12/23/2009

နာဂ နှစ်သစ်ကူး ပွဲတော်သို့ ကမ္ဘာလှည့် ခရီးသွားများကို ပိတ်ပင်

တက်လူ | ၂၀၁၀ ပြည့်နှစ် နာဂ နှစ်သစ်ကူး ပွဲတော်သို့ ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များကို လာရောက်ခွင့် မပေးတော့ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းဝင် တဦးက ပြောသည်။

မည်သည့် အကြောင်းကြောင့် နိုင်ငံခြားသားများကို လာရောက်ခွင့် မပေးတော့သည်ကို ဟိုတယ်နှင့် ခရီးသွား ၀န်ကြီးဌာနက အတိအကျ ပြောကြားခြင်း မရှိသော်လည်း နာဂပွဲတော်သို့ package tour ဆောင်ရွက်သည့် ခရီးသွား ကုမ္ပဏီလည်း မရှိတော့ကြောင်း အဆိုပါ အသင်းဝင်ဖြစ်သူက ပြောသည်။

၎င်းက “နာဂ ပွဲတော် ဆိုတာ ကမ္ဘာလှည့် ခရီးသွားဧည့်သည်တွေကို အဓိက ထားတဲ့ ပွဲတော်ဖြစ်တယ်။ ကမ္ဘာ သိတဲ့ ပွဲတပွဲဖြစ်တယ်။ ဘာ့ကြောင့် နိုင်ငံခြားသား တွေကို လာခွင့် မပေးတော့တာလဲ ဆိုတာ အတိအကျ မဖြေဘူး” ဟု ပြောသည်။

ယခင် နှစ်များက ယင်းနာဂပွဲတော်သို့ Diamond Palace Travel & Tours ကုမ္ပဏီက Package Tour များ ဆောင်ရွက်ပေး ခဲ့ကြောင်း ရန်ကုန်ရှိ ခရီးသွား လုပ်ငန်းများက သိရသည်။

နအဖက နာဂ ပွဲတော်သို့ ကမ္ဘာလှည့် ခရီးသွား ဧည့်သည် များအား သွားရောက်ခွင့် မပေးခြင်းမှာ လုံခြုံရေး အရ ဖြစ်ကြောင်း၊ ၂၀၁၀ တွင် ကျင်းပမည့် နာဂ ပွဲတော်သည် စစ်ကိုင်းတိုင်း နန်ယွန်းမြို့တွင် ဖြစ်သည့်အတွက် အိန္ဒိယ နယ်စပ်နှင့် နီးစပ်နေကြောင်း၊ လုံခြုံရေး မတည်ငြိမ် ဖြစ်လာမည်ကို စိုးရိမ်၍ လာရောက်ခွင့် မပြုခြင်း ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းမှ ပြောရေး ဆိုခွင့် ရှိသူ တဦးက ပြောသည်။

ယခုနှစ် ခရီးသွား ရာသီတွင် ကမ္ဘာ လှည့်ခရီးသွား ဧည့်သည် အရေအတွက်ကို (၁) သန်းထိ ရည်မှန်းထားသော ဟိုတယ်နှင့် ခရီးသွား ၀န်ကြီး ဌာန အနေဖြင့် နာဂပွဲတော်သို့ နိုင်ငံခြားသားများ လာရောက်မှုကို ကန့်သတ်ခြင်း မပြုလုပ် သင့်ကြောင်း ခရီးသွား ကုမ္ပဏီများက ဝေဖန် နေကြသည်။

“အခုလို ကမ္ဘာလှည့် ခရီးသွား ဧည့်သည်တွေ လာခွင့် မရှိတဲ့ အတွက် နိုင်ငံခြားသား ခရီးသွား ဧည့်သည်တွေ အနည်းဆုံး ရာနဲ့ချီပြီး ဆုံးသွားမယ်။ နိုင်ငံတွင်း ၀င်ငွေလျော့မယ်။ ခရီးသွား ကုမ္ပဏီတွေ အနေနဲ့လည်း စိတ်ပျက် ကြမယ်။ ဒီနာဂ ပွဲဆိုတာ နိုင်ငံခြားသား ကို ဆွဲဆောင်လို့ အကောင်းဆုံး မြန်မာ့ ရိုးရာပွဲတော် ဖြစ်နေတာကိုး” ဟု ၀ါရင့် ဧည့်လမ်းညွှန် တဦးက သုံးသပ်သည်။

နာဂ လူမျိုး အများစုသည် မုဆိုး လုပ်ငန်းဖြင့် အသက် မွေးကြရာ အမဲလိုက်ရာမှ ရသော တိရစ္ဆာန် ဦးချို၊ သားရေ၊ ခြေသည်း လက်သည်း၊ သားမွှေးတို့ကို ဂုဏ်ယူစွာ ၀တ်ဆင်လေ့ရှိကြပြီး နာဂလူမျိုးတို့၏ ဓလေ့စရိုက်နှင့် ယာဉ်ကျေးမှုတို့ကို ကမ္ဘာလှည့် ခရီးသွားတို့က အထူး စိတ်ဝင်စား ကြကြောင်း ခရီးသွား ကုမ္ပဏီများက ပြောသည်။

နာဂ ပွဲတော်ကို ၁၉၉၀ ပြည့်နှစ်က စတင်၍ Eco Tourism အတွက် ဦးစားပေးကာ နအဖ ကျင်းပ ပေးခဲ့ခြင်း ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွား ၀န်ကြီး ဌာန ပြောရေး ဆိုခွင့် ရှိသူက ပြောသည်။

“နာဂပွဲကို ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း ပိုပြီး တိုးတက်ဖို့ လုပ်ခဲ့တာ။ ပြီးတော့ နာဂ လူမျိုးတွေရဲ့ ရိုးရာ၊ ဓလေ့၊ ယဉ်ကျေးမှုတွေကို မပျောက် စေချင်တာ၊ အဲဒါတွေ အတွက် လုပ်ခဲ့တာဖြစ်တယ်” ဟု ၎င်းကပြောသည်။

ပြင်သစ် ဧည့်လမ်းညွှန် တဦးက “နာဂ နှစ်သစ်ကူး ရိုးရာပွဲတော်ဟာ ကမ္ဘာလှည့် ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်မှု အကောင်းဆုံး ပွဲဖြစ်တယ်။ ကျမတို့ ဧည့်လမ်းညွှန်တွေ အနေနဲ့ နာဂနဲ့ ပတ်သက် တာတွေကို သေသေချာချာ လေ့လာထားရတာ။ ဒီနှစ်ကတော့ အစိုးရက ကမ္ဘာလှည့် ဧည့်သည်တွေကို ပေးမသွားဘူးလို့ သိရတဲ့ အတွက် စိတ်မကောင်း ဖြစ်ရတယ်” ဟု ပြောသည်။

၂၀၁၀ တွင် နာဂ ပွဲတော်ကို ကျင်းပမည့် နန်ယွန်း မြို့နယ်သည် နာဂ တောင်တန်းတွင် နာဂလူမျိုးတို့ အများဆုံး နေထိုင်သော ဒေသ တခုဖြစ်ပြီး ၁၉၅၄ ခုနှစ်က စစ်ကိုင်းတိုင်း အတွင်း ပါဝင်လာသော မြို့နယ်ဖြစ်ပြီး ကျေးရွာပေါင်း (၁၀၆) ရွာတွင် လူဦးရေ (၆) သောင်းကျော် နေထိုင်လျက် ရှိကာ နာဂလူမျိုးမှာ (၉၈) ရာခိုင်နှုန်း ရှိကြောင်း ပြည်တွင်းထုတ် ၀ီးကလီး အယ်လဲဗင်း ဂျာနယ်တွင် ဖော်ပြထားသည်။

နာဂ ပွဲတော်ကို ကမ္ဘာလှည့် ခရီးသွား ဧည့်သည်တို့ အလွန် စိတ်ဝင်စားကြရာ ၂၀၀၁ ခုနှစ်တွင် ကျင်းပသော လေရှီးမြို့ နာဂ ပွဲတော်က စ၍ ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ လာရောက်မှုမှာ တနှစ်ထက်တနှစ် များပြားခဲ့ကြောင်း သိရသည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: