3/03/2010

ရန်ကုန်တွင် တက္ကစီ မီတာစနစ် စနစ်တကျ မဖြစ်

တက်လူ | မီတာ စနစ်မသုံးသော တက္ကစီ အငှားယာဉ်များကို တင်းကျပ်စွာ အရေးယူမည်ဟု သတင်း ထုတ်ပြန်ပြီး နောက်ပိုင်း ရန်ကုန်မြို့ရှိ ပါရမီတက္ကစီအချို့မှာ မီတာခိုး၍ ပြေးဆွဲနေကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

“မနေ့က မြို့ထဲကနေပြီး ဆရာစံ ပလာဇာကို ပါရမီ တက္ကစီ ငှားစီးတယ်၊ အမှန်ဆိုရင် (၁,၅၀၀) ကျပ်ပဲရှိတယ်၊ မီတာနဲ့ (၂,၀၀၀) ကျော်ကျတယ်၊ မဖြစ်သင့်တဲ့ ကိစ္စပါ။ ကျနော် သိရသလောက် ကတော့ မီတာကို ခိုးထားတာပါ။ ကျသင့်တာထက် ပိုနေတဲ့ အတွက်ပါ” ဟု တက္ကစီ ငှားစီးသူ တဦးက ပြောသည်။

ပါရမီ တက္ကစီများမှာ လေအေးစက် တပ်ထားပြီး ကားအသစ်များ ဖြစ်သောကြောင့် စီးနင်းသူ များပြားပါလျက် ယင်းသို့မီတာကို ခိုးကာ ပြေးဆွဲခြင်းမှာ အခွင့်အရေး ယူသည့်သဘော သက်ရောက်ကြောင်း ရန်ကုန်တိုင်း ကြိုးမဲ့ ကြေးနန်းနှင့် ယာဉ်ထိန်း တပ်ဖွဲ့ရုံးမှ ယာဉ်ထိန်းရဲ တဦးက ပြောသည်။

“ကျနော်တို့လည်း ကြားပါတယ်။ ခက်တာက ခရီးသည်က တိုင်တာတော့ မဟုတ်ဘူး။ မတိုင်လို့ အရေး မယူသေးတာလည်း ဖြစ်နိုင်ပါတယ်။ ကျနော်တို့လို ရာထူးငယ်သူတွေကတော့ စစ်ဆေးရေး သွားခိုင်းရင် သွားရတာ လောက်ပဲရှိပါတယ်” ဟု ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီမှ တာဝန်ရှိသူတဦးက ပြောသည်။

ရန်ကုန်တွင် သဘာဝ ဓာတ်ငွေ့ (စီအန်ဂျီ) ပြောင်းလဲ တပ်ဆင်ထားသည့် ပါရမီတက္ကစီ အပါအ၀င် စီးတီးတက္ကစီများကို မီတာစနစ်ဖြင့် ပြေးဆွဲရန် ညွှန်ကြားထားပြီး မီတာဖြင့် မပြေးဆွဲသော ယာဉ်များကို ယာဉ်ပြေးဆွဲခွင့်ပိတ်သည်အထိ တင်းကျပ်စွာအရေးယူကြောင်း ရန်ကုန်တိုင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက ပြောကြားသော်လည်း မီတာဖြင့် မပြေးသည့်တက္ကစီ အများအပြား ရှိနေဆဲ ဖြစ်သည်ဟု အငှား ယာဉ်မောင်း တဦးက ပြောသည်။

၎င်းက “လူတွေက အထူးယာဉ်တွေပေါ်လာတော့ တက္ကစီမစီးကြတော့ဘူး။ အဲဒီလိုဖြစ်နေတဲ့အခါမှာ မီတာနဲ့မောင်းတော့ အဲဒီ မီတာနဲ့ ကျတော့ အများကြီး မဟုတ်ပေမယ့် (၂၀၀၊ ၃၀၀) ကျပ်လောက်တော့ သက်သာတယ်လေ။ အဲဒီတော့ တချို့က မီတာနဲ့ စီးတယ်။ ပါရမီ တက္ကစီက ဒါ့ကြောင့် မီတာ ခိုးတာဖြစ်မယ်” ဟု ပြောသည်။

ခရီးသည်များ အနေဖြင့် မီတာ အမှန်နှုန်းအတိုင်း ပြေးဆွဲသည့် တက္ကစီများကို စီးပါက ခရီးစရိတ်သက်သာပြီး ပါးစပ်ဈေးနှင့် ပြောဆွဲသည့် တက္ကစီများကို စီးပါက ပုံမှန်ထက် အနည်းငယ် ငွေပိုပေးရသဖြင့် မီတာဖြင့်ပြေးသည့် ပါရမီ တက္ကစီများကို အများစုက စီးလာကြခြင်း ဖြစ်သည်။

ထိုသို့ ခရီးသည်များ အစီးများ လာသည့် အပေါ် မီတာတက္ကစီ စံပြအနေဖြင့် ပြေးဆွဲနေသည့် ပါရမီ တက္ကစီလိုင်းတွင် တက္ကစီ အချို့က မီတာခိုး လာကြခြင်း ဖြစ်သည်။

ပါရမီတက္ကစီများ ပြေးဆွဲ နေသော ဗန္ဓုလ သယ်ယူ ပို့ဆောင်ရေး ကုမ္ပဏီလီမိတက်၏ အရာရှိကြီး တဦးက ယင်းသို့ ဖြစ်ရပ်များရှိပါက ပါရမီ တက္ကစီယာဉ်လိုင်းသို့ ချက်ချင်း အကြောင်းကြား တိုင်ကြားရန် ပြောကြားပြီး ၎င်းတို့ အနေဖြင့် အရေးယူ သွားမည်ဟု ပြောဆိုသည်။

ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီမှ ယာဉ်ထိန်းရဲတဦးကမူ ပါရမီတက္ကစီ မီတာခိုးနေသည်ကို စစ်ဆေး အရေးယူခြင်း မရှိသေးကြောင်း ပြောသည်။

တက္ကစီ မီတာစနစ်တွင် ခရီးသည်က ယာဉ်ပေါ်သို့ စတက်သည်နှင့် ကျပ် (၅၀၀) ပေးပြီးသားဖြစ်ပြီး (၁) ကီလိုမီတာ ခရီးစဉ်တွင် (၁၅၀) ကျပ်နှုန်းနှင့် စောင့်ဆိုင်းခ အတွက် (၁) မိနစ် (၅၀) ကျပ်နှုန်း ကောက်ခံခြင်း ဖြစ်သည်။

“ပါရမီ မဟုတ်တဲ့ တက္ကစီတွေ အတော်များများက ပါးစပ်ဈေးအတိုင်း ဆွဲကြတာပဲ။ ပါးစပ်က တောင်းတဲ့ အတိုင်းဆိုရင် ပိုရတာပေါ့။ လမ်းတကြောင်း ဆိုရင်ပဲ (၅၀၀) ကျပ် ပိုတယ်ထားဦး တနေ့ကို (၅) ကြောင်းဆိုရင် (၂,၅၀၀) က ကိုယ့်အတွက် ကျန်နေပြီလေ။ ဒါ့ကြောင့် မီတာနဲ့ မဆွဲချင်ကြတာ” ဟု ခရီးသည်တဦးက ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်တွင် ပါရမီ တက္ကစီနှင့် စီးတီတက္ကစီ အစီးရေ စုစုပေါင်း (၁၆,၀၀၀) ခန့်ရှိရာ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ (၁) ရက်အထိ စာရင်းအရ ယာဉ် (၈,၀၀၀) ကျော်ကို မီတာများ တပ်ဆင် ထားပြီး ဖြစ်ကြောင်း သိရသည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: