12/03/2009

ဒုက္ခသည်များ စခန်းအပြင်ထွက် အလုပ်လုပ်လိုကြ

ရဲရင့် | ထိုင်း-မြန်မာ နယ်စပ်ရှိ မြန်မာ ဒုက္ခသည်များကို ထိုင်းအစိုးရ အနေဖြင့် အလုပ် လုပ်ကိုင်ခွင့် ပြုရန် ဥရောပသမဂ္ဂ(အီးယူ)၏ တိုက်တွန်းမှုကို မြန်မာဒုက္ခသည်များနှင့် ဒုက္ခသည် အရေး ဆောင်ရွက် နေသည့် အဖွဲ့အစည်းများက ကြိုဆိုခဲ့ကြသည်။

မယ်လစခန်းမှ စောကညောဖိုးက “ဒုက္ခသည်တွေ နှစ်ပေါင်းများစွာ လိုလားနေတဲ့ အခွင့်အရေးတခုဖြစ်တယ်။ ပေးတာယူ ကျွေးတာစား ထားရာနေဘ၀နဲ့ အကျယ်ချုပ်လို ဒုက္ခသည်စခန်းထဲမှာ နေလာတာ (၁၅) နှစ်ရှိတော့မယ်။ လူ့ဘ၀ဆိုတာက ဒါထက်ပိုပါတယ်။ ဒီကိစ္စ အကောင်အထည် ပေါ်လာမယ်ဆိုရင်တော့ ကျနော်တို့ကို တာဝန်ယူနေတဲ့ လူတွေအတွက်လည်း ၀န်ထုပ်ဝန်ပိုးတွေ နည်းသွားမယ်” ဟု ပြောသည်။

အီးယူအဖွဲ့၏ လော၊ ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံ ဆိုင်ရာ သံအရာရှိကြီး မစ္စတာ ဒေးဗစ်လစ်မင်းက ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ထိုင်းအစိုးရကို တိုက်တွန်း ပြောကြားခြင်း ဖြစ်ပြီး ဒုက္ခသည်များ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရန်၊ ထိုင်း လူ့အဖွဲ့အစည်း အတွင်း ၀င်ဆံ့နိုင်ရန် ကူညီ လုပ်ဆောင် ပေးသင့်သည်ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာ (၂၃) ရက်တွင် အီးယူသံအရာရှိကြီး ဒေးဗစ်လစ်မင်း ဦးဆောင်သည့် ဥရောပသမဂ္ဂအဖွဲ့ဝင် (၁၄) နိုင်ငံမှ သံတမန်များသည် မယ်လဒုက္ခသည်စခန်း၏ အနေအထားများကို သွားရောက်လေ့လာခဲ့ကြပြီးနောက် အဆိုပါတိုက်တွန်းချက် ပေါ်ထွက်လာခြင်းဖြစ်သည်။

စခန်း အုပ်ချုပ်ရေး တာဝန်ရှိသူ တဦးက “ကျနော်တို့သိရတာက ဒီကိစ္စကို ထိုင်းအစိုးရ ဘက်က လောလောဆယ်တော့ ဖြစ်ဖို့ မလွယ်သေးဘူး။ အစိုးရ မူဝါဒ ပြောင်းရမယ့် သဘောရှိတယ်။ ဖြစ်တယ် ဆိုတာတောင်မှ လာမယ့် (၅) နှစ်လောက်မှ ဖြစ်နိုင်မယ်လို့ ကြားတယ်” ဟု ပြောသည်။

လက်ရှိ ထိုင်း အစိုးရ၏ မူဝါဒအရ ဒုက္ခသည် များကို စခန်း အပြင်ထွက်၍ အလုပ် လုပ်ကိုင်ခွင့် မရှိဟု ကန့်သတ် ထားသည်။

ဒုက္ခသည်များကို အကူအညီပေးနေသည့်အဖွဲ့တခုမှ တာဝန်ခံတဦးက “ထိုင်းအစိုးရအနေနဲ့ ခွင့်ပြုသင့်ပါတယ်။ အဲလိုခွင့်ပြုခြင်းအားဖြင့် ရေရှည်မှာ ဒုက္ခသည်ပြဿနာတွေ နည်းပါးမှာဖြစ်ပြီး ဒီလူတွေ အလှူရှင်တွေရဲ့နှာခေါင်းနဲ့ အသက်ရှူစရာ မလိုတော့ဘူး” ဟု ပြောသည်။

ဒုက္ခသည်များအား တလလျှင် (၅) နှစ်အထက် တဦးလျှင် ဆန် (၁၅) ကီလို၊ ဆီ (၁) ကီလို၊ ပဲ (၁) ကီလိုနှင့် ငါးပိ၊ ငရုပ်သီး၊ ဆား၊ အာဟာရမှုန့်များ ပေးဝေပြီး တနှစ်တကြိမ်နှုန်းဖြင့် စောင်၊ ခြင်ထောင်၊ အနွေးထည်များပေးပြီး (၂) နှစ်တခါ ပုဆိုးတထည်နှင့် ထဘီတထည်စီပေးသည်။ (၅) နှစ်အောက် ကလေးငယ်များကိုမူ ရိက္ခာ တ၀က်နှုန်းသာပေးသည်ဟု မယ်လစခန်းမှ ရိက္ခာမှူး တဦးက ပြောသည်။

မြန်မာ ဒုက္ခသည်များကို စားနပ်ရိက္ခာ ထောက်ပံ့ပေးသည့် ထိုင်း-မြန်မာနယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအသင်း Thailand Burma Border Consortium (TBBC) အဖွဲ့က ယခုနှစ်ကုန်ပိုင်းတွင် ဒုက္ခသည်များနှင့် သက်ဆိုင်သည့် လေ့လာ စူးစမ်းမှု တရပ်ကို မယ်လ ဒုက္ခသည် စခန်းတွင် (၂) ပတ်ကြာပြုလုပ်ခဲ့သည်။

အဆိုပါ လေ့လာ စူးစမ်းမှု အရ ဒုက္ခသည် (၅) သောင်းခွဲခန့်ရှိသည့် မယ်လ ဒုက္ခသည် စခန်းတွင် မိသားစု (၅) ဦး ရပ်တည် နိုင်ရန် အတွက် တလလျှင် ထိုင်းဘတ်ငွေ (၂,၂၅၀) လိုအပ်သည်ဟု သိရသည်။

ထိုင်း-မြန်မာ နယ်စပ်တွင် မြန်မာ ဒုက္ခသည် စခန်း (၉) ခုရှိပြီး ဒုက္ခသည် (၁၄၀,၀၀၀) ခန့်နေထိုင်ကာ ၎င်းတို့အတွက် အဓိက အကူအညီပေးသည့်အဖွဲ့မှာ ဥရောပ သမဂ္ဂဖြစ်သည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: