မြစ်ငယ်မြစ်ရေ ပေ (၂၀) ကျော် နိမ့်ကျ
မေကျော် | မန္တလေးမြို့ အရှေ့တောင်ဘက် ရဲ-ယမန်း ကျေးရွာ အနီး မြစ်ငယ် မြစ်ပေါ်တွင် တည်ဆောက် နေသည့် ရဲရွာ ရေအား လျှပ်စစ် စီမံကိန်း အတွက် ပြီးခဲ့သည့် နိုဝင်ဘာလ လယ်မှ စပြီး မြစ်ကို ပိတ်လိုက် သဖြင့် မြစ်ငယ် မြစ်ရေ ပေ (၂၀) ကျော် နိမ့်ကျ သွားကြောင်း ဒေသခံများက ပြောကြားသည်။
ယခုလတွင် စတင် စမ်းသပ် လည်ပတ်မည့် ရဲရွာ ရေအား လျှပ်စစ် စီမံကိန်း အတွက် မြစ်ငယ်မြစ်ကို ကန့်လန့် ဖြတ်ပိတ်ပြီး ရေသို လှောင်လိုက် ခြင်းကြောင့် စီမံကိန်း အောက်ဘက် မြစ်ကြောင်း ယခုကဲ့သို့ အဆမတန် မြစ်ရေ လျော့ကျ သွားခြင်း ဖြစ်သည်။
“မြစ်ငယ် မြစ်ရေ (၃) ပုံ (၂) ပုံလောက် နိမ့်ကျသွားတယ်။ အရင်လက မြစ်ကြောင်းကို ပိတ်လိုက်တယ်။ ရေမစီး တော့ဘူး၊ ဒီလ သူတို့ စက်စမ်းပြီး လည်မယ် ပြောတယ်။ အဲဒီ အခါရောက်ရင် (၄) နာရီ တခါ ရေလွှတ်ပေးမယ် ပြောတယ်” ဟု မြစ်ငယ်မြို့ ဒေသခံ တဦးက ပြောကြားသည်။
စစ်အစိုးရက တရုတ် ကုမ္ပဏီတို့နှင့် ပေါင်းပြီး မြစ်ငယ် မြစ်ပေါ်တွင် ရဲရွာ ရေအား လျှပ်စစ် စီမံကိန်းကို တည်ဆောက် နေပြီး ယခုလအတွင်း လျှပ်စစ် စတင်စမ်းသပ်ထုတ်လုပ်မည်ဖြစ်သည်။ မြစ်အထက်ပိုင်းရေကို သိုလှောင်ကာ မြစ်အောက်ပိုင်းကို (၄) နာရီ တကြိမ် ရေလွှတ်ပေးမည် ဖြစ်သည်။

ဧရာဝတီ၏ မြစ်လက်တက် တခုဖြစ်သော မြစ်ငယ်မြစ် ယခုကဲ့သို့ ရေလျော့ ကျသွားခြင်းကြောင့် ဧရာဝတီ မြစ်ကြောင်း ပြောင်းလဲခြင်း အပါအ၀င် နိုင်ငံတွင်း ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ဆိုးကျိုးများ ဖြစ်ပွား လာမည် ဖြစ်ကြောင်း ရန်ကုန် အခြေစိုက် သဘာဝ ပတ်ဝန်းကျင် လေ့လာ စောင့်ကြည့်ရေး အဖွဲ့များက ပြောကြသည်။
“ဆည်ပိတ်ခံရတဲ့မြစ် အထက်ပိုင်းက ရေလွှမ်းမိုးခံရမယ်။ မြစ်အောက်ပိုင်းက စိုက်ပျိုးမြေတွေ ပျက်စီးလာမယ်။ ပြဿနာ အကြီးဆုံးက ဧရာဝတီ မြစ်ကြီးကို ထိခိုက်မယ်။ မြစ်ဝကျွန်းပေါ် ဒေသ အနေအထား ပြောင်းလာမယ်။ ပြဿနာက အကြီးကြီးပါ” ဟု ရန်ကုန် အခြေစိုက် သဘာဝ ပတ်ဝန်းကျင် လေ့လာ စောင့်ကြည့်ရေး အဖွဲ့တခုမှ တာဝန်ရှိသူက ပြောသည်။
ယခုကဲ့သို့ မြစ်ငယ် မြစ်ကို ပိတ်လိုက်ခြင်း သာမက မြစ်ငယ်မြစ်၏ လက်တက် တခုဖြစ်သော ဇော်ဂျီ မြစ်ပေါ် တွင်လည်း ရေအား လျှပ်စစ် စီမံကိန်း (၂) ခု တည်ဆောက်ထားပြီးဖြစ်သည်။
တောင်ပေါ် ဒေသ မြစ်ဖျားခံသော ရေစီးသန်သည့် မြစ်ငယ်မြစ်ကို ပိတ်လိုက်ခြင်းကြောင့် မိုးတွင်း ကာလတွင် ရေလွှမ်းမိုးမှု ဆိုးဆိုးရွားရွား ကြုံတွေ့ ရနိုင်ဖွယ်ရှိသော်လည်း ယင်း ဆိုးကျိုးများနှင့် ပတ်သက်ပြီး အသေးစိတ် ကွင်းဆင်း ပြုလုပ်နိုင်ခြင်း မရှိကြောင်း သိရသည်။
ယခုအခါ မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်တည်ဆောက်ရေး စီမံကိန်း (၅၀) ကျော် ပြီးစီးသွားပြီး နောက်ထပ် စီမံကိန်း (၃၀) ခန့် ကျန်ရှိနေသေးသည်။
မြန်မာနိုင်ငံ၌ တည်ဆောက် နေသည့် ရေအား လျှပ်စစ် စီမံကိန်းများ အနက် အကြီးမားဆုံး ဖြစ်သော ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းသည် တတ်ဆင် စက်အင်အား မဂ္ဂါဝပ် (၇၉၀) ရှိမည့် စီမံကိန်းဖြစ်ပြီး နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီသန်းပေါင်း (၃,၅၅၀) ထုတ်လုပ် ပေးသွားနိုင်မည် ဖြစ်သည်။
ယင်းသို့ စစ်အစိုးရက ရေအား လျှပ်စစ် စီမံကိန်းများ အလျင်စလို တည်ဆောက် နေသော်လည်း ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ကြီး တို့တွင်ပင် လျှပ်စစ်မီး ပုံမှန် မရရှိဘဲ ဖြစ်နေသည်။
ပြည်တွင်း လျှပ်စစ် ဓာတ်အား ပေးဝေနိုင်ရန် အတွက်လည်း အခြေခံ အဆောက်အဦများ တည်ဆောက်ခြင်း မရှိဟု သိရသည်။
“ဂျိုက်ကာ (ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အသင်း) က လုပ်ထားတဲ့ သုတေသန စာတမ်း တစောင် အရဆိုရင် မြန်မာနိုင်ငံရဲ့ (၉၀) ရာခိုင်နှုန်းဟာ လက်ရှိ အနေအထားအရ လျှပ်စစ်မီးကြိုး သွယ်တန်း ထားတာ မရှိဘူး။ လျှပ်စစ်မီး ပေးလို့မရဘူး” ဟု ပြည်တွင်း စွမ်းအင် အဖွဲ့ တခုက ထောက်ပြသည်။
မြစ်ငယ် မြစ်ခေါ် ဒုဌ၀တီ မြစ်သည် ရှမ်းပြည် မြောက်ပိုင်းမှ မြစ်ဖျားခံကာ မြန်မာ နိုင်ငံ အလယ်ပိုင်း မန္တလေးမြို့ တောင်ဘက် အင်းဝ အနီးတွင် ဧရာဝတီ မြစ်ထဲစီးဝင်သည်။
source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment