ချက်

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမှာ မ​နေ့က ကျင်း​ပသွား​တဲ့​ ကမ္ဘာ့​အလုပ်သမား​အဖွဲ့ချုပ် အစည်း​အ​ဝေး​ မိန့်​ခွန်း​မှာ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောကြား​သွား​တဲ့​ စီးပွား​ရေး​နဲ့​ဖွံ့​ဖြိုး​ရေး​ မိန့်ခွန်း​ကောတ်နှုတ်ချက်​တွေကို အဓိကထား​ တင်ပြထား​ပါတယ်။
 

လူမှု ​ရေး​၊​ နိုင်ငံ​ရေး​နဲ့ စီး​ပွား​ရေး​ ပြုပြင်​ပြောင်း​လဲမှု​တွေ လိုက်​လျောညီ​ထွေရှိတဲ့​ ဒီမိုက​ရေစီနဲ့ သဟဇာတဖြစ်မယ့်​ ဖွံ့​ဖြိုး​ရေး​ပေါ်လစီ​တွေရှိမှပဲ မြန်မာပြည်ဟာ အ​ပေါင်း​လက္ခဏာ ​အောင်မြင်မှု​တွေနဲ့ ကမ္ဘာ့​မြေပုံ​ပေါ်ကို တ​ကျော့​ပြန် ​ရောက်လာ နိုင်မယ်လို့ ​ပြောသွား​ပါတယ်။

တရား​ဥပ​ဒေစိုး​မိုး​မှု၊​ ပွင့်​လင်း​မြင်သာမှု၊​ တာဝန်ယူမှု၊​ တာဝန်ခံမှု​တွေနဲ့​ သာမန်လူထုရဲ့ ဘဝ​တွေအ​ပေါ် ​ကောင်း​ကျိုးသက်​ရောက်မှု​တွေ ရှိတဲ့​ ဖွံ့ဖြိုး​ရေး​စီမံကိန်း​တွေကို ဦးစား​ပေး ​ပြောသွား​ပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ရဲ့ မိန့်ခွန်း​ကောက်နှုတ်ချက်တချို့

“နိုင်ငံသား​တွေရဲ့ လိုအပ်ချက်​တွေကိုလည်း​ မဖြည့်​ဆည်း​နိုင်၊​ အ​ကြောက်တရား​က​နေ မလွတ်​မြောက်နိုင်ဘူး​ဆိုရင် ဘယ်နိုင်ငံမှ စစ်မှန်တဲ့​ ဖွံ့​ဖြိုးတိုး​တက်မှု ရှိတယ်လို့​ မ​ကြွေး​ကြော်နိုင်ပါဘူး​။

တိုင်း​ပြည်မှာ တရား​ဥပ​ဒေ စိုး​မိုး​မှုမရှိ၊​ တိုင်း​ရင်း​သား​ပဋိပက္ခ​တွေကို မ​ဖြေရှင်း​နိုင်မချင်း​၊​ ဒီလို အ​ခြေခံ လိုအပ်ချက်​တွေကိုမှ မဖြည့်​ဆည်း​ပေး​နိုင်ရင် ကျန်း​မာသန်စွမ်း​တဲ့​ လူမှု​ရေး​၊​ နိုင်ငံ​ရေး​၊​ စီး​ပွား​ရေး​၊​ အ​ခြေခံ​တွေကို မတည်​ဆောက်နိုင်ပါဘူး​။

အလုပ်အကိုင် ဖန်တီး​ပေး​မယ့်​ နိုင်ငံခြား​တိုက်ရိုက်ရင်း​နှီး​မြှုပ်နှံမှုမျိုး​ကို ဖိတ်​ခေါ်ပါတယ်။ ဒါ​ပေမယ့်​ ရင်း​နှီး​မြှုပ်နှံသူ​တွေဟာ ဥပ​ဒေ လုပ်ထုံး​လုပ်နည်း​ ​တွေကို​တော့​ ​လေး​စား​လိုက်နာဖို့ လိုပါတယ်။ အလုပ်သမား​ စံချိန်စံညွှန်း​တွေ၊​ သဘာဝပတ်ဝန်း​ကျင်အ​ပေါ်မှာ တာဝန်ယူမှု​တွေကို နိုင်ငံတကာမှာ လက်ခံထား​တဲ့​ စံချိန်စံနှုန်း​အတိုင်း​ လိုက်နာကြဖို့ လိုပါတယ်။
မြန်မာလူငယ်​တွေဟာ တိုင်း​ပြည်မှာ ထိုက်တန်တဲ့​ ​နေရာရဖို့ အ​ခြေခံပညာ​ရေး​တွေ ကို မသင်ခဲ့​ရပါဘူး​။ ဒါ​ကြောင့်​ ပညာ​ရေး​စနစ်ကို တိုး​တက်လာ​အောင်လုပ်ဖို့ လိုအပ်​နေ ပါတယ်။ အလုပ်အကိုင်ဖန်တီး​မှုနဲ့ ချိတ်ဆက်ထား​တဲ့​ အသက်​မွေး​ဝမ်း​ကြောင်း​ ပညာ သင်တန်း​တွေ လိုအပ်ပါတယ်။”

ဒီမိန့်​ခွန်း​မှာပဲ ​ဒေါ်​အောင်ဆန်း​စုကြည်က တာဝန်ခံမှုနဲ့​ ပွင့်​လင်း​မြင်သာမှုမရှိတဲ့​ မြန်မာ့​စွမ်း​အင်ဝန်ကြီး​ဌာနလက်​အောက်က နိုင်ငံပိုင် မြန်မာ့​ရေနံနဲ့ ဓာတ်​ငွေ့​လုပ်ငန်း​ (MOGE)နဲ့​ အလုပ်တွဲမလုပ်ကြဖို့​၊​ နိုင်ငံတကာအစိုး​ရ​တွေကတဆင့်​ ကုမ္ပဏီ​တွေကို တိုက်တွန်း​သွား​ပါတယ်။
မြန်မာပြည်မှာ ​ရေနံနဲ့ဓာတ်​ငွေ့လို သဘာဝအရင်း​အမြစ်​တွေကို ထုတ်ယူတဲ့​ စီး​ပွား​ရေး​ကဏ္ဍမှာ နိုင်ငံခြား​တိုက်ရိုက် ရင်း​နှီး​မြှုပ်နှံမှု​တွေနဲ့ ပတ်သက်လို့​လည်း​ ​ဒေါ်​အောင်ဆန်း​စုကြည်က “ပွင့်​လင်း​မြင်သာမှုကို အ​ရေး​ကြီး​သလိုပဲ စည်း​မျဉ်း​စည်း​ကမ်း​တွေ ​ကောင်း​မွန်ဖို့ လိုအပ်ပါတယ်လို့လည်း​ ​ပြောသွား​ပါတယ်။

 ဒီလိုမျိုး အရင်း​အမြစ်​တွေကို ထုတ်ယူတဲ့​ စီး​ပွား​ရေး​လုပ်ငန်း​တွေဟာ ထုတ်ချင်တာကို ထုတ်ယူပြီး​ ပြန်သွား​တတ်တာနဲ့ တခြား​ လုပ်ငန်း​တွေလိုမျိုး​ အလုပ်အကိုင်​တွေကို မဖန်တီး​ပေး​နိုင်ဘူး​။ ဒါ​ကြောင့်​ ကျမတို့​ သတိနဲ့​ ချဉ်း​ကပ်ဖို့​ လိုပါတယ်လို့ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောပါတယ်။

သူ့​အ​နေနဲ့ မြန်မာပြည်မှာ ပြည့်​စုံပြီး​ ထိ​ရောက်တဲ့​ စွမ်း​အင်​ပေါ်လစီ ရှိ​စေချင်တယ်။ ကြွယ်ဝတဲ့​ စွမ်း​အင်အရင်း​အမြစ်​တွေ ကုန်ခမ်း​သွား​တာမျိုး​ မဖြစ်​စေချင်ဘူး​။ ဒါ​တွေဟာ စွမ်း​အင်ထုတ်ယူတဲ့​ ရင်း​နှီး​မြှုပ်နှံမှု​တွေကို မြန်မာပြည် ဝင်လာဖို့​ ဖိတ်​ခေါ်တာနဲ့​ ဆက်စပ်​နေတာ​ကြောင့်​ သတိထား​ဖို့ လိုတယ်လို့​ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောသွား​ပါတယ်။”
မိန့်​ခွန်း​ထဲမှာပါတဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ဖွံ့ဖြိုး​ရေး​အယူအဆ​တွေနဲ့​ ပတ်သက်လို့ ဖွံ့ဖြိုး​ရေး​အ​ကြောင်း​ စာအုပ်စာတမ်း​တွေ ​ရေး​သား​နေတဲ့​ ကို​ဇော်မင်း​ရဲ့​ အမြင်ကို ​မေး​မြန်း​ထား​ပါတယ်။

ပွင့် လင်း​မှု၊​ တာဝန်ခံမှု၊​ တာဝန်ယူမှုလို၊​ တရား​ဥပ​ဒေစိုး​မိုး​မှုလိုမျိုး​ သူ​ပြောသွား​တာ​တွေ​တော့​ အများ​ကြီး​ရှိတယ်။ အဲဒီထဲမှာ ကျ​နော် နည်း​နည်း​ သတိထား​မိတာက democracy friendly development တို့​လို့၊​ ​နောက် democracy friendly development policy၊​ democracy friendly investmentလို့ သူသုံး​သွား​တယ်။ ကျ​နော့်​ စိတ်ထဲမှာ ဒီဟာ ဖွံ့ဖြိုး​ရေး​ ဘာသာရပ်၊​ စီး​ပွား​ရေး​စကား​လုံး​ အသစ်လို့ ကျ​နော်ထင်တယ်။ ကို​ဇော်မင်း​ ဘယ်လို သ​ဘောရလဲ။

“တင်စား​ပြီး​ပြောတယ်လို့​ ကျ​နော် ​ပြောနိုင်ပါတယ်။ ဆိုလိုတာက ဘယ်အလုပ်​တွေလုပ်လုပ် စီး​ပွား​ရေး​ဖွံ့ဖြိုး​မှုကိုပဲ ဦး​တည်ဦး​တည်၊​ နိုင်ငံ​ရေး​တိုး​တက် ဖွံ့​ဖြိုးမှုကိုပဲ ဦး​တည်ဦး​တည် ဒီမိုက​ရေစီက​နေပြီး​တော့​ ​သွေဖည်မသွား​ဖို့​အတွက်၊​ ဒီမိုက​ရေစီနဲ့​ နီး​ကပ်ဖို့​အတွက်၊​ ဒီမိုက​ရေစီနဲ့​ အမြဲတမ်း​ ပူး​ကပ်​နေဖို့အတွက် ဒါ သတိ​ပေး​တဲ့​ အသုံး​အနှုန်း​လို့​ ကျ​နော်မြင်ပါတယ်။”

ဘယ်လို စိုး​ရိမ်​သောက​တွေများ​ ရှိနိုင်မလဲ။ နိုင်ငံခြား​ရင်း​နှီး​မြှုပ်နှံမှု​တွေက ခုနကလို ဒီမိုက​ရေစီကို ​သွေဖည်သွား​တာမျိုး​တွေမှာ သူ စိုး​ရိမ်​သောက​တွေများ​ ရှိ​နေမလား​။ ကို​ဇော်မင်း​ ဘယ်လိုသုံး​သပ်လဲ။

“ဒီမိုက​ရေစီကို ​သွေဖည်တာထက် ဥပမာ သက်ဆိုင်ရာ တာဝန်ရှိတဲ့​ လူပုဂ္ဂိုလ် တဦး​၊​ နှစ်ဦး​၊​ သုံး​ဦး​လောက်​နေ တချို့ဆုံး​ဖြတ်ချက်​တွေကို ဆုံး​ဖြတ်ပြီး​တော့​ တချို့ရင်း​နှီး​မြှုပ်နှံမယ့်​ ကုမ္ပဏီ​တွေကို တခါတည်း​ အလုံး​လိုက် အရင်း​လိုက် ခွင့်​ပြုလိုက်မှာမျိုး​ဆိုရင် ဒါမျိုး​ကို သူစိုး​ရိမ်တယ်လို့​ ကျ​နော် မြင်တယ် ​ဒေါ်စုအ​နေနဲ့က။

ဒါ​ကြောင့်​မို့​လို့ ဆုံး​ဖြတ်ချက်တခုခု ချ​တော့​မယ်ဆိုလို့ရှိရင် ဒီမိုက​ရေစီနည်း​အရ အစိုး​ရထဲမှာ ဒါ​တွေကို တိုင်ပင်။ ဒီမိုက​ရေစီနည်း​အရ အဲဒီ ရင်း​နှီး​မြှုပ်နှံမယ့်​ ​နေရာမှာ ရှိတဲ့​ ​ဒေသခံ လူထု​တွေ၊​ ​ဒေသခံလူမှုအဖွဲ့​အစည်း​တွေရဲ့ အမြင်​တွေကို စုစည်း​ သူတို့​ရဲ့ အမြင်​တွေ ​တောင်း​ခံ။ အဲဒီလို ဒီမိုက​ရေစီ နည်း​ကျကျ လုပ်ပြီး​မှ ဒီရင်း​နှီး​မြှုပ်နှံမှုက ​ရေရှည်မှာ အကျိုး​ရှိတယ် မရှိတယ်ဆိုပြီး​ လက်ခံတဲ့​၊​ လက်ခံပါဆိုတာမျိုး ​ပြောတယ်လို့​ ကျ​နော် မြင်ပါတယ်။”

မ​နေ့​က ​ဒေါ်စု မိန့်ခွန်း​မှာဆိုရင် ထိုင်း​မှာ​ပြောသွား​တဲ့​ မိန့်ခွန်း​ပြီး​ရင်​တော့​ ဒါ ဘာပဲ​ပြော​ပြော နိုင်ငံတကာက တကယ့်​ ဝန်ကြီး​အဆင့်​ပေါ့​လေ အလုပ်သမား​ဝန်ကြီး​ အဆင့်​တွေ တက်​ရောက်​နေတဲ့​ ကုလသမဂ္ဂ လက်​အောက်ခံအဖွဲ့အစည်း​မှာ ပထမဆုံး​ပြောတဲ့​ မိန့်ခွန်း​လို့ ​ပြောရမှာ​ပေါ့​ဗျာ။ ဒီ မိန့်ခွန်း​အ​ပေါ်မှာ ကို​ဇော်မင်း​ တစုံလုံး​ ဘယ်လိုသ​ဘောရလဲ၊​ ဘယ်​လောက် သမိုင်း​ဝင်တယ်လို့ ​ပြောလို့ ရမလဲ။

“သမိုင်း​ဝင်တယ်လို့​ပဲ ကျ​နော် ​ပြောရမှာ​ပေါ့​ဗျာ။ ဘာဖြစ်လို့လဲ ဆို​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ဒီ​နေရာမှာ သူ့​ရဲ့ တိုင်း​ပြည်အ​ပေါ်မှာ ဖွံ့​ဖြိုး​တိုး​တက်​ရေး​နဲ့ မြင်ပုံ၊​ ဒီမိုက​ရေစီနဲ့​ မြင်တဲ့​ဟာ​တွေကို ဒါ ကျ​နော်တို့​ အဆင့်​အတန်း​ မြင့်မြင့်​ အ​တွေး​အ​ခေါ် အယူအဆ မြင့်​မြင့်​နဲ့ နိုင်ငံတကာ ​ခေါင်း​ဆောင်​တွေ အလယ်မှာ၊​ နိုင်ငံတကာ နိုင်ငံ​ရေး​ ​ခေါင်း​ဆောင်​တွေ​ရော၊​ စီးပွား​ရေး​ ​ခေါင်း​ဆောင်​တွေ​ရော အလယ်မှာ သူ မြန်မာပြည်ကိုယ်စား​ တင်ပြသွား​နိုင်တယ်လို့ ကျ​နော် အဲဒီလို မြင်ပါတယ်။”

source by :  http://burmese.dvb.no

0 ယောက်ရဲ့ထင်မြင်ချက်: