ငွေဆောင်တွင် တောပြုန်း၍ ပတ်ဝန်းကျင် ပျက်သုန်း
မျိုးချစ်သူ | ငွေဆောင် ဒေသ သဘာဝ ပတ်ဝန်းကျင်တွင် ပြီးခဲ့သည့် (၁၀) နှစ်တာ ကာလ နောက်ပိုင်း၌ ပျက်စီးမှုများ ရှိလာကြောင်း ငွေဆောင် ဟိုတယ် လုပ်ငန်းရှင်များ အသင်းက ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၀၀ ပြည့်နှစ်မှ စတင်ကာ ငွေဆောင် ကမ်းခြေတွင် ဟိုတယ်များ ဆောက်လုပ်ရန် အစိုးရက ခွင့်ပြုခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ ပတ်ဝန်းကျင် ပျက်စီးလာခြင်း ဖြစ်ကြောင်း ငွေဆောင် ဟိုတယ် လုပ်ငန်းရှင်များ အသင်းမှ ပြောရေး ဆိုခွင့်ရှိသူက ပြောသည်။
ငွေဆောင်မှ ဟိုတယ် ပိုင်ရှင် တဦးက “လွန်ခဲ့တဲ့ (၅) နှစ်လောက် ကျနော်တို့ ဟိုတယ်စဆောက်တုန်းက သိပ်မဆိုးသေးဘူး။ အခုနောက်ပိုင်း တောင်တွေဆို တောင်ကတုံးတွေ ဖြစ်ကုန်တာ။ အဓိက ကတော့ အစိုးရက စီးပွားရေးလုပ်ငန်းရှင်တွေကို ရာဘာ စိုက်ခွင့် ပေးလိုက်တာကြောင့် တောပြုန်း သွားတာ များတယ်” ဟု ပြောသည်။
ငွေဆောင် ပတ်ဝန်းကျင်တွင် ရာဘာ စိုက်ခွင့် ရသူများမှာ အစိုးရနှင့် နီးစပ်သော စီးပွားရေးဦးပိုင်၊ ယုဇန ကုမ္ပဏီ၊ ရွှေဝါမြေ ကုမ္ပဏီ၊ ထူးကုမ္ပဏီနှင့် အခြား နအဖနှင့် နီးစပ်သော ကုမ္ပဏီပေါင်း (၅) ခုခန့်က နေရာယူစိုက်ပျိုးနေကြောင်း ငွေဆောင်ဒေသခံများက ပြောသည်။

ယခုကဲ့သို့ ရာဘာ စိုက်ပျိုးရန် တောများခုတ်ထွင်မှုကြောင့် ယခင်က မိဘလက်ငုတ်လက်ရင်း အုန်းခြံလုပ်ငန်းနှင့် လယ်ယာ လုပ်ငန်း လုပ်ကိုင်ခဲ့သူများမှာ ယခုအခါ ထင်းခုတ် ရောင်းချ နေရသည်ဟု ဒေသခံ တဦးက ပြောသည်။
“သူတို့တွေက ရာဘာတွေကို စိုက်မယ်လို့ တောကို ခုတ်ထွင်တယ်။ ကျနော်တို့က ခုတော့ ထင်းတွေ ခုတ်ပြီးတော့လည်း ရောင်းနေရပြီ။ မီးသွေးတွေလည်း ဖုတ်ရောင်းနေရတယ်။ ဟိုတယ်တွေကလည်း သုံးတာလေ။ ကျနော်တို့က အလုပ်အကိုင် တခြား စီးပွားရေး မရှိတော့ဘူး” ဟု ပြောသည်။
လွန်ခဲ့သော (၁၀) နှစ်ခန့်က ငွေဆောင်ဒေသတွင် ထင်းခုတ်သူ အနည်းအကျဉ်းရှိခဲ့ပြီး မီးသွေးဖိုလုပ်ငန်းများ လုံးဝ မရှိခဲ့သော်လည်း ဟိုတယ်များ စတင် တည်ဆောက်ချိန် ကစပြီး မီးသွေးဖို စီးပွားရေး စတင်ခဲ့ကာ ယခုအခါ မီးသွေးဖိုပေါင်း (၂၀) ခန့်ရှိလာပြီဟု ဒေသခံများက ပြောသည်။
မီးသွေး အဖြစ် အသုံးပြုသည့် သစ်အမျိုးအစား များမှာ ပျဉ်းကတိုး၊ သီဟိုဠ်နှင့် ဒီရေတောများ ဖြစ်ကြကြောင်း မီသွေးဖိုပိုင်ရှင် ဒေသခံက ပြောသည်။
အဆိုပါ ဒေသတွင် တာဝန်ကျနေသော နအဖ တပ်သားများနှင့် ၎င်းတို့၏ မိသားစုများကလည်း အပင်များခုတ်လှဲကာ ထင်းပြုလုပ် ရောင်းချသည်ဟု သိရသည်။
ယခုအခါ ငွေဆောင် ဒေသရှိ နီးစပ်ရာ တောများတွင် ထင်းခုတ် ရောင်းချသူများလာသဖြင့် တောပြုန်းလာနေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ငွေဆောင် ဟိုတယ် လုပ်ငန်းရှင်များက ငွေဆောင် ဒေသကို အစိမ်းရောင် ငွေဆောင် ဒေသ ဖြစ်ရေး အတွက် သစ်ပင်များ ပြန်လည် စိုက်ပျိုးမှု ပြုလုပ် နေသည်ဟု ယင်းလုပ်ငန်းရှင်များ အသင်းမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
“၂၀၁၀ မှာ ငွေဆောင် ဟိုတယ် ဇုန်ဟာ (၁၀) နှစ် ပြည့်ပါတော့မယ်။ ဒီကာလမှာ ဒီဒေသ အတွက် ပျက်စီးခဲ့တဲ့ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာကို ကျနော်တို့ ဘယ်လို ပြန်လုပ်ပေးနိုင်မလဲလို့ တွေးပါတယ်။ အကောင်းဆုံးအဖြေကတော့ သစ်ပင်တွေ ပြန်စိုက်တဲ့ အလုပ်ပါပဲ” ဟု ၎င်းက ပြောသည်။
စံကားပင်၊ ဗန္ဓာပင်နှင့် အခြားအပင် အမျိုးအစားပေါင်း (၅) မျိုးခန့် ပါဝင်သည့် အပင်အရေ အတွက်ပေါင်း (၂,၀၀၀) ကျော်ခန့်ကို စိုက်ပျိုး ခဲ့ကြောင်း သိရသည်။
source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment