12/05/2009

ငွေဆောင်တွင် ဆိုင်ကယ် မစီးရ အမိန့် မထိရောက်

မျိုးချစ်သူ | ငွေဆောင် ကမ်းခြေတွင် ဆိုင်ကယ် မစီးရန် ဧရာဝတီတိုင်း ဒု-တိုင်းမှူးက ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် ဒီဇင်ဘာလအတွင်းက အမိန့်ထုတ်ပြန်ခဲ့သော်လည်း အဆိုပါအမိန့်မှာ လိုက်နာသူ မရှိ၍ ထိရောက်မှု မရှိကြောင်း ငွေဆောင် ဒေသခံများက ပြောသည်။

ယခုနှစ် ခရီးသွား ရာသီတွင် ငွေဆောင် ကမ်းခြေ၌ ခရီးသွား ဧည့်သည်များ ပြန်လည် များပြားလားပြီး ဆိုင်ကယ်များကို ယခင် နှစ်ကထက် လွတ်လပ်စွာ စီးနင်းခွင့် ရနေကြကြောင်း ကမ်းခြေရှိ ဟိုတယ် တခုမှ မန်နေဂျာတဦးက ပြောသည်။

၎င်းက “ဧည့်သည်တွေ အတွက် လိုအပ်ချက် မှန်သမျှကို မငြိုမငြင် ရအောင် ဖြည့်ဆည်း ပေးဖို့က ကမ်းခြေက ဟိုတယ်တွေ အားလုံး အနေနဲ့ တာဝန်ရှိတယ်။ ငွေဆောင်ကမ်းခြေဟာ မြန်မာနိုင်ငံက ကမ်းခြေတွေ အားလုံးထက် ပိုရှည်တယ်။ ဒါ့ကြောင့် ဆိုင်ကယ်နဲ့ ဆိုရင် ပိုပြီးတော့ အဆင်ပြေတယ်လို့  လာတဲ့ဧည့်သည်တွေရဲ့ မှတ်ချက်အရ သိရတယ်။ လူ (၁၀၀) မှာ (၈၀) လောက်က ဆိုင်ကယ်စီးတာကို ကြိုက်တဲ့ လူတွေချည်းပဲလေ။ ဒါ့ကြောင့် ကျနော် တို့ကတော့ ဧည့်သည် စိတ်ချမ်းသာဖို့ပဲ အဓိကထား ဆောင်ရွက်တယ်။ ဆိုင်ကယ် ကယ်ရီတွေလည်း အလုပ် ပြန်ဖြစ်လာ စေချင်တဲ့ သဘောပါ” ဟု ပြောသည်။

ငွေဆောင် ကမ်းခြေတွင် ယခု လောလောဆယ် ဆိုင်ကယ်အစီး (၁၀၀) ကျော်ခန့် ရှိပြီး ဆိုင်ကယ်ကို တနာရီလျှင် (၅,၀၀၀) ကျပ်ဖြင့် ငှားရမ်းကာ ကမ်းခြေတွင် လွတ်လပ်စွာ အပျော်တမ်း စီးခွင့် ရနေသည့် အတွက် ကယ်ရီသမား တဦးလျှင် တနေ့ဝင်ငွေ (၁၀,၀၀၀) ကျပ်ထိ ရရှိကြောင်း ငွေဆောင်ရွာမှ ဆိုက်ကယ် ကယ်ရီမောင်းသူ တဦးက ပြောသည်။

ယမန်နှစ်တွင် ငွေဆောင် ကမ်းခြေ၌ ဆိုင်ကယ် မစီးရ အမိန့်ထုတ် ခဲ့သဖြင့် ဆိုင်ကယ်သမားများ စီးပွားရေး ကျဆင်းခဲ့ကြောင်း၊ ခရီးသွားများက တောင်းဆိုသည့် အတွက် ဆိုင်ကယ်ငှားမိပါကလည်း ဒဏ်ငွေ (၅,၀၀၀) ကျပ် ပေးဆောင်ကြရပြီး ဒဏ်ငွေ (၃) ခါ ဒဏ်ရိုက်ခံ ထိသူများသည် ဆိုင်ကယ် လိုင်စင်ပါ သိမ်းဆည်း ခံရကြောင်း ဆိုင်ကယ်သမား တဦးက ပြောသည်။

၎င်းက “မနှစ်က စီးပွားရေး အခြေအနေကိုလည်း အားလုံးသိကြပါတယ်ဗျာ။ ကျနော်တို့ ငှားလို့ရတဲ့ ပိုက်ဆံနဲ့ သူတို့ ဒဏ်ရိုက် တာနဲ့ အိမ်စရိတ်နဲ့ လုံးဝ အဆင်မပြေဘူး။ ဒီနှစ်တော့ ပေါ်တင်ပဲ ငှားတယ်။ ဒီကမ်းခြေမှာ ကော်မတီ ရှိတယ်။ သူတို့ကလည်း လွှတ်ပေး ထားတယ်။ လောလောဆယ်တော့ ကယ်ရီတွေ အလုပ် ဖြစ်နေတယ်” ဟု ပြောသည်။

ဧည့်သည်များကို အနှောင့်အယှက် ဖြစ်စေသည် ဟူသော အကြောင်းပြချက် တခုတည်းဖြင့် ကမ်းခြေတွင် ဆိုင်ကယ် မစီးရဟု အမိန့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း ငွေဆောင်ကမ်းခြေကော်မတီ အဖွဲ့ဝင်တဦးက ပြောသည်။

ဆိုင်ကယ် ငှားရမ်း စီးကြသူများ အနက် ပြည်တွင်း ဧည့်သည်များ ပိုများပြီး ယခုနောက်ပိုင်းတွင် ပြည်ပဧည့်သည်များလည်း ရှိကြောင်း၊ ငွေဆောင် ကမ်းခြေမှာ (၉) မိုင်ကျော်ရှည်ပြီး အပိုင်း (၁) သည် (၄) မိုင်ခွဲ ကျော်ရှည်ကာ ဟိုတယ်အလုံးရေ (၂၀) ရှိကြောင်း၊ ငွေဆောင်ရွာမှာ ဟိုတယ်များ၏ အလယ်တွင် တည်ရှိကြောင်း သိရသည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: