ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို ပြုပြင်ပြီ
မဇ္ဈိမ | နယူးဒေလီ(မဇ္ဈိမ) ။ ။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို ပြန်လည် ပြုပြင်ရန် ဆောက်လုပ်ရေး လုပ်သား ၆ ဦးကို အာဏာပိုင်များက ယမန် နေ့တွင် ဝင်ခွင့် ပြုလိုက်သည်။
ကိုလိုနီ ခေတ်ကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကြီးရှိ ဝရံတာ နှစ်ခုကို ပြုပြင်ရန် လပေါင်း များစွာ စောင့်ဆိုင်း ခဲ့ရာမှ အထူး ရဲသတင်း တပ်ဖွဲ့က ခွင့်ပြုခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုသည်။
''အိမ်ပြင်ခွင့် ရတာ လွန်ခဲ့တဲ့ ၂ ပတ်လောက် ကတည်းကပါ။ အလုပ် စတာကတော့ မနေ့ကမှ စတင်တာ ဖြစ်တယ်။ မနေ့က ၆ ယောက်လောက် ရှိတယ်။ လိုတာက ၁၀ ယောက် ကျော်ကျော် လိုပါလိမ့်မယ်။ နောက်ရက် တွေမှာ ရပါလိမ့်မယ်” ဟု ပါတီ ပြောခွင့်ရ ဦးဥာဏ်ဝင်းက ပြောသည်။

အပေါ်ထပ် အိမ်မကြီးနှင့် ဝရံတာ အကြားတွင် မှန်တံခါး တချပ်သာ ကာရံထား သဖြင့် လုံခြုံရေး အရ လိုအပ်ချက် ရှိနေကြောင်း သိရသည်။
“အပေါ်ထပ် လေသာဆောင် (ဝရံတာ) ကို အဓိကထား ပြင်ပါတယ်။ အခန်းသစ် ဖွဲ့ပြင်မယ်။ ကျနော် သိတာက လေသာဆောင် ၂ ခု ရှိတယ်။ နောက် သေးသေးမွှားမွှားလေးတွေလည်း ပြင်ဖို့ ရှိပါတယ်။ လေသာဆောင်က အိမ်မကြီးဝင်တဲ့ အပေါက်က မှန်တံခါးဖြစ်တယ်။ သံပန်း တံတခါး မရှိတော့ လုံခြုံရေး စိတ်မချရဘူး။ လုံခြုံရေးကောင်းအောင် အခန်းလုပ်လိုက်မယ်။ အခန်းလုပ်ပြီး အဲဒီမှာ သံတခါးတပ်မယ်” ဟု ဦးဥာဏ်ဝင်းက ပြောသည်။
''နေ့ရက်နဲ့ နှစ်ကိုတော့ ကျနော် အတိအကျ မမှတ်မိဘူး။ ဒါပေမဲ့ ၀ရံတာကတဆင့် မှန်တံခါးကို ဖျက်ပြီးတော့ အိမ်မကြီးထဲကို သူခိုးဝင်ဖို့ ကြိုးစားခဲ့တဲ့ အဖြစ်အပျက်လည်း ရှိခဲ့ဖူးတယ်'' ဟု သူက ဆက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည်သည် ၁၉၆၀ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် မြန်မာဝန်ကြီးချုပ် ဦးနုက ကိုလိုနီခေတ်တွင် တည်ဆောက်ခဲ့သည့် ယခုနေအိမ်ကို ဒေါ်ခင်ကြည်ထံ ပေးအပ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သို့ ပြန်ရောက်လာသည့် ၁၉၈၈ ခုနှစ်ကတည်းက ထိုနေအိမ်၌ပင် နေထိုင်လာခဲ့သည်။
ပြီးခဲ့သည့် မေလအတွင်း အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံ ယက်တောသည် အင်းလျားကန်မှတဆင့် ယခုနေအိမ်အတွင်း ဝင်ရောက်ခဲ့ သဖြင့် အကျယ်ချုပ်စည်းကမ်း ဖောက်ဖျက်သည်ဟုဆိုကာ အာဏာပိုင်များက ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ထပ်မံ ချထားခဲ့ပြန်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ယခုနေအိမ်၌ ၁၄ နှစ်ခန့် အကျယ်ချုပ် ချခံခဲ့ရပြီး ဖြစ်သည်။
(မြင့်မောင် သတင်းပေးပို့သည်။ မုံပီး တည်းဖြတ်သည်။)
source by : မဇ္ဈိမ

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment