3/03/2010

ဒေါ်အောင်ဆန်းစုကြည်၏ အယူခံ ပယ်ချခံရမှု ဥရောပ သမဂ္ဂ ကြေညာချက်ထုတ်

NEJ | နေအိမ် အကျယ်ချုပ် ကျခံနေရသည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အယူခံတင်သွင်းထားသော ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လျှောက်လဲချက်အား ဗဟိုတရားရုံးချုပ်မှ ပယ်ချ လိုက်သည့်အပေါ် အထူး စိတ်မကောင်း ဖြစ်မိကြောင်း ဥရောပသမဂ္ဂ (အီးယူ) နိုင်ငံခြားရေးရာဌာန၏ ပြောခွင့်ရသူ ကက်သရင်း အက်ရှ်တန်က ပြောကြားလိုက်သည်။

ထိုသို့ တရားရုံးချုပ်မှ ဒေါ်အောင်ဆန်းစုကြည်၏ အယူခံအား ပယ်ချခဲ့ခြင်းသည် အစိုးရနှင့် အတိုက်အခံ ပါတီတို့ အကြား အလျင်အမြန် လိုအပ်နေသည့် အမျိုးသားရင်ကြားစေ့ရေးနှင့် ရေရှည် တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံရေးအရ အားလုံး ပါဝင်နိုင်သော တွေ့ဆုံ ဆွေးနွေးမှု ဖြစ်မြောက်ရေး အလားအလာများကို ပျက်စီး သွားစေသည်ဟု ကက်သရင်း အက်ရှ်တန်က ယမန်နေ့၌ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၌ ယခုနှစ် အတွင်း ရွေးကောက်ပွဲလုပ်ရန် စီစဉ်ထားရာတွင် အာဏာပိုင်များ အနေဖြင့် နိုင်ငံတကာက တောင်းဆို ထားသည့် အတိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးပြီး နိုင်ငံရေး လုပ်ငန်းစဉ်တွင် ပါဝင်ခွင့်ပေးရန် လိုအပ်ကြောင်းလည်း ဥရောပ ကော်မရှင်၏ ဒုတိယ အကြီးအကဲလည်း ဖြစ်သူ ကက်သရင်း အက်ရှ်တန်က တောင်းဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမှု နောက်ဆုံး အထူး အယူခံ တင်သွင်းရာတွင် စစ်အစိုးရ အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် တရားဥပဒေ လမ်းကြောင်း အရ ပြောင်းလဲ လုပ်ဆောင်နိုင်သည့် အခွင့်အရေး တခု ရှိနေသေးသည်ဟုလည်း ၎င်းက ပြောကြားသည်။

မြန်မာ နိုင်ငံနှင့် ပြည်သူ လူထု၏ အနာဂတ် ကောင်းစားရေး အတွက် ရှေးရှုကာ ထိုအခွင့်အရေးကို ရယူရန် စစ်အစိုးရ အာဏာပိုင် များအား ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ ဌာန၏ ပြောခွင့်ရသူက ပြင်းပြင်းထန်ထန် တိုက်တွန်းပြောကြား လိုက်သည်။

ထိုသို့ ဒေါ်အောင်ဆန်းစုကြည်၏ အမှု အယူခံ ပယ်ချချက် အပေါ် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ချုပ်နှင့် အာဆီယံ စင်ပြိုင် အဖွဲ့တို့ကလည်း ပြစ်တင် ရှုတ်ချခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း လွှတ်ပေးရန် ယမန်နေ့က တောင်းဆိုခဲ့သည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: