အနှိပ်စက် ခံရသူများဘက်မှ သက်သေထွက်သည့် အလုပ်သမများ အလုပ်ထုတ်ခံရ
ဘစောတင် | ထိုင်းနိုင်ငံ တာ့ခ် ခရိုင် မဲဆောက်မြို့ရှိ Top Form Brassier Mae Sot Co. Ltd အမျိုးသမီး အတွင်းခံ အင်္ကျီ ချုပ်စက်ရုံမှ ထိုင်းလူမျိုး စက်ရုံ လုံခြုံရေး ၀န်ထမ်း များက မြန်မာ အလုပ်သမား ၂ ဦးကို မတရားနှိပ်စက်မှု နှင့် ပတ်သက်ပြီး ဆန္ဒပြ၍ သက်သေခံ ထွက်ဆိုသော အလုပ်သမ ၃ ဦးသည် ယနေ့ နံနက်တွင် အလုပ်ထုတ် ခံလိုက်ရကြောင်း သတင်းရရှိသည်။
ယင်းစက်ရုံမှ မအိ၊ မ၀င်းမာ၊ မယဉ်ယဉ်ထွန်း ဆိုသူ အလုပ်သမ (၃)ဦးကို အစမ်းခန့် ကာလ (၄)လ မပြည့်သော အကြောင်းပြ ချက်ဖြင့် အလုပ်မှ ထုတ်ပယ် လိုက်ခြင်း ဖြစ်သည်ဟု အလုပ်သမား အရေးများကို ကူညီ ဆောင်ရွက် ပေးနေသော မဲဆောက်မြို့ရှိ People Volunteer Association (PVA) အဖွဲ့ ခေါင်းဆောင် ကိုသိန်းဆန်းက ပြောဆိုသည်။
“ဒီနေ့ မနက်က အလုပ်သမ ၃ ယောက်ကို အလုပ်ဖြုတ် လိုက်တယ်၊ အကြောင်းပြချက် ကတော့ လုပ်သက်လေးလ မပြည်သေးလို့ ဆိုတယ်၊ ဒါပေမယ့် တကယ်က စက်ရုံ အလုပ်သမား တွေကို သူတို့က အလုပ်သမား အခွင့်အရေးတွေကို ပြည့်ပြည့်၀၀ ပေးပါ့မယ်လို့ ကတိ ပေးလိုက် ရလို့ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

အလုပ်သမား ကိုယ်စားလှယ် တဦးဖြစ်သူ မမေသူထွန်း ကလည်း“ကောင်မလေး ၃ ယောက်ကို မနက် က အလုပ်ထုတ် လိုက်ပါတယ်။ အခု သူတို့ မြ၀တီ ဘက်ကမ်းကို ကူးသွားကြလို့ ဆက်သွယ်လို့ မရတော့ဘူး” ဟုဆိုသည်။
အဆိုပါ အလုပ်သမ ၃ ဦးထဲမှ မယဉ်ယဉ်ထွန်းမှာ အသက် (၂၂)ခန့် ရှိပြီး ရန်ကုန်မှ ဖြစ်ကြောင်း၊ မအိ ဆိုသူမှာ (၂၁) ခန့် ရှိ၍ မွန်ပြည်နယ် သထုံမှ ထိုင်းနိုင်ငံသို့ လာရောက် အလုပ်လုပ်သူများ ဖြစ်ကြောင်းလည်း မမေသူထွန်း က ပြောပြသည်။
ပြီးခဲ့သည့် သောကြာနေ့ ညပိုင်းက အဆိုပါ စက်ရုံမှ ထိုင်း လူမျိုး စက်ရုံ လုံခြုံရေး ၀န်ထမ်း(ယန်း) ၄ ဦးက ရန်စ ထိုးနှက်မှုကြောင့် အလုပ်သမား မသက်မာစိုး၏ အစ်ကိုဖြစ်သူ ကိုသက်ပိုင်စိုးနှင့် ဝေါကြီး ဆိုသူတို့ ဒဏ်ရာ ပြင်းထန်စွာ ရရှိကြပြီး ဆေးရုံတွင် တက် ရောက် ကုသခဲ့ရခြင်းနှင့် ပတ်သက်၍ ယခု အလုပ်ထုတ် ခံရသူ ၃ ဦး အပါအ၀င် အလုပ်သမား ၃၀၀၀ ကျော်က အလုပ်သမား အခွင့် အရေးများကို တောင်းဆို ဆန္ဒပြမှုဖြစ်ပွား ခဲ့သည်။
အလုပ်သမား များက တရားခံကို ဖော်ထုတ် အရေးယူရန်၊ အလုပ်သမားများ၏ အခွင့်အရေး ကိုပေးရန် စသည့် တောင်းဆိုချက်များကို တောင်းဆို ဆန္ဒပြခြင်း ဖြစ်သည်။
ထို့နောက် ယင်းအမှုကို သက်ဆိုင်ရာ အာဏာပိုင်များနှင့် စက်ရုံ တာဝန်ရှိသူများက စုံစမ်း စစ်ဆေးရာတွင် အလုပ်ထုတ် ခံရသော မအိ၊ မ၀င်းမာ၊ မယဉ်ယဉ်ထွန်း အပါအ၀င် အလုပ်သမား (၁၈)ဦးက ကိုသက်ပိုင်စိုးနှင့် ဝေါကြီးတို့ အနှိပ်စက်ခံရခြင်း ဖြစ်ကြောင်း မျက်မြင် သက်သေများ အဖြစ် ရဲ စခန်းတွင် ထွက်ဆို ပေးခဲ့ကြသည်ဟု ကိုသိန်းဆန်းက ပြောသည်။
ယမန်နေ့တွင် အလုပ်သမား ကိုယ်စားလှယ်(၅)နှင့် ညှိနှိုင်း ဆွေးနွေးပြီး အလုပ်ရှင်ဘက်မှ အလုပ်သမားများ၏ တောင်းဆိုချက်များ ကို လိုက်လျောပေးမည်ဟု အကြောင်းပြန်ခဲ့ပြီးနောက် ယင်း အလုပ်သမ ၃ ဦးကို အလုပ် ထုတ်ပယ်ခြင်း ဖြစ်ပေါ်ခဲ့သည်။
ထိုင်း နိုင်ငံ မဲဆောက် အခြေစိုက် ရောင်ခြည်ဦး အလုပ်သမား အဖွဲ့ခေါင်းဆောင် ကိုမိုးဆွေက ထိုသို့ မျက်မြင် သက်သေ အဖြစ် ထွက်ဆိုခဲ့ သောကြောင့် ယင်းအလုပ်သမ (၃) ဦးကို အလုပ်မှ ထုတ်ပယ်ခြင်း ဖြစ်သည်ဟု ပြောဆိုသည်။
“အခုလို အလုပ်သမား အခွင့်အရေး တောင်းဆို ဆန္ဒပြမှုတွေ ပေါ်ပေါက်ပြီးမှ ဒီ အစမ်းခန့်ကာလ အကြောင်းပြချက်နဲ့ ထုတ်ပစ်တာ ကတော့ လုပ်ရိုး လုပ်စဉ် မဟုတ်ဘူးလို့ ကျနော်ထင်တယ်။ ဒီအလုပ်သမတွေ က မျက်မြင် သက်သေတွေ အဖြစ် ဆောင်ရွက် ခဲ့သူတွေမို့လို့ ထုတ်ပစ်တာ သေချာတယ်”ဟု ကိုမိုးဆွေက ပြောသည်။
အလုပ်သမားကိုစားလှယ်များကိုလည်း အလုပ်ရှင်ဘက်မှ တနည်းနည်းဖြင့် အလုပ်မှ ထွက်သွားစေရန် ပြုလုပ်နိုင်သည်ဟု ၎င်းက ဆိုသည်။
နောက်ဆုံး အခြေအန အရ ပြစ်မှု စတင်ကျူးလွန်သော စက်ရုံ လုံခြုံရေး ၀န်ထမ်း ၄ ဦးကို တည်ဆဲဥပဒေအရ အရေးယူသွားမည်ဟု သက်ဆိုင်ရာ အာဏာပိုင်များက ပြောဆိုကြောင်း၊ ကိုသက်ပိုင်စိုးနှင့် ဝေါကြီးဆိုသူတို့ကို မြန်မာ နိုင်ငံ မြ၀တီဘက်သို့ ပြန်ပို့လိုက်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် စက်ရုံပေါင်း (၃၀၀) နီးပါးခန့်ရှိပြီး မြန်မာ အလုပ်သမား သိန်းနှင့် ချီ၍ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် မြန်မာ ရွှေ့ပြောင်း အလုပ်သမား၂ သန်းခွဲနှင့် အထက်ရှိမည်ဟု အလုပ်သမား အရေးဆောင် ရွက်နေသော အဖွဲ့အစည်းများက ခန့်မှန်း ပြောဆိုကြသည်။
source by : ဧရာဝတီ

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment