ယာယီ နိုင်ငံကူး လက်မှတ် ပြုလုပ်ရေး ပူးပေါင်း ပါဝင်ကြရန် ထိုင်းတိုက်တွန်း
ရဲရင့် | ထိုင်း-မြန်မာ နှစ်နိုင်ငံ သဘော တူညီချက်ဖြင့် ထုတ်ပေး နေသည့် (၂) နှစ် ဗီဇာ သက်တမ်းရှိ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးမှုသည် အလုပ်ရှင်နှင့် အလုပ်သမားများ အတွက် ထိုင်း အလုပ်သမား ဥပဒေနှင့် အညီ တရားဝင် ဖြစ်စေ သောကြောင့် ပူးပေါင်း ပါဝင်ကြရန် ထိုင်းအလုပ်သမား ၀န်ကြီးဌာနက ပြောကြားသည်။
ထိုင်းအလုပ်သမား ၀န်ကြီးဌာန လက်အောက်ခံ အလုပ်သမား ရှာဖွေရေး ဌာနမှ ဒုတိယ ညွှန်ကြားရေမှူးချုပ် နိုင်ဆူဖတ် ကုခွမ်က ယာယီ နိုင်ငံကူး လက်မှတ် ထုတ်ပေးမှု အနေအထားများနှင့် ပတ်သက်၍ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများနှင့် လုပ်ငန်းရှင်များကို မဲဆောက်မြို့၌ ရှင်းလင်းပွဲတရပ် ယနေ့ ပြုလုပ် ပြောကြားခြင်း ဖြစ်သည်။
အဆိုပါ ရှင်းလင်းပွဲတွင် နိုင်ဆူဖတ် ကုခွမ်က “တရားဝင် ဗီဇာ လက်မှတ် ရှိတဲ့ အတွက် ထိုင်း တနိုင်ငံလုံးကို သွားလို့ ရတယ်။ ဒါပေမယ့် အလုပ် ပြောင်းခွင့်တော့ မရှိဘူး။ အလုပ်မလုပ်ဘဲ လျှောက်သွား နေမယ် ဆိုရင် အဲဒီ အလုပ်သမားရဲ့ ယာယီ နိုင်ငံကူး လက်မှတ်ကို အလုပ်ရှင်က ရုပ်သိမ်း လိုက်ရင် အလိုအလျှောက် ပျက်ပြယ် ပြီးသား ဖြစ်သွားမှာ ဖြစ်တယ်” ဟု ပြောသည်။

သို့သော် မဖြစ်မနေ အလုပ်ပြောင်းရမည် ဆိုပါက ပထမ အလုပ်ရှင်ထံမှ ကျေနပ်လွှဲပြောင်းမှု ရရှိပြီးမှသာလျှင် အဆိုပါ အလုပ်သမားကို ဒုတိယ အလုပ်ရှင်က လက်ခံနိုင်မည်ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
ထိုင်းနိုင်ငံတွင် အလုပ်သမား မှတ်ပုံတင်ထားသည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမား (၁) သန်းခန့် ရှိသော်လည်း မြန်မာ နိုင်ငံမှ ထုတ်ပေးသည့် ယာယီ နိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူများမှာ (၄) ထောင် ကျော်သာ ရှိသေးသည်။
(၅) လ အတွင်း ယာယီ နိုင်ငံကူး လက်မှတ် ထုတ်ပေးမှု (၄) ထောင် ကျော်သာ ရှိသဖြင့် မြန်မာဘက်က လုပ်ငန်း ဆောင်ရွက်မှု နှေးကွေး မှုကြောင့်ဟု ထိုင်းဘက်က ဆိုသော်လည်း ယခု ကဲ့သို့ ဖြစ်ရခြင်းမှာ ထိုင်းရှိ မြန်မာ အလုပ်သမားများနှင့် အလုပ်ရှင်တို့၏ ပူးပေါင်းပါဝင်မှု မရှိခြင်းကြောင့် ဖြစ်သည်ဟု မြန်မာဘက်က ပြောဆိုသည်။
တာ့ခရိုင် အလုပ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် လူမှုဖူလုံရေး ဌာန ညွှန်ကြားရေးမှူး နိုင်ဖိဆုမ်ဆုံဝမ်န၀မ်နိက “ထိုင်းနိုင်ငံရဲ့ အလုပ်သမား လိုအပ်ချက်က အတော့်ကိုများတယ်။ ထိုင်းမှာ ရွှေ့ပြောင်း အလုပ်သမား တွေသာ မရှိရင် ဘယ်လိုမှ လုပ်ငန်း လည်ပတ်လို့ ရမှာမဟုတ်ဘူး” ဟု ဒေသခံ သတင်းထောက် များကို မဲဆောက်တွင် ကျင်းပခဲ့သည့် နိုင်ငံတကာ ရွှေ့ပြောင်း အလုပ်သမားနေ့တွင် ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံတွင် တရားဝင် မှတ်ပုံတင် ထားသည့် နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမား (၁၁) သိန်းရှိရာ မြန်မာ အလုပ်သမားမှာ (၁၀) သိန်းခန့် ရှိသည်။ လာမည့် ၂၀၁၀ ခု ဖေဖေါ်ဝါရီ လကုန် မတိုင်မီ ယာယီ နိုင်ငံကူး လက်မှတ် ပြုလုပ်ရန် နောက်ဆုံးရက် သတ်မှတ်ထားပြီး သတ်မှတ်ရက် ကျော်လွန် နေထိုင်သူများကို ဖမ်းဆီးပြီး နေရင်း ဒေသ ပြန်ပို့မည်ဟု ကြေညာထားသည်။
ထိုင်းအလုပ်သမား ၀န်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ နိုင်ဖောင်း စာဖလန်းစိုင်ကမူ သတ်မှတ် ကာလ အတွင်း မပြီးစီးနိုင် သဖြင့် လက်မှတ် လုပ်ပေးမှုကို ရက်တိုး ပေးရန် ရှိသဖြင့် အဖမ်းအဆီး ကိစ္စနှင့် ပတ်သက်၍ အလုပ်သမားများ စိုးရိမ်စရာ မလိုတော့ကြောင်း ယခုလ (၂၀) ရက်တွင် ပြောကြားခဲ့သည်။
source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment