3/03/2010

ဈေးဆိုင်ပိုင်ရှင်များ မီးအန္တရာယ် စိုးရိမ်နေကြ

မျိုးဝင်းဇော် | ယမန်နေ့ ည (၆) နာရီကျော်က ရန်ကုန်မြို့ သိမ်းကြီးဈေး (ဒီ) ရုံ ပထမထပ်တွင် ဖွင့်လှစ် ထားသည့် စားသောက်ဆိုင် တဆိုင်၌ မီးလောင်မှု ဖြစ်ပွားခဲ့ပြီးနောက် ရန်ကုန်မြို့ ဈေးအသီးသီးမှ ဈေးဆိုင် ပိုင်ရှင်များက ၎င်းတို့ပစ္စည်းများ မီးလောင်ဆုံးရှုံးမည်ကို စိုးရိမ်နေကြကြောင်း စုံစမ်းသိရသည်။

မတ်လ (၁) ရက်နေ့ သိမ်ကြီးဈေး (ဒီ) ရုံ မီးလောင်ကျွမ်းမှုသည် အနည်းငယ်သာဖြစ်ပြီး အချိန်မီ မီးငြိမ်း သတ်နိုင်ခဲ့သော်လည်း ရာနှင့်ချီသည့် ဈေးဆိုင် ပိုင်ရှင်များက ၎င်းတို့ဆိုင်မှ ပစ္စည်းများ ပျောက်ဆုံးမည်ကို စိုးရိမ်ပြီး အဆိုပါညက ဈေးသို့ စုရုံးရောက်ရှိလာကြကြောင်း သိရသည်။

ဈေး၏ မြေညီထပ်နှင့် မြေအောက်ထပ်တွင် ဆိုင်ဖွင့်လှစ်ထားသူ ဈေးဆိုင်ပိုင်ရှင်များမှာ သက်ဆိုင်ရာ အရန်မီးသတ်၊ စည်ပင်နှင့် ရဲများ၏ တားမြစ်ချက်ကြောင့် ၎င်းတို့ ဈေးဆိုင်ရှိရာ ဒီရုံအတွင်းသို့ ဝင်ရောက်နိုင်ခြင်း မရှိကြဘဲ ဈေး၏ ရွှေတိဂုံ ဘုရားလမ်းဘက် မျက်နှာစာတွင် ဆိုင်ခန်း ဖွင့်လှစ်ထားသူများသာ ဆိုင်တံခါးများ ဖွင့်ပြီး ကားဖြင့် ကုန်ပစ္စည်းများ သယ်ယူသွားနိုင်ကြကြောင်း သိရသည်။

ဈေးမြေညီထပ်တွင် စာအုပ်နှင့် စာရေးကိရိယာ အရောင်းဆိုင် ဖွင့်လှစ်ထားသူတဦးက “မီးကို ငြိမ်းလိုက်နိုင်ပြီ ဆိုတာ ကျမတို့ သိပါတယ်။ ဒါပေမယ့် အတွင်းထဲကို မီးသတ်တွေ၊ အရန်မီးသတ်တွေ၊ စည်ပင်တွေ၊ ရဲတွေ ဝင်နေကြတော့ ကျမတို့ ပစ္စည်းတွေ ပျောက်မှာ စိုးရိမ်တယ်။ သူတို့တွေကလည်း ကျမတို့ဟာ ဆိုင်ပိုင်ရှင်တွေ ဖြစ်နေပါလျက် အတွင်းထဲကို ဝင်ခွင့်မပေးဘူး။ ဒါကြောင့် လာထိုင်စောင့်နေကြတာပါ” ဟု ပြောသည်။

မင်္ဂလာဈေးတွင် ဆိုင်ဖွင့်လှစ်ထားသူ တဦးကလည်း “မီးသတင်းကြားတော့ ကျမတို့လည်း စိုးရိမ်တာပါပဲ။ အခုနောက်ပိုင်း မီးလောင်မှုတွေ ဖြစ်နေတာ ဈေးဆိုင်ပိုင်ရှင်တွေရဲ့ ပေါ့ဆမှုကြောင့် မဟုတ်ဘူးလို့ ကြားနေရတယ်။ ဝါယာရှော့ဖြစ်လို့၊ မီးအားမမှန်ဘဲ တခုခုဖြစ်လို့ မီးလောင်တာမျိုးဆိုရင် ဘယ်သူမှ မတတ်နိုင်ကြဘူး၊ ကျမတို့ ဈေးသာ မီးလောင်ရင် ပစ္စည်းတွေ အကုန်ဆုံးမယ်၊ မီးသတ်ရတာလည်း ခက်နိုင်တယ်လို့ တလောလေးကပဲ မီးသတ် ဒု-ညွှန်မှူးက ဂျာနယ်တွေမှာ ပြောခဲ့တာရှိတော့ စိုးရိမ်မိတယ်” ဟု ပြောသည်။

မကြာသေးခင်ကလည်း ရန်ကုန်မြို့တွင် သင်္ကန်းကျွန်းဈေး၊ မန္တလေး၌ ရတနာပုံဈေးနှင့် မော်လမြိုင် အောက်ဈေးကြီးများ မီးလောင်ကျွမ်းခဲ့ပြီး ဆိုင်ခန်း အားလုံး နီးပါး မီးလောင်ကျွမ်း ဆုံးရှုံးခဲ့သည်။

ရန်ကုန်တွင် လျှပ်စစ်မီး လာလိုက် ပျက်လိုက်ဖြစ်ခြင်း၊ ဗို့အား မမှန်ခြင်းတို့ကြောင့် မီးလောင်မှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး ဈေးများ မီးလောင်ရာတွင်လည်း အလျင်အမြန် ငြိမ်းသတ်နိုင်ခြင်းမရှိဘဲ တဈေးလုံးနီးပါး မီးလောင်ကျွမ်းကာ ပိုင်ဆိုင်သမျှ အားလုံး ပျက်စီး ဆုံးရှုံးကြသည့် အတွက် ရန်ကုန်မြို့ ဈေးအသီးသီးမှ ဈေးဆိုင်ပိုင်ရှင်များ မီးဘေးအန္တရာယ် အထူး စိုးရိမ်နေကြကြောင်း စုံစမ်းသိရသည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: