12/05/2009

ဒေါ်အောင်ဆန်းစုကြည် အယူခံ ပြင်ဆင်ခွင့် လျှောက်လဲချက် အတွက် ရုံးချိန်းပေး

မင်းနိုင်သူ | ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံ ပြင်ဆင်ခွင့် အတွက် လျှောက်လဲချက် ကြားနာမည့် ရုံးချိန်ကို ယနေ့ ဗဟိုတရားရုံးက ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

“ကျနော်တို့ အယူခံ ပြင်ဆင်ခွင့် အတွက် ဒီလ (၂၁) ရက်နေ့ ဗဟို တရားရုံးမှာ လျှောက်လဲချက် ပေးရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်း ခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ခြံဝင်း အတွင်း အမေရိကန် နိုင်ငံသား ၀င်ရောက်ခဲ့မှုကြောင့် နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် အင်းစိန် ခရိုင် အထူး တရားရုံးက ပြစ်ဒဏ်များ ချမှတ်ခဲ့မှုအပေါ် ရန်ကုန်တိုင်း တရားရုံးသို့ အယူခံတင်ခဲ့ရာ တိုင်းတရားရုံးက အောက်တိုဘာ (၂) ရက်တွင် အယူခံအမှုကို ပယ်ချခဲ့သည်။


ထို့အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ဗဟိုတရားရုံးသို့ အယူခံပြင်ဆင်ခွင့်ကို နိုဝင်ဘာ (၁၃) ရက်တွင် တင်သွင်းခဲ့ရာ ရက်သတ္တ (၂) ပတ်ကျော်ကြာပြီးနောက် ဗဟိုတရားရုံးက လျှောက်လဲချက် ပေးရမည့် ရုံးချိန်း ထုတ်ပြန် ပေးလိုက်ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ဒေါ်အောင်ဆန်းစုကြည် အပေါ် ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေကို အသုံးပြု၍ ကန့်သတ် တားဆီးမိန့်များ ချမှတ် ခဲ့ခြင်းသည် သက်ဝင်မှုမရှိတော့သည့် ဥပဒေကို အသုံးပြုထားခြင်းဖြစ်ကြောင်း အမှုတလျှောက်လုံး ခုခံချေပ တင်ပြ လျှောက်လဲခဲ့ကြသည်။

အဆိုပါ တင်ပြ လျှောက်လဲချက်ကို ရန်ကုန်တိုင်း တရားရုံးက လက်ခံခဲ့ပြီး ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေ မရှိတော့ဟု စီရင်ချက်တွင် ဖော်ပြခဲ့သော်လည်း ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီး လိုသူများ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေ အရ အောက်ရုံး အမိန့်ကို အတည်ပြုသည်ဟု ဆိုကာ အယူခံကို ပယ်ချ ခဲ့သည်။

နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရ သက်တမ်း နှစ်ပေါင်း (၂၀) ကျော် အတွင်း (၁၄) နှစ် ကျော်ကြာ နေအိမ်အကျယ်ချုပ်ဖြင့် နေနေရသည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: