ကူညီဖေးမမှု ဒုတိယခြေလှမ်း..
ကူညီဖေးမမှု ဒုတိယခြေလှမ်း
ပခုက္ကူမြို့နယ်ရေဘေး ကယ်ဆယ်ရေး ကူညီထောက်ပံ့ရန်အတွက် နာရေးကူညီမှုအသင်း (ရန်ကုန်)မှ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက် ဦးဆောင်ပြီး ပခုက္ကူမြို့ပေါ်ရှိ ကုန်စုံဆိုင်များမှ ဒုက္ခသည် တို့အတွက် လိုအပ်သော ဆန်၊ ခေါက်ဆွဲခြောက်၊ ဆား၊ ဒန်အိုး၊ ဒန်ခွက်၊ ပန်းကန်ခွက်ယောက်များနှင့် ခြုံစောင်များအား လိုက်လံဝယ်ယူ၍ ရေပြာဆိပ်မှ စက်လှေများဖြင့် သယ်ဆောင်ပြီးနောက် ပေါက်မြို့ မှတဆင့် ဒုက္ခသည်များရှိရာ (ကူညီကယ်ဆယ်ရေးအဖွဲ့များ မရောက်ရှိသည့် ကျေးရွာများ)သို့ ၃၁.၁၀ ၂၀၁၁ ရက်နေ့တွင် ထပ်မံ၍ အုန်းတော၊ မြောက်စု၊ ညောင်ဝင်းပေါက်ကျေးရွာများနှင့် ၁.၁၁.၂၀၁၁ ရက်နေ့တွင် တံစူး၊ လက်ပံလှကျေးရွာနှင့် အနီးရှိဒုက္ခသည်များရှိရာသို့ ကားတစ်တန်၊ ရေတစ်တန်ဖြင့် ထော်လာဂျီဖြင့်၎င်း၊ မော်တော်ယာဉ်များဖြင့်၎င်း၊ ခြေလျင်လျှောက်၍၄င်း သဲချောင်းများ၊ နွံများကို ခဲရာခဲဆစ် ဖြတ်သန်းကျော်လွှားကာ သွားရောက်ကာ ဒေသခံလူမှုရေးသမားများနှင့် ပူးပေါင်း၍ ကုသိုလ်ဖြစ် ကူညီထောက်ပံ့ ဖေးမလျက်ရှိသည်။
(ညောင်ဝင်းပေါက် ကျေးရွာသည် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) မရောက်ရှိ သေးခင် အချိန်ထိ မည်သည့်ကယ်ဆယ်ရေးအဖွဲ့များမှ လာရောက်ခြင်း မရှိသေးသည့်အပြင် ရွာလုံးကျွတ် ရွာဦး ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ကြီး၏ ကျွေးမွေးသည့် ထမင်းများကိုသာ စားသုံးကာ အသက်ဆက် နေကြရကြောင်း သိရှိရသည်။)
ထိုသို့ ကူညီထောက်ပံ့လှူဒါန်းမှုများကို နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် မတည် လှူဒါန်းငွေသိန်း (၂၀၀) ကျပ်ဖြင့် ကူညီမှုကိုစတင်ခဲ့သလို အလှူရှင်များ၏ ရေဘေးလှူဒါန်းမှုငွေများ၊ အ၀တ်အထည်များကို ဒုက္ခသည်များ၏ လက်ဝယ်သို့ ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။
ယနေ့ ၁.၁၁.၂၀၁၁ နေ့တွင် မလေးရှားနိုင်ငံရောက် မြန်မာလူမျိုးများမှ ပခုက္ကူရေဘေး ဒုက္ခ သည်များအတွက် အလှူငွေသိန်း (၄၀) ကျပ်တိတိကို လာရောက် လှူဒါန်းသည့် အတွက်လည်း သာဓု .. သာဓု .. သာဓု ဟုခေါ်ဆို လိုက်ရပါသည်။
ထိုသို့ သွားရောက်ကူညီဖေးမမှု လမ်းကြောင်းများတွင် ဒုက္ခသည်ပြည်သူများမှ တက်ကြွစွာ ၀ိုင်းဝန်းကူညီခဲ့ကြသလို အချို့သော နေရာများတွင် လမ်းကြောင်းပိတ်ဆို့မှု၊ အထစ်အငေါ့ အခက်အခဲ အချို့လည်း ကြုံတွေ့ခဲ့ရသည်။ မည်သို့သော အခက်အခဲများ ကြုံတွေ့စေကာမူ ကျွန်တော်တို့ နာရေး ကူညီမှုအသင်း(ရန်ကုန်) လူမှုရေးသမားများအဖို့ ကုသိုလ်ရေးကို အဓိကထားကာ လူသားချင်းစာနာ ထောက်ထားသော စိတ်ဓါတ်ဖြင့် ကူညီဖေးမမှုများကို စဉ်ဆက်မပြတ် လုပ်ဆောင်ကြရမည် ဖြစ်သည်။
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment