2/16/2010

ကိုးကန့် ဒေသတွင် ဗုံးကွဲ၊ တဦးသေဆုံး

ရန်ပိုင် | တရုတ် နှစ်သစ်ကူး ပွဲတော် ကျင်းပနေသည့် ကိုးကန့်ဒေသ လောက်ကိုင်မြို့တွင် ယမန်နေ့ နံနက် ၇ နာရီ ခွဲခန့်က ချိန်ကိုက်ဗုံး တလုံး ပေါက်ကွဲခဲ့သည့် အတွက် တရုတ် နိုင်ငံသား တဦး သေဆုံးပြီး လူအများ အပြား ဒဏ်ရာရရှိသွားကြောင်း ဒေသခံများက ပြောသည်။

လောက်ကိုင်မြို့ မူးယစ် ဆေးဝါးပြတိုက် ရှေ့ရှိ အမှိုက်ပုံး အတွင်း ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“နှစ်သစ်ကူး မတိုင်ခင်ကတည်းက လုံခြုံရေးကို တင်းကျပ်ထားတယ်။ ဒီကြားထဲက ပေါက်ကွဲတာ ဖြစ်တယ်” ဟု တရုတ်မြန်မာ နယ်စပ်မှ ဒေသခံတဦးက ပြောသည်။

ယခု ပေါက်ကွဲမှုမှာ တရုတ် မြန်မာ နယ်စပ်ရှိ လက်နက်ကိုင် လူမျိုးစု တပ်ဖွဲ့များကို နယ်ခြား စောင့်တပ် အဖြစ် ယခုလကုန် နောက်ဆုံးထားပြီး အသွင် ပြောင်းလဲရန် အစိုးရက သတ်မှတ် ထားချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

ပြီးခဲ့သည့် အောက်တိုဘာလကလည်း ထိုဒေသတွင် ဗုံး ၁၄ လုံးခန့် ပေါက်ကွဲခဲ့သည်။ ထို ပေါက်ကွဲမှုနှင့် ပတ်သက်၍ စစ်အစိုးရက ယခင် မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု တပ်မတော် (MNDAA) ဟု ခေါ်သော ကိုးကန့် တပ်ဖွဲ့ ခေါင်းဆောင်ဟောင်း ဦးဖုန်ကြားရှင်တို့၏ လက်ချက်ဖြစ်သည်ဟု စွပ်စွဲ ပြောဆိုခဲ့သည်။

စစ်အစိုးရနှင့် အပစ်ရပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များစွာ အခြေစိုက်သည့် တရုတ်မြန်မာနယ်စပ်တွင် စစ်ရေး၊ နိုင်ငံရေး အခြေအနေများ တင်းမာလျက်ရှိသည်။

အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် - NDAA (National Democracy Alliance Army) ခေါ် မိုင်းလား တပ်ဖွဲ့မှ အတွင်းရေးမှူး ဦးမင်းအိမ်သည် ပြီးခဲ့သည့်လက လုပ်ကြံခံရသည်။

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်သည်လည်း အောင်မြင်မှု မရသေးပေ။

စစ်အစိုးရက နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဆွေးနွေးရန် ၀ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)ကို လားရှိုးမြို့သို့ ဖိတ်ကြား ခဲ့သော်လည်း ဦးပေါက်ယူချမ်းက ကျန်းမာရေး အကြောင်းပြချက်ဖြင့် ငြင်းပယ်ခဲ့သည်။ စစ်အစိုးရ ကိုယ်စားလှယ်ကို ၀နယ်မြေရှိ ပန်ဆန်းမြို့သို့ လာရောက်ရန်သာ ပြန်လည် ဖိတ်ကြားခဲ့သည်ဟု သိရသည်။

source by : ဧရာဝတီ

0 ယောက်ရဲ့ထင်မြင်ချက်: