မိုးညှင်း ခရိုင် စပါး အထွက်နှုန်း လျော့နိုင်
ခိုင်လင်း | ကချင်ပြည်နယ်၏ စပါးအဓိကထွက်ရာ မိုးညှင်းခရိုင်အတွင်း စပါးပင်များ မသန်မစွမ်းဖြစ်ကာ ယခုနှစ်တွင် စပါးအထွက်နှုန်း လျော့ကျနိုင်သည်ဟု ဒေသခံတောင်သူများက ပြောသည်။
ယခုနှစ် မိုးစပါး စိုက်ပျိုး ရာသီတွင် အချိန်နှောင်းမှ စိုက်ပျိုးခဲ့ရ၍ အပင်များ မသန်မစွမ်း ဖြစ်ကာ လယ်ခင်း အတော်များများ စပါး အထွက်နှုန်းလျော့နေသည်ဟု မိုးညှင်း မြို့နယ်မှ တောင်သူ တဦးက ပြောသည်။
၎င်းက “အရင်နှစ်တွေဆို ဝါဆို၊ ဝါခေါင် စိုက်ပြီးနေပြီ။ ဒီနှစ်က တော်သလင်းလကွယ်၊ သီတင်းကျွတ်လောက်မှ စိုက်ခဲ့ရတယ်။ တခါမှ အဲလို မကြုံဘူး။ အဲဒီတော့ အပင်က မသန်၊ အနှံကလည်း ကျိုးတိုးကျဲတဲ၊ အခုက နွားစာပဲ ရမယ့်ပုံပေါ်နေပြီ။ လယ်အတော်များများ အဲဒီလို ဖြစ်နေတာ။ တဧက အနည်းဆုံး ပျမ်းမျှ တင်းလေးငါးဆယ် ထွက်နေတာ။ ဒီနှစ်တော့ တဆယ်ကျော် နှစ်ဆယ်လောက် ထွက်နိုင်မယ်၊ ရိတ်တဲ့ဟာ ရိတ်နေပြီ” ဟု ပြောသည်။
ယခုနှစ်တွင် မြန်မာပြည်အလယ်ပိုင်းနှင့် အထက်ပိုင်းဒေသတို့၌ မိုးခေါင်ခဲ့ရာ မိုးညှင်းခရိုင်တွင်လည်း အလားတူ ကြုံခဲ့ရပြီး စိုက်ပျိုးရေ မရရှိသဖြင့် အချိန်နှောင်းမှ စိုက်ပျိုးခဲ့ရသည်။

မိုးညှင်းမြို့နယ်သည် ၂ဝဝဝ ပြည့်နှစ်မတိုင်မီ ကာလများက နှစ်စဉ် မိုးစပါးတင်း (၁၅) သိန်း ပိုလျံစွာ ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ ယခုအခါ စစ်တပ်က စပါးများ ဝယ်ယူနေ၍ စပါးထွက်ရှိမှုအခြေအနေ မသိရှိရသော်လည်း လယ်ယာအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းမှုမှာ မိသားစုစားဝတ်နေရေးအတွက် အဆင်မပြေသဖြင့် လယ်စိုက်ပျိုးမှု လျော့နည်းလာ၍ ယခင်ကလောက် ပိုလျှံစပါး ရှိတော့မည် မထင်ကြောင်း ဒေသခံတောင်သူများက ပြောသည်။
တောင်သူမိသားစုအတွင်းမှ လူငယ်အများစုမှာ တောင်သူအလုပ်တွင် စိတ်ဝင်စားမှုမရှိတော့ဘဲ ရွှေတွင်း၊ ကျောက်စိမ်းတွင်းတို့တွင် သွားရောက်လုပ်ကိုင်နေသူ ပိုများလာနေသည်ဟု မိုးညှင်းမြို့ခံ တောင်သူတဦးက ပြောသည်။
၎င်းက “အခု လူငယ်၊ လူလတ်ပိုင်းတွေက လယ်ထဲဆင်းဖို့ စိတ်မဝင်စားကြတော့ဘူး။ သူများ ဆိုင်ကယ်စီး ကိုယ်လည်း စီးချင်ကြတော့ ငွေရမယ့် ကျောက်တို့၊ ရွှေတို့ဘက်မှာ အလုပ်သမား ဝင်လုပ်နေကြတယ်။ လယ်လုပ်လို့ကတော့ ထမင်းနပ် မှန်အောင်တောင် မလွယ်ဘူး။ လယ်လုပ်ပြီး ထမင်းငတ်မယ့်ပုံ ပေါ်နေပြီ။ နောက်ပိုင်း လယ်လုပ်မယ့်သူတွေ ရှားသွားနိုင်တယ်” ဟု ပြောသည်။
ကချင်ပြည်နယ်ကို မြန်မာနိုင်ငံ၏ စတုတ္တ စပါးကျီဖြစ်ရမည်ဟု နအဖစစ်အစိုးရက ကြွေးကြော်ထားသော်လည်း ဒေသခံ တောင်သူ အများစုမှာ လယ်ယာလုပ်ငန်းအပေါ် စိတ်ပျက်လာနေကြသည်။
source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment