မြန်မာ ၁၅၀ ခန့်ကို မလေး အာဏာပိုင်များက ဖမ်းဆီး
ဝါးရှီးဖော | မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မန်တာလီ ရပ်ကွက်ရှိ အိမ်ရာဝန်း တခုကို အာဏာပိုင်များက ၀င်ရောက် စီးနင်းခဲ့ရာ မြန်မာ ၁၅၀ ခန့် အပါအဝင် စုစုပေါင်း လူ ၅၀၀ ခန့်ကို ဖမ်းဆီးသွား ခဲ့ကြောင်း ကြားသိရသည်။
မန်တာလီ ရပ်ကွက်တွင် တရား မ၀င် နေထိုင်သူ မြန်မာ၊ အင်ဒိုနီးရှား၊ ပါကစ္စတန်နှင့် အာဖရိကတိုက် နိုင်ငံများမှ အလုပ်သမားများစွာ ရှိပြီး အဆိုပါ ဖမ်းဆီးမှုကို ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
“များသောအားဖြင့် မြန်မာ တွေက ပတ်စ်ပို့စ် ရှိကြပါတယ်။ ဖမ်းသွားတဲ့ လူတွေကို ရဲစခန်းရောက်မှ စစ်ဆေးပြီး ပတ်စ်ပို့စ် ရှိရင်တော့ ပြန်လွှတ် ပေးတယ်။ ပတ်စ်ပို့စ်ရှိတဲ့ လူကြီးပိုင်းတွေကို ကျတော့ ရဲစခန်း အထိ ခေါ်မသွား တော့ဘူး” ဟု အဆိုပါ ဖမ်းဆီးမှုကို မြင်တွေ့လိုက်သူ ကိုစောကျော်နိုင်က ဧရာဝတီသို့ ပြောသည်။

မလေးရှား နိုင်ငံသူ တဦးကို အာဖရိက တိုက်သား တဦးက သတ်လိုက်သည့် လူသတ်မှု ကိစ္စ အပါအဝင် မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲသူများနှင့် တရားမဝင် နေထိုင်သူ များအား မလေးရှား နိုင်ငံ လူဝင်မှု ကြီးကြပ်ရေး အဖွဲ့၊ ပြည်ထဲရေး တပ်ဖွဲ့နှင့် မူးယစ် တပ်ဖွဲ့တို့ ပူးပေါင်းပြီး ရရှိထားသော သတင်းများ အရ ၀င်ရောက် ဖမ်းဆီးခြင်း ဖြစ်သည်ဟု သူကဆိုသည်။
အဆိုပါ အိမ်ရာတွင် A မှ G အထိ တိုက် ၇ လုံးရှိသည့် အနက် G၊ F၊ E၊ D လေးလုံး ကိုသာ ဝင်ရောက် ရှာဖွေ ခဲ့ကြောင်း သိရသည်။
“အိမ်ရာ အပြင်ကနေ ပိတ်ဆို့ပြီး ဖမ်းတယ်။ နောက်ပြီး ရဟတ်ယာဉ် တစ်စင်းက အိမ်ရာထဲကို ဆလိုက် ထိုးပေးထားပြီး ထွက်ပြေးတဲ့ သူတွေကို လိုက်ရှာတယ်” ဟု ကိုစောကျော်နိုင်က ပြောပြသည်။
မန်တာလီ ရပ်ကွက်သည် မူးယစ် ဆေးဝါးမှုများ၊ ဒုစရိုက်မှုများ နှင့် ပတ်သက်မှု ရှိသည် ဆိုသည့် သတင်းကို အာဏာပိုင်များ ရရှိထား သဖြင့် ယခုကဲ့သို့ ၀င်ရောက် ဖမ်းဆီးခြင်း ဖြစ်ကြောင်း ၎င်းရပ်ကွက်တွင် နေထိုင်သော မြန်မာများက ပြောဆိုသည်။
အဖမ်းခံရသူများကို မူးယစ်ဆေးဝါး သုံးစွဲခြင်း ရှိမရှိ ချက်ချင်း ဆီးစစ်ပြီး ထွက်လာသည့် ရလဒ် အပေါ် မူတည်၍ တည်ဆဲ ဥပဒေအရ အရေးယူကာ ကျန်ရှိနေသော တရား မ၀င်နေထိုင်သူများကို စမုံညင်း စခန်းတွင် တရားစီရင်၍ ထောင်ဒဏ်များ ချမှတ် လိုက်ကြောင်း သတင်း ရရှိသည်။
စမုံညင်း စခန်းသည် မလေးရှား နိုင်ငံ အတွင်း တရားမဝင် နေထိုင်သူများကို ဖမ်းဆီး ထိန်းသိမ်းထားရာ နေရာ ဖြစ်သည်။
ယခုလမှ စ၍ မလေးရှား နိုင်ငံ အတွင်း ၀င်ရောက် လာသော နိုင်ငံခြားသား အားလုံးကို မလေးရှား အာဏာပိုင်များက စစ်ဆေးမှုများ ပြုလုပ်ကာ ကွာလာလမ်ပူမြို့ အနောက်ဘက်တွင် ရှိသော ဒေသများကို ပစ်မှတ်ထား၍ ဖမ်းဆီး စစ်ဆေးနေသည်ဟု မလေးရှား နိုင်ငံ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူများ အဖွဲ့မှ ကိုထွန်းထွန်းက ပြောသည်။
သိန်းနှင့် ချီသော မြန်မာ အလုပ်သမားများသည် မလေးရှား နိုင်ငံ အတွင်းသို့ လာရောက် အလုပ်လုပ်ကိုင် လျက်ရှိပြီး အလုပ်သမား အခွင့်အရေး ကိစ္စ၊ လူမှု ဆက်ဆံရေး ကိစ္စရပ် တို့ကြောင့် မြန်မာ အလုပ်သမားများနှင့် ၎င်းတို့၏ လုပ်ငန်းရှင်များ မကြာခဏ ပြဿနာများ ဖြစ်ပွားကြောင်း သိရသည်။
မလေးရှား နိုင်ငံတွင် တရား မ၀င် နေထိုင်၊ အလုပ်လုပ်ကိုင်မှုဖြင့် ဖမ်းဆီး ထားသော မြန်မာ အလုပ်သမားပေါင်း ၂၈၀၀ ခန့် ရှိသည်ဟု သိရသည်။
source by : ဧရာဝတီ

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment