12/03/2009

နာဂစ် မုန်တိုင်းဒဏ် သင့်သူများ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးဆဲ

မေကျော် | နာဂစ် မုန်တိုင်းဒဏ်သင့် ဒေသများ ပြန်လည် ထူထောင်ရေး ကာလ (၁) နှစ်ခွဲ ရှိခဲ့ပြီ ဖြစ်သော်လည်း ဒေသခံများ သက်မွေးဝမ်းကျောင်း အလုပ်အကိုင် ရှားပါး နေဆဲ ဖြစ်ကြောင်း လပွတ္တာ၊ ဖျာပုံနှင့် ဘိုကလေမြို့ အခြေစိုက် အန်ဂျီအို ၀န်ထမ်းများက ပြောကြားသည်။

ပြန်လည် ထူထောင်ရေး ကာလ အတွင်း စစ်အစိုးရ အစီအစဉ်ဖြင့် လုပ်ဆောင်နေသည့် ဆောက်လုပ်ရေး လုပ်ငန်းခွင် များတွင် ဒေသခံများ အတွက် အလုပ်အကိုင် နေရာ မရရှိဘဲ ကုလသမဂ္ဂ အဖွဲ့အစည်းက လုပ်ကိုင် နေသည့် အစားအစာ အတွက် အလုပ်အကိုင် အစီအစဉ် မှာလည်း ယခု လကုန်တွင် ရပ်နားတော့မည် ဖြစ်သည်။ အန်ဂျီအို အများစု ဖော်ဆောင် နေသော သက်မွေးဝမ်းကျောင်း အလုပ်အကိုင် အစီအစဉ် များမှာလည်း မုန်တိုင်းဒဏ်သင့် လူဦးရေ (၂) သန်း အတွက် လွှမ်းခြုံ နိုင်ခြင်း မရှိ ဖြစ်နေသည်။

“အခု စီးပွားရေး လုပ်ငန်းရှင်တွေ ဆောက်နေတဲ့ အိမ်ရာတွေ၊ မုန်တိုင်းကာ အဆောက်အအုံတွေ ရှိပါတယ်။ ဒီလုပ်ငန်းခွင်တွေကလည်း သူ့လူနဲ့သူ ပြည့်နေတယ်။ ဒေသခံတွေကို အလုပ်မပေးနိုင်ဘူး။ အန်ဂျီအိုအများစု ထောက်ပံ့ပေးတာက လယ်ယာလုပ်ငန်း၊ ရေလုပ်ငန်း။ လယ်အလုပ်က အခု အဆင်မပြေဘူး။ ရေလုပ်ငန်း ရောက်တော့ ငါးဖမ်းတဲ့ သူကများ ငါးကရှား” ဟု ဖျာပုံ အခြေစိုက် အန်ဂျီအို ၀န်ထမ်း တဦးက ပြောကြားသည်။

မုန်တိုင်း ဒဏ်သင့် မိသားစုများ အဓိက အားထားရာ စားနပ်ရိက္ခာ ထောက်ပံ့ ပေးနေသည့် ကုလစားနပ် ရိက္ခာ အစီအစဉ် (WFP) က ယခု လကုန်တွင် ထောက်ပံ့မှု ရပ်ဆိုင်းတော့မည်ဟု သိရသည်။

“ဒီလူတွေအတွက်က ရင်လေးစရာပါ။ WFP အပါအ၀င်ပေါ့ဗျာ၊ အန်ဂျီအိုအတော်များများ ပြန်ထွက်တော့မယ်။ အခုထိ သူတို့မှာ မယ်မယ်ရရ ဘာမှမရှိသေးဘူး။ လပွတ္တာဆိုရင် နေစရာ အိမ်မရှိတဲ့သူတွေ၊ မိဘမဲ့တွေ အများကြီး ရှိနေသေးတယ်” ဟု လပွတ္တာ အခြေစိုက် အန်ဂျီအိုဝန်ထမ်းက ပြောသည်။

ဒေသခံလုပ်ငန်းရှင်များအနေဖြင့် ယခုကဲ့သို့ အလုပ်လက်မဲ့ဖြစ်နေသော မုန်တိုင်းဒဏ်သင့် မိသားစုများကို စားနပ်ရိက္ခာ ထောက်ပံ့ပေးခြင်းကြောင့် လူထုမှာ အလုပ်မလုပ်ဘဲ အချောင်ခိုလာကြောင်း၊ ထို့အပြင် နာဂစ်မုန်တိုင်းအပြီး စစ်အစိုးရက မုန်တိုင်း ဒဏ်သင့်သူများကို ထောက်ပံ့ရာမှ လူထု အကျင့်စာရိတ္တ ပျက်ပြားမည် စိုးရိမ်ကြောင်း နိုင်ငံပိုင် သတင်းစာများမှ သတိပေးခဲ့သည်။

နာဂစ်လေဘေးဒုက္ခသည်များကို လှူမည့်သူများအား စစ်အစိုးရ ကော်မတီကတဆင့် လှူဒါန်းကြရန်၊ ပြည်သူများ စာရိတ္တပျက်မည်စိုး၍ အမျိုးသားရေးအသိနှင့် လှူဒါန်းကြရန် နအဖသတင်းစာများက ကြေညာခဲ့ခြင်းဖြစ်သည်။

သို့သော် နာဂစ်ဒဏ်သင့်ဒေသများတွင် လုပ်ကိုင်နေသော အန်ဂျီအိုဝန်ထမ်းများက ယင်းအကြောင်းပြချက်မှာ ကြောင်းကျိုးဆီလျော်မှု မရှိသော အဓိပ္ပာယ်မဲ့ စွပ်စွဲပြောဆိုချက်ဖြစ်သည်ဟု ပြောကြားကြသည်။

နာဂစ်မဖြစ်မီက မြစ်ဝကျွန်းပေါ် ဒေသ၏ လူဦးရေ (၃၀) ရာခိုင်နှုန်းမှာ မြေမဲ့ယာမဲ့များ ဖြစ်ပြီး ကြုံရာ ကျပန်း လုပ်ကိုင် စားသောက် သူများ ဖြစ်ကြကြောင်း၊ နာဂစ်ဒဏ်သင့်ပြီး နောက်ပိုင်းတွင်မူ အလုပ်လက်မဲ့ဦးရေ များပြားလာသည့်အပြင် ပျက်စီးသွားသည့် မိရိုးဖလာ စီးပွားရေး လုပ်ငန်းများကြောင့် ထောက်ပံ့မှုများ မရှိမဖြစ် လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။

ဘိုကလေး အခြေစိုက် အန်ဂျီအိုဝန်ထမ်းတဦးက “နာဂစ် မဖြစ်ခင်ကတည်းက ဧရာဝတီတိုင်း လူဦးရေ (၃၀) ရာခိုင်နှုန်းဟာ မြေမဲ့ယာမဲ့ အခြေအနေမဲ့။ ဒီမိသားစုက ကလေးတွေ ကျောင်းမထားနိုင်ဘူး။ တချို့ရွာတွေ ကျောင်းမရှိဘူး။ ကုန်ကုန်ပြောမယ်။ နိုင်ငံကျော် အနုပညာရှင် မောစ့်ရဲ့ ရွာမှာ အခုထိ ကလေးတွေ ကျောင်းမနေနိုင်သေးဘူး။ ကျောင်းမရှိလို့။ လူထု အကျင့်စာရိတ္တက စာသင် ကျောင်းတွေမှာ စပြီး မွေးမြူပေးရမှာ” ဟု ပြောသည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: