2/16/2010

စစ်အစိုးရက တိုင်းရင်းသားများကို ပိုမို ဖိနှိပ်လာကြောင်း လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ ထုတ်ပြန်

ဝီရ | မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသား လူနည်းစု အပေါ် စစ်အစိုးရက လူ့အခွင့်အရေး ဆိုင်ရာ ချိုးဖောက်မှုများ ယခင်ကထက် ပိုမိုဆိုးဝါးစွာ ပြုလုပ်နေကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ကြီးက ပြောကြားလိုက်သည်။

“စစ်အစိုးရက ဒီရွေးကောက်ပွဲကို အသုံးချပြီး လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ တိုးတက်မှုတွေ ပြရမယ့်အစား ဒါကို ခုတုံး အနေနဲ့သုံးပြီး အထူးသဖြင့် တိုင်းရင်းသား လူနည်းစုတွေ အပေါ် ဖိနှိပ်မှုတွေ ဆက်လုပ်နေတယ်။ ဒီ (၂) နှစ်အတွင်းမှာ အခြေအနေ ပိုဆိုးလာနေတယ်” ဟု အဆိုပါအဖွဲ့မှ မြန်မာနိုင်ငံ ဆိုင်ရာ တာဝန်ခံ မစ္စတာ ဘန်ဂျမင် ဇဝါကီက ပြောကြားခြင်း ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့မှ ဖေဖော်ဝါရီ (၁၆) ရက် ထုတ်ပြန်သည့် “မြန်မာပြည်မှ လူနည်းစုများအပေါ် နှိပ်ကွပ်မှုများ” ဟူသည့် အစီရင်ခံစာနှင့် ပတ်သက်၍ ယင်းကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။

စာမျက်နှာ (၆၅) မျက်နှာပါသော ထိုအစီရင်ခံစာတွင် ၂၀၀၇ ခုနှစ်မှစ၍ (၂) နှစ်အတွင်း ရခိုင်၊ ရှမ်း၊ ကချင်၊ ချင်း၊ ကရင်၊ ကရင်နီနှင့် မွန် စသည့် တိုင်းရင်းသား ဒေသတို့မှ တက်ကြွ လှုပ်ရှားသူများနှင့် အကြောင်း အမျိုးမျိုးကြောင့် မြန်မာစစ်အစိုးရ အာဏာပိုင်တို့၏ ဖိနှိပ်မှု ခံခဲ့ရသူ (၇၀၀) ကျော်တို့ထံမှ အချက်အလက်များကို စုဆောင်းဖော်ပြထားသည်။

အဆိုပါ အစီရင်ခံစာတွင် ရွှေဝါရောင် တော်လှန်ရေး ကာလ၊ ၂၀၀၈ လူထုဆန္ဒခံယူပွဲကာလနှင့် ၂၀၁၀ ခုနှစ် အတွင်း စစ်အစိုးရအား ဆန့်ကျင်ရေးလှုပ်ရှားသူများအား ဖမ်းဆီး သတ်ဖြတ်မှု အပါအ၀င် တိုက်ပွဲ ဖြစ်ပွားရာ ဒေသတို့တွင် နှိပ်စက်ညှဉ်းပန်းမှု၊ အပြစ်မဲ့သူ များအား အကြောင်းမဲ့ သတ်ဖြတ်မှုနှင့် အမျိုးသမီးများအား အဓမ္မ ပြုကျင့်မှု များကို ရေးသားထားသည်။

မစ္စတာ ဘန်ဂျမင် ဇဝါကီက “မြန်မာ နိုင်ငံက နိုင်ငံရေး ဆန့်ကျင်မှုတွေမှာ တိုင်းရင်းသားတွေရဲ့ ပါဝင်မှု အခန်းကဏ္ဍဟာ နည်းပါးတယ်လို့ ပြောလို့ ရပေမယ့် အလွန် အရေးပါ ပါတယ်။ ဒီလို တက်ကြွ လှုပ်ရှားသူတွေကို ရွေးကောက်ပွဲ မစခင် ကြောက်ရွံ့ သွားအောင် စစ်အစိုးရက လူမဆန်တဲ့ လုပ်ရပ်တွေနဲ့ တုံ့ပြန်ပြီး နှိပ်ကွပ် ခဲ့ပါတယ်” ဟုလည်း ပြောကြားသည်။

မြန်မာစစ်အစိုးရသည် လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မြန်မာနိုင်ငံသို့ ရောက်ရှိ နေချိန်တွင်ပင် တက်ကြွ လှုပ်ရှားသူ (၄) ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၂) နှစ်စီ ချမှတ်ခဲ့သည်။

ထိုသူများမှာ အန်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံနေရသည့် အတွက် ရွှေတိဂုံ ဘုရားတွင် အပတ်စဉ် အင်္ဂါနေ့တိုင်း သွားရောက် ၀တ်ပြု ဆုတောင်းသည့် အဖွဲ့၌ ဦးဆောင် ပါဝင်လှုပ်ရှားခဲ့သူ ဒေါ်နော်အုန်းလှနှင့် အခြားအမျိုးသမီး (၃) ဦးတို့ဖြစ်သည်။

တိုင်းရင်းသား လူနည်းစုများအပေါ် တားမြစ်ထားသည့် လူမှုရေး၊ ဘာသာရေး ဆိုင်ရာ လွတ်လပ်မှုများကို လာမည့် ရွေးကောက်ပွဲ မတိုင်မီ ပယ်ဖျက်ပေးရန်၊ တဖက်သတ် ဖမ်းဆီး အကျဉ်းချထားသော နိုင်ငံရေး အကျဉ်းသမား အားလုံးကို လွှတ်ပေးရန်၊ ရွေးကောက်ပွဲ ဖြစ်စဉ် အတွင်း လွတ်လပ်သော မီဒီယာတို့အား သတင်းရယူခွင့်ပြုရန် အဆိုပါအဖွဲ့ကြီးက မြန်မာ စစ်အစိုးရကို တောင်းဆိုထားသည်။

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး တိုးတက် ဖြစ်ထွန်းမှု အခြေအနေများကို လာရောက် လေ့လာနေသော ကုလ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားသည် ယနေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိနေပြီး ထိုမှ တဆင့် ရိုဟင်ဂျာ အများစုနေထိုင်ရာ မောင်တောနှင့် ဘူးသီးတောင် ဒေသသို့ သွားရောက်မည်ဖြစ်သည်။

ရခိုင်ပြည်နယ်သို့ လူ့အခွင့်အရေး ကိုယ်စားလှယ် သွားရောက်သည့်အပေါ် ရခိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးအေးသာအောင်က ကြိုဆိုကြောင်း ပြောကြားသော်လည်း “ရခိုင်ပြည်မှာ လူ့အခွင့်အရေး ချိုးဖောက် ခံနေရတာ ရိုဟင်ဂျာ ဒေသမှာ သက်သက် မဟုတ်ပါဘူး။ ရခိုင်လူမျိုးတွေ အပါအဝင် တိုင်းရင်းသား မျိုးနွယ်စုတွေ အားလုံးဟာလည်း အခွင့်အရေးတွေ ဆုံးရှုံး နေကြရတာပဲ။ ဖြစ်နိုင်ရင် နေရာဒေသ အနှံ့ကို သွားရောက်နိုင်မှ ဖြစ်စဉ်တွေကို သိမှာပေါ့။ တခြား ဒေသခံတွေ ကလည်း လိုအပ်မှုတွေ အများကြီးရှိပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးစုတို့သည် တပြည်လုံး လူဦးရေ၏ (၃၅ - ၄၀) ရာခိုင်နှုန်း ရှိသည်ဟု အစီရင်ခံစာတွင် ရေးသား ထားသည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: