မြစ်ဆုံ ရေကာတာ ဆောက်လုပ်ရေး ဖွင့်ပွဲ ဒေသခံများကို အတင်းအကျပ် တက်ခိုင်း
ခိုင်လင်း | ဧရာဝတီ မြစ်ဆုံ ရေကာတာ ဆောက်လုပ်ရေး လုပ်ငန်းဖွင့်ပွဲကို ယမန်နေ့က မြစ်ကြီးနား မြို့နယ်၊ လုံဂါဇွပ် ကျေးရွာ အနီးတွင် ပြုလုပ်ခဲ့ရာ ရွှေ့ပြောင်းရမည့် ကျေးရွာမှ တရွာလျှင် လူ (၅ဝ) နှုန်းဖြင့် အတင်းအကျပ် တက်ရောက်ခိုင်း ခဲ့သည်။
မြစ်ကြီးနား မြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (မယက) က ညွှန်ကြားချက် ထုတ်ပြန်ပြီး မြစ်ကြီးနားမြို့ အထက်ပိုင်း အူဗျစ်၊ အာလန်၊ ဒွန်ဂမ်၊ ကျိန်ခရမ်၊ တန်ဖဲ၊ လုံဂါဇွပ် စသည့်ကျေးရွာတို့မှ ရွာလူကြီးများကို တရွာလျှင် လူ (၅ဝ) ဦးနှုန်းဖြင့် တက်ရောက် ခိုင်းခဲ့သည်ဟု ဒေသခံ တဦးက ပြောသည်။
၎င်းက “တအိမ် တယောက်နှုန်း ခေါ်တာ မဟုတ်ဘူး။ တရွာကို လူ (၅ဝ) ဆိုပြီး သတ်မှတ် ထားတာ။ တချို့အိမ်ကျတော့ (၂) ယောက် ဖြစ်သွားတာပေါ့။ လုံဂါဇွပ်ဆို အိမ်ခြေ (၃၉) အိမ်ပဲရှိတယ်။ တန်ဖဲကနေ အောက်ကို (၈) မိုင်လောက် ဝေးသေးတယ်။ မြစ်ကြီးနားကနေ မိုင် (၂ဝ) ကျော်လောက် ဝေးတယ်။ ဒွမ်ဂန်တို့၊ ကျိန်ခရန် တို့ကနေ အဲဒီကို (၁) နာရီလောက် လမ်းလျှောက် သွားရတယ်။ တချို့က ဆိုင်ကယ်တို့၊ ထော်လာဂျီ တို့နဲ့ သွားရတယ်။ မနက် (၇) နာရီ လောက်ကတည်းက သွားရတာ။ (၁ဝ) နာရီမှ အစည်းဝေးပွဲလုပ်တာ” ဟု ပြောသည်။
အဆိုပါ ဖွင့်ပွဲ တက်ရောက် သူများသည် တိုင်းရင်းသား ရိုးရာ ဝတ်စုံများဖြင့် တက်ရောက် ခဲ့ကြရပြီး ပျက်ကွက်ပါက လူနေ အိမ်များနှင့် ဥယျာဉ်ခြံများ အသိမ်းခံမှု အတွက် ဆောက်လုပ်ရေး ကုမ္ပဏီက ပေးလျော်ရန် ရှိသည့် ငွေများကို လျော်ပေးမည် မဟုတ်ကြောင်း မြစ်ကြီးနား မယကက ပြောထားသဖြင့် စိတ်မပါသော်လည်း တက်ရောက် ခဲ့ကြရသည်ဟု အဆိုပါ ဒေသခံက ပြောသည်။

၎င်းက “လူတွေက အဲဒီ ရေကာတာကြောင့်မို့ အခြေကျနေတဲ့ နေရာကနေ ရွှေ့ပြောင်းရမှာ ဆိုတော့ စိတ်မကောင်း ဖြစ်နေကြတာ။ အဲလို အချိန်မှာ အဲဒီ ရေကာတာ ဆောက်လုပ်ဖို့ ဖွင့်ပွဲ တက်ရောက် ခိုင်းတယ် ဆိုတော့ စိတ်ထိခိုက်၊ ဝမ်းနည်းနေကြတာ ပေါ့ဗျာ” ဟု ပြောသည်။
ဖွင့်ပွဲသို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်း၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဗိုလ်မှူးချုပ် သိန်းဇော်၊ အမှတ် (၁) လျှပ်စစ် စွမ်အား ဝန်ကြီး ဗိုလ်မှူးကြီး ဇော်မင်း၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ်သံရုံးမှ သံ အရာရှိများနှင့် ရေကာတာ ဆောက်လုပ်ရေး တာဝန်ယူထားသည့် အေရှားဝေါလ် ကုမ္ပဏီနှင့် တရုတ်နိုင်ငံ လျှပ်စစ်စွမ်းအင် ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း (CPI) တို့မှ အရာရှိများ တက်ရောက်ခဲ့သည်။
ဧရာဝတီ မြစ်ဆုံသည် ဧရာဝတီမြစ်၏ ပင်မမြစ်ဖျားခံရာ မေခနှင့် မလိခမြစ်ပေါင်းဆုံရာဒေသဖြစ်ပြီး ကျောက်ဆောင်များ၊ သဘာဝ ရှုခင်းများကြောင့် အလည်အပတ် ခရီးသွား ဧည့်သည်များ အတွက် အပန်းဖြေ အနားယူရာလည်း ဖြစ်သည့် အတွက် ဒေသခံ ကချင်လူထု အတွက် ဂုဏ်ယူဖွယ်ရာ ဒေသ အဖြစ် တန်ဖိုးထားကြသည်။
ယခု မြစ်ဆုံရေကာ စီမံကိန်းမှ ရေအားလျှပ်စစ် မီဂါဝပ် (၃,၆ဝဝ) ထုတ်လွှတ် ပေးနိုင်မည် ဖြစ်ပြီး ထွက်ရှိလာသည့် လျှပ်စစ် အများစုကို တရုတ်ပြည်သို့ တင်ပို့ ရောင်းချသွားမည်လည်း ဖြစ်သည်။
အဆိုပါ စီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက် ပျက်စီးစေမှု၊ ကျေးရွာနှင် ဥယျာဉ်ခြံမြေများ ပျက်စီးမှု၊ လူနေအိမ်များ ရွှေ့ပြောင်း ရမှု၊ ရေကာတာ ကျိုးပေါက်မည့် ဘေးအန္တရာယ်များ ကြုံတွေ့လာနိုင်မှု စသည့်အချက်များကြောင့် ကချင်ပြည် လူမှုဖွံ့ဖြိုးရေး ကွန်ရက် အဖွဲ့၊ ကချင်ပြည်လုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂနှင့် ဒေသခံတို့က မကြာခဏဆိုသလို မြစ်ဆုံရေကာတာ ဆန့်ကျင်ရေး ပိုစတာ ကပ်ခြင်း၊ နံရံတွင် မှုတ်ဆေးဖြင့် ကန့်ကွက် စာရေးခြင်း၊ လက်မှတ်ရေးထိုး တောင်းဆိုခြင်းများ ပြုလုပ်နေသည်။
ယမန်နေ့ ကလည်း ကချင် ပြည်လုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂ အဖွဲ့က ဦးဆောင်ပြီး “မြစ်ဆုံ ရေကာတာ အလိုမရှိ၊ အေရှားဝေါလ်၊ စီပီအိုင် အလိုမရှိ” ဆိုပြီး မြစ်ကြီးနားမြို့ အတွင်းနှင့် နေရာ ရွှေ့ပြောင်း ရမည့် ကျေးရွာများတွင် စာများ ကပ်ကာ ရေကာတာ ဆန့်ကျင်ရေး လှုပ်ရှားမှု တခု ပြုလုပ်ခဲ့သည်။
source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment