2/16/2010

သမိုင်းဝင် အင်းစိန် ဂျီတီအိုင်ကျောင်း ကြံ့ဖွံ့ အပိုင်သိမ်း

စိုးမိုး | နှစ်ပေါင်း (၁၀၀) ကျော်သက်တမ်းရှိ အင်းစိန် ဂျီတီအိုင် (စက်မှုလက်မှု သိပ္ပံ) ကို ရန်ကုန်တိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းက ဖြိုးစေတနာဆေးရုံအဖြစ် အသွင်ပြောင်းတော့မည်ဖြစ်သည်။

ရန်ကုန်တိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း တာဝန်ခံ၊ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက လာမည့် မတ်လတွင် (၂၄) နာရီဖွင့်လှစ်မည့် ဆေးရုံ အဖြစ် ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြည်တွင်း သတင်းဌာနများကို တရားဝင် ပြောကြားသည်။

“ဆေးရုံဖွင့်မယ်လို့ ဂျာနယ်တွေ ရေးတာ ဖတ်ရလို့ သိတယ်။ ဂျီတီအိုင် (၃) ထပ် အဆောက်အအုံကို ပြင်ဆင်နေပါပြီ” ဟု အင်းစိန် ဒေသခံ တဦးက ပြောသည်။

အင်းစိန် ဂျီတီအိုင်ကို ၁၈၉၆ ခုနှစ်တွင် စတင် တည်ထောင် ဖွင့်လှစ်ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် ရာပြည့်ပွဲ ကျင်းပခဲ့သည်။ ၁၉၉၆ ခုနှစ် တွင် ရန်ကုန်မြို့ရှိ ကျောင်းသားများက စစ်အစိုးရအား ဆန္ဒပြမှုဖြစ်ပွားခဲ့ရာ အင်းစိန် ဂျီတီအိုင်မှ ကျောင်းသားများ ပါဝင်သဖြင့် စစ်အစိုးရက ကျောင်းကို ပိတ်လိုက်ပြီး ကျောင်းသားများအား သန်လျင်ကျောင်းသို့ ရွှေ့ပြောင်း တက်ရောက် စေခဲ့သည်။

“မန္တလေး ဂျီတီအိုင် အဆောက်အအုံကိုလည်း ဗဟို အမျိုးသမီး ဆေးရုံ အဖြစ် ပြောင်းပစ်လိုက်တယ်။ အခု အင်းစိန် ဂျီတီအိုင်ကိုလည်း ဆေးရုံ အဖြစ်ပြောင်းမယ် ပြောတာပေါ့” ဟု အင်းစိန် ဂျီတီအိုင်ဆင်း ကျောင်းသားဟောင်း တဦးက ပြောကြားသည်။

ပညာရေး ၀န်ကြီးဌာနပိုင် အင်းစိန် ဂျီတီအိုင် အဆောက်အအုံကို ကြံ့ဖွံ့က မည်သို့ လွှဲပြောင်းယူမည်ကို အသေးစိတ် ထုတ်ပြန် ပြောကြားခြင်း မရှိသေးပေ။

အင်းစိန်မြို့နယ် ရွာမရပ်ကွက်၌ ၁၈၉၅ ခုကတည်းက တည်ဆောက်ခဲ့သည့် မြေအကျယ်အ၀န်း (၃) ဧကကျော်ရှိ ဂျီတီအိုင်ခေါ် အစိုးရ စက်မှုလက်မှု သိပ္ပံကျောင်းသည် ကိုလိုနီခေတ် နည်းပညာ သင်တန်းကျောင်းနှင့် ပတ်သက်သည့် တခုတည်းသော ရှေးဟောင်း လက်ရာ အဆောက်အအုံ ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်အတွင်း ရန်ကုန်မြို့တော်စည်ပင်က ရုံးဖွင့်ရန် သိမ်းယူခဲ့သည်။

စစ်အစိုးရက အင်းစိန် ဂျီတီအိုင် အဆောက်အအုံများကို နိုင်ငံရေးသမားများအား စစ်ဆေးရာ နေရာအဖြစ် အသုံးချခဲ့ပြီး ၂၀၀၇ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုတွင် ပါဝင်သူများကို အစုအပြုံလိုက် ထိန်းသိမ်းခဲ့ရာ နေရာလည်း ဖြစ်သည်။

စက်တင်ဘာ သံဃာ့လှုပ်ရှားမှု အပြီးတွင် လူ့အခွင့်အရေး ကိစ္စများ စုံစမ်း စစ်ဆေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ပီညဲရိုးအား စစ်အစိုးရက လိုက်လံ ပြသခဲ့ရာနေရာလည်း ဖြစ်သည်။

၁၉၉၈ ခု နောက်ပိုင်းတွင် စက်မှုလက်မှု အတတ်သင် သိပ္ပံ (ဂျီတီအိုင်) ကို စက်မှုလက်မှု အတတ်သင် ကောလိပ် (ဂျီတီစီ) အဖြစ် စစ်အစိုးရက အသွင်ပြောင်းပြီးနောက် ဂျီတီအိုင် ကျောင်းများကို ပိတ်သိမ်း လိုက်ခြင်း ဖြစ်သည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: