2/19/2011

နိုင်ငံတော်ကိုယ်တိုင်က အကြမ်းဖက်သမားဖြစ်နေပြီလား


ဦးဝင်းတင်နဲ့ မေးခွန်းများ

မိုးမခ | ဒီတပတ် ဆရာဦးဝင်းတင်နဲ့ ဆုံတွေ့စကားပြောဖြစ်တဲ့အခါမှာ အဓိကမေးဖြစ် ပြောဖြစ်တာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီကို စစ်အစိုးရအာဘော် သတင်းစာများကနေပြီးတော့ ကြေကွဲဖွယ် ဇာတ်သိမ်းနဲ့ ကြုံရလိမ့်မယ်လို့ တရားဝင်ခြိမ်းခြောက်လိုက်တာရယ်၊ စီးပွားရေးပိတ်ဆို့မှုများနဲ့ ပတ်သက်တဲ့ သဘောထားမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီပါတီကို ပြစ်တင်ဝေဖန် ပြောဆိုလာတာတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ဒီလ ၁၃၊ ၁၄၊ က စပြီးတော့ စစ်အစိုးရသတင်းစာတွေကနေပြီးတော့ အင်န်အယ်ဒီရဲ့ ဆန်ရှင်အပေါ် သဘောထားနဲ့ ပတ်သက်ပြီး ပြန်လှန် ဝေဖန်တိုက်ခိုက်တဲ့ ဆောင်းပါးတွေ ထည့်လာတယ်။ အဲဒီအထဲမှာ စီးပွားရေးပိတ်ဆို့မှုအပေါ်မှာ ပြန်လှန်ပြီး ပြောဆိုဆွေးနွေး ဝေဖန်ရန်တွေ့နေတာတွေအပြင်ကို ထူးထူးခြားခြား ဘာကို ထည့်ပြောလာသလဲဆိုတော့ ဒီလိုမျိုးစစ်အစိုးရကို ဆန့်ကျင်တဲ့ သဘောထားရှိတဲ့ ဒေါ်စုနဲ့ အင်န်အယ်ဒီပါတီဟာ သမိုင်းနိဂုံးချုပ်မယ်၊ နိုင်ငံရေးကျဆုံးမယ်လို့ ခြိမ်းခြောက်တဲ့ စကားကို ပြောတယ်။ ဒါ့အပြင် အင်္ဂလိပ်ဘာသာနဲ့ ထုတ်တဲ့သတင်းစာမှာတော့ ဒေါ်စုကို အင်္ဂလိပ်ဘာသာနဲ့ တိတိကျကျ ပြတ်ပြတ်သားသားကို အသက်အန္တရာယ်နဲ့ ကြုံရမယ်၊ ကြေကွယ်ဖွယ် ဇာတ်သိမ်းနဲ့ ဇာတ်သိမ်းမလှ ဖြစ်လိမ့်မယ်လို့ကို ပြောင်ပြောင်တင်းတင်း ပြောလိုက်တယ်။ အတိအကျ စကားလုံးက She will meet her tragic end လို့ ပြောလိုက်တယ်။ ဒါနဲ့ ပတ်သက်ပြီး ကျနော်တို့က ဘာမြင်သလဲဆိုတော့ လက်နက်ကိုင်ထားတဲ့ စစ်အစိုးရက စစ်အာဏာပိုင်တွေက လက်နက်မဲ့တဲ့ နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို အကြမ်းဖက်မယ်၊ ရန်မူမယ်လို့ ပြောလိုက်တယ်လို့ မြင်တယ်။ စိုးရိမ်စရာကောင်းတဲ့ သဘောလို့ မြင်ပါတယ်။ ဒါကို ဆရာက ဘာပြောချင်သလဲ။ ဆရာတို့က ဒါကို ပေါ့ပေါ့ဆဆပဲ သဘောထားသလား။

အဲသည်ဆောင်ပါးတွေရဲ့ ဂယက်နဲ့ ကျနော်တို့ သဘောထားကို မပြောခင်မှာ၊ ပြည်သူလူထုဖက်က တုန့်ပြန်မှုကို မပြောခင်မှာ အရင်ဆုံး ဘာကို ပြောချင်သလဲ ဆိုတော့ - သူတို့စစ်အစိုးရရဲ့ သတင်းစာကနေ ဒီလိုမျိုး စကားလုံးတွေ သုံးစွဲပြီး ခြိမ်းခြောက် ရေးသားလိုက်တဲ့အတွက် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာနကနေပြီး အလွန်အမင်း စိုးရိမ်သွားပြီးတော့ သူတို့အစိုးရတရပ်အနေနဲ့ စစ်အစိုးရကို တရားဝင် သတိပေးပြောဆိုချက် ထွက်ပေါ်လာတာကို တွေ့ရတယ် လို့ ပြောချင်ပါတယ်။

အမေရိကန်အစိုးရက မြန်မာစစ်အစိုးရကို သတိပေးတဲ့ စကားမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို ကာကွယ်ဖို့၊ စောင့်ရှောက်ပေးဖို့ တာဝန်ဟာ စစ်အစိုးရမှာ တာဝန်ရှိတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်တယ်။
မြန်မာပြည်တွင်းက ပြည်သူတွေနဲ့အတူ စိုးရိမ်တယ်လို့ သဘော ပြောလာတာကို တွေ့ရပါတယ်။ ဟုတ်ပါတယ်။ ကျနော်တို့တွေမှာကော၊ ပြည်သူလူထုတွေ ကြားထဲမှာ စိုးရိမ်မှုတွေ၊ သောကတွေ ပိုပြီး ဖြစ်လာတယ်။ ကျယ်ပြန့်လာတယ်လို့ ကျနော်တို့ ကြုံတွေ့နေရပါတယ်။

သူတို့စစ်အစိုးရ ကျင်းပနေတဲ့ လွှတ်တော်ဆိုတဲ့ ဆီမှာကလည်း ၀န်ကြီးတွေ ခန့်တာတွေ၊ ထွက်တာတွေ၊ အပြောင်းအလဲတွေ ဖြစ်တယ်လို့ သတင်းတွေ၊ ပါးစပ်အပြောတွေကလည်း ပြန့်နှံ့ပြီး တိုင်းပြည်ကလည်း မငြိမ်မသက်ဖြစ်နေတဲ့အတွက် ဖေဖော်ဝါရီလ ၁၇ နေ့က ဆိုရင် ဘယ်လောက်ထိ ကောလဟလတွေက ဖြစ်သလဲ ဆိုတော့ ညကပဲ အင်န်အယ်ဒီပါတီကို ၀င်သိမ်းတယ်၊ ၀င်ဖမ်းတယ် ကြားလို့ သတင်းဌာနတွေက ပြည်သူတွေက ဖုံးဆက်ပြီး မေးကြ၊ မြန်းကြ၊ စုံစမ်းကြတာတွေကိုတောင် ကျနော်တို့ ကြုံကြရတယ်။ ဒါက ဘာကိုပြသလဲဆိုတော့ စစ်အစိုးရရဲ့ တင်းမာတဲ့ သဘောထား ထုတ်ပြန်ချက်ကြောင့် နိုင်ငံတကာမှာကော၊ ပြည်တွင်းက ပြည်သူလူထုတရပ်လုံးမှာပါ မတည်မငြိမ်နဲ့ စိုးရိမ်မှုတွေ၊ ပူပန်မှုတွေ ဖြစ်ပေါ်စေတယ်လို့ ပြောချင်ပါတယ်။

နောက်မေးခွန်းတခုကတော့ ဆရာရယ်။ အခု ဖေဖော်ဝါရီလမှာ ထုတ်ပြန်လိုက်တဲ့ အင်န်အယ်ဒီရဲ့ နိုင်ငံတာကဆန်ရှင်ပေါ်မှာ လက်ခံတယ်ဆိုတဲ့ သဘောထား၊ ပြီင်္းတော့ နိုင်ငံတကာကလည်း ဆန်ရှင်တွေ၊ အရေးယူပိတ်ဆို့မှုတွေကို ရုတ်သိမ်းမယ်၊ စဉ်းစားမယ် ဆိုရင်လည်း စစ်အစိုးရနဲ့ အပေါင်းအပါတွေနဲ့ တဖက်သတ် တွေ့ဆုံပြီး မဆုံးဖြတ်နဲ့၊ ပြည်သူလူထုထောက်ခံမှုရရှိထားတဲ့ အတိုက်အခံဒီမိုကရေစီအင်အားစုဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အင်န်အယ်ဒီနဲ့တကွ မဟာမိတ်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးပါလို့ ကမ်းလှမ်းလိုက်တယ်၊ ပြောလိုက်တယ်လို့ ကျနော်တို့က မြင်ပါတယ်။ အဲသည်လို ပြောတာ ဖြစ်တဲ့အတွက် အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာလုံးနဲ့ မြန်မာပြည်တွင်းသာမက၊ ပြည်ပက မြန်မာပြည်အရေးစိတ်ဝင်စားသူတွေကိုပါ ရည်ရွယ်ပြီး ရေးသားလိုက်တယ်လို့ ရှုမြင်မိပါတယ်။ ဒီလိုမျိုး ရှင်းလင်းချက်က ဘာများ လူအများ နားမလည်စေတဲ့ မျက်စိလည်စရာများ ရှိနေလို့လဲ။

ဒါက ရှင်းလင်းပါတယ်။ ကျနော်တို့ရဲ့ ကမ်းလှမ်းချက်၊ သဘောထားထုတ်ပြန်ချက်က အင်န်အယ်ဒီနဲ့ မဟာမိတ်နိုင်ငံရေးအင်အားစုတွေ မပါဝင်ဘဲနဲ့ စီးပွားရေးအရ အရေးယူပိတ်ဆို့တာတွေကို ရုတ်သိမ်းဖို့၊ ပြင်ဆင်ဖို့၊ ဘာပဲ လုပ်လုပ်၊ မစဉ်းစားပါနဲ့၊ မဆုံးဖြတ်ပါနဲ့။ ကျနော်တို့နဲ့ ဆွေးနွေးပါလို့ ပြောလိုက်တာ ဖြစ်တယ်။ ဒါကို အနောက်နိုင်ငံတွေထဲမှာ အရင်ဦးဆုံး လက်ခံတာ၊ အသိအမှတ်ပြုတာက အမေရိကန်နိုင်ငံဖြစ်တယ်။ ဥရောပတို့ အီးယူတို့က ဘာပြောမလဲဆိုတာကို စောင့်ကြည့်ရမှာပေါ့။ စစ်အစိုးရနဲ့ သူတို့ အပေါင်းအပါတွေက အမြဲတစိုက်ပြောနေတာက ဆန်ရှင်တွေက ပြည်သူလူထုကို ထိခိုက်တယ်လို့ ပြောတယ်။ ကျနော်တို့ပြောနေတာက ပြည်သူလူထုကို ထိခိုက်တာထက် လူ့အခွင့်အရေးတွေ အမြဲချိုးဖောက်နေတဲ့ ဒီမိုကရေစီရေး တိုင်းပြည်အရေးကို အလေးမထားတဲ့ စစ်အစိုးရကို ထိခိုက်စေတယ် လို့ ပြောတယ်။ ဒါကြောင့် ဆန်ရှင်ကိစ္စကို လျော့ချင်တာပဲ ဖြစ်ဖြစ်၊ တိုးချင်တာပဲဖြစ်ဖြစ် ကျနော်တို့နဲ့ ဆွေးနွေးပါ၊ တိုင်ပင်ပါ။ သဘောထားကို တောင်းပါလို့ ပြောလိုက်တာ ဖြစ်ပါတယ်။

ဒါဆိုရင် ကျနော်တို့က ပြောချင်တာတခုကတော့ ပြည်သူလူထုတွေ၊ ပြည်တွင်းက တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်တွေ၊ အလုပ်သမား လယ်သမားတွေ အားလုံးမှာ နိုင်ငံရေးချွတ်ခြုံကျမှု၊ စီးပွားရေး ချွတ်ခြုံကျမှု၊ ပညာရေးချွတ်ခြုံကျမှု၊ လူ့အခွင့်အရေးတွေ၊ အလုပ်သမား လယ်သမားအခွင့်အရေးတွေ အားလုံး ချွတ်ခြုံကျမှုတွေ ဖြစ်နေတယ်။ ခံစားနေရတယ်။ လူမှုရေး ကျန်းမာရေး အစစအရာရာ အထွေထွေ ဆင်းရဲ ချို့တဲ့နေရတာတွေ အားလုံးဟာ ဆန်ရှင်ကြောင့်လို့ စစ်အစိုးရနဲ့ အပေါင်းအပါတွေက ၀ိုင်းပြီး လက်ညှိုးထိုးနေတာကို စစ်အစိုးရလက်အောက်က ပြည်သူလူထုကြီး အားလုံးက တပြိုင်နက်တည်း ခေါင်းတွေ ညိတ်ပြီး ဟုတ်တယ် ဟုတ်တယ်လို့ ပြောနေကြလို့လား။ လူထုက ဘယ်လိုခံစားနေရတယ်၊ ဘယ်လိုနားလည် သဘောပေါက်နေတယ်လို့ ဆရာက မြင်သလဲ။ ပြောချင်သလဲ။

အခု ကျနော်တို့ သဘောထားထုတ်ပြန်ချက်တွေမှာလည်း ပြောပြီးပါပြီ။ တိုင်းပြည်မှာ အစစအရာရာ ချွတ်ခြုံကျပြီး ဆင်းရဲဒုက္ခမျိုးစုံနဲ့ လွတ်လပ်ရေးတွေ ဆိတ်သုဉ်းနေတာ၊ လူ့အခွင့်အရေးတွေ၊ အလုပ်သမား၊ လယ်သမားတွေ၊ တိုင်းရင်းသားတွေ အားလုံးရဲ့ အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေ ဆုံးရှုံးနေရတာဟာ ဆန်ရှင်ဆိုတာထက် စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေ၊ ချုပ်ခြယ်မှုတွေ၊ စီမံခန့်ခွဲမှု ချွတ်ခြုံကျနေတာတွေ ကြောင့်ဖြစ်တယ်။ လက်ဝါးကြီးအုပ် စစ်အုပ်ချုပ်မှုတွေ၊ အကျင့်ပျက် ခြစားမှုတွေကြောင့် ဖြစ်တယ်ဆိုတာကို ပြည်သူတွေက ထင်ထင်ရှားရှား ပြတ်ပြတ်သားသား နားလည်နေပြီး ဖြစ်ပါတယ်။ အခုအချိန်မှာ လူထုက စစ်အစိုးရကြောင့် သည်လို အထွေထွေဆင်းရဲကြပ်တည်းမှုကို ရင်ဆိုင်နေရတာ ဖြစ်တယ်။ လူ့အခွင့်အရေး အလုပ်သမား လယ်သမား အခွင့်အရေးတွေ မရှိလို့ ဆင်းရဲတာ၊ စီးပွားရေးအခွင့်အရေးတွေ မရှိတာကြောင့် တိုင်းပြည် ကြပ်တည်းတာဆိုတာကို သိပြီး ဖြစ်တယ်။ အခုထုတ်ပြန်တာကလည်း ပြည်သူလူထုကို ရှင်းပြတာထက် နားဝေးတဲ့ ပြည်ပက အစုအဖွဲ့တွေ၊ သက်ဆိုင်ရာတွေကို သဘောပေါက်အောင်၊ နားလည်အောင် ရှင်းတာပဲ ဖြစ်တယ်။ ဒါကြောင့် ဘာလုပ်လုပ် ကျနော်တို့နဲ့ တိုင်ပင်ဆွေးနွေးပြီးမှ လုပ်ပါ၊ ဒါကြောင့် ကျနော်တို့က အင်္ဂလိပ်ဘာသာနဲ့ စနစ်တကျ အချက်အလက်နဲ့ သေသေချာချာ ရေးသား ထုတ်ပြန်ရတာဖြစ်တယ်။ ဒါကို နားလည်ကြစေချင်တယ်။

ကျေးဇူးတင်ပါတယ် ဆရာ။

(ဆက်လက်ဖော်ပြပါမည်)

source by : http://moemaka.com

0 ယောက်ရဲ့ထင်မြင်ချက်: