12/24/2009

ချင်းမိုင်သို့ အဲပုဂံ ဧပြီလအထိသာ ပြေးဆွဲမည်

တက်လူ | အဲပုဂံ လေကြောင်းလိုင်းမှ ပြည်ပ ခရီးစဉ် အဖြစ် ရန်ကုန်မှ ထိုင်းနိုင်ငံ၊ ချင်းမိုင်သို့ တိုးချဲ့ ပြေးဆွဲမည့် ခရီးစဉ်ကို ယာယီကာလ အဖြစ်သာ သတ်မှတ်ပြေးဆွဲမည်ဟု သိရသည်။

အဆိုပါ ခရီးစဉ်ကို လာမည့် ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီ (၇) ရက်နေ့မှ ဧပြီ (၂၉) ရက်အထိသာ ပျံသန်းမည် ဖြစ်ကြောင်း အဲပုဂံ လေကြောင်းလိုင်းမှ တာဝန်ရှိသူ တဦးက ပြောသည်။

ခရီးစဉ် စတင် ပျံသန်းမည့် ဇန်န၀ါရီ (၇) ရက် တရက်တည်း အတွက် ပရိုမိုရှင်းရှိပြီး လက်မှတ်ဈေးနှုန်းများကို (၃) မျိုး သတ်မှတ် ထားကြောင်း၊ စတင်ဝယ်သည့်နေ့မှ (၁၄) ရက်ကာလအတွက် အသွားအပြန် (၂၁၇) ဒေါ်လာ၊ (၁) လ အတွက် (၂၂၅) ဒေါ်လာ နှင့် (၃) လအတွက် (၂၅၀) ဒေါ်လာ သတ်မှတ်ထားကြောင်း အဆိုပါ တာဝန် ရှိသူက ပြောသည်။

ခရီးစဉ် စတင် ပြေးဆွဲမည့် နေ့တွင် ချင်းမိုင်သို့ သွားမည့် သူများအား အဲပုဂံ လေကြောင်းလိုင်းက ခရီးစဉ် စတင်သည့် အထိမ်းအမှတ် အဖြစ် မေတ္တာဖြင့် ပရိုမိုရှင်းပေးမည်ဖြစ်ကြောင်း လေယာဉ် လက်မှတ် အရောင်း ၀န်ထမ်း တဦးက ပြောသည်။

သို့သော် ယခုနှစ် ခရီးသွား ရာသီ အတွက်သာ အဲပုဂံက အဆိုပါ ခရီးစဉ်ကို စမ်းသပ် ပျံသန်းခြင်းဖြစ်ပြီး နောင်နှစ် ခရီးသွား ရာသီ အတွက် မသေချာကြောင်း ယင်းလေကြောင်းလိုင်းမှ တာဝန်ရှိသူက ပြောသည်။

၎င်းက “လေကြောင်းလိုင်း တခု ပြေးဆွဲတယ် ဆိုတာက ဈေးကွက် လိုအပ်ချက်ကြောင့် ဖြစ်တယ်။ ချင်းမိုင်ကို ရန်ကုန်က သွားတဲ့သူတွေ အများကြီး ဖြစ်လာတယ်။ သူတို့က ဘန်ကောက်ကို တဆင့် သွားရတဲ့ အတွက် ငွေကြေးနဲ့ အချိန်တွေ ကုန်တယ်။ ဒီလိုအပ်ချက်အရ ကျနော်တို့လေကြောင်းလိုင်းက ပျံသန်းတာဖြစ်တယ်။ ဒါပေမယ့် ဒီခရီးသွား တရာသီတည်းပဲ ဖြစ်တယ်။ နောက် ဆက်ပြေး မလား၊ မပြေးဘူးလား ဆိုတာ ကျနော်တို့ ပြောဖို့ စောနေသေးတယ်” ဟု ပြောသည်။

လက်မှတ်များကို ဇန်န၀ါရီ (၁၀) ရက်မှ စတင်ပြီး ရန်ကုန်တွင် ကိုလံဘတ်စ် လေယာဉ် လက်မှတ် အရောင်း အေးဂျင့်နှင့် ဆန်းဖား အရောင်းအေးဂျင့် (၂) ခုတွင် ၀ယ်ယူနိုင်ကြောင်း လေယာဉ်လက်မှတ် အရောင်းဌာနမှ ၀န်ထမ်းက ပြောသည်။

“လူဦးရေ (၁၀၅) ဦး ဒါမှမဟုတ် (၉၇) ဦး စီးနိုင်တဲ့ Fokker 100 လေယာဉ်အမျိုးအစားနဲ့ တပတ်မှာ ကြာသပတေးနဲ့ တနင်္ဂနွေ နှစ်ရက်ပြေးဆွဲမှာ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

အဲပုဂံ လေကြောင်းလိုင်းသည် ယခုနှစ် ခရီးသွား ရာသီတွင် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ သွားရောက် လည်ပတ်ရန် စိတ်ဝင်စားသူ များလာသည့် အတွက် အဆိုပါ အခွင့်အရေးကို အမိအရ ဆုပ်ကိုင် ခဲ့သော်လည်း ပြေးဆွဲမည့် ကာလမှာ ရေရှည်မဟုတ်ဘဲ စမ်းသပ်ခြင်းဖြစ်၍ ခရီးသွားလုပ်ငန်းအပေါ် စေတနာဖြင့် ဆောင်ရွက်ခြင်း မဟုတ်နိုင်ကြောင်း ခရီးသွား ကုမ္ပဏီ အချို့က ဝေဖန်သည်။

မြန်မာနိုင်ငံမှ ချင်းမိုင်သို့ အလည်ခရီး လာရောက် သူများသာမက စီးပွားရေး သမားများ၊ ကျောင်းသူ ကျောင်းသားများ၊ ရဟန်း သံဃာများလည်း သွားနေကြပြီး ၎င်းတို့အနေဖြင့် ချင်းမိုင်သို့ သွားရန် ဘန်ကောက်ကို ဦးစွာ သွားရသည့် အတွက် အချိန်နှင့် ငွေကြေး ပိုမိုသုံးစွဲ နေရမှုမှ ကင်းဝေးသွားမည်ဖြစ်ကြောင်း ချင်းမိုင်သို့ အမြဲသွား နေသည့် ရန်ကုန်မြို့ခံ တဦးက ပြောသည်။

အဲပုဂံ လေကြောင်းလိုင်းသည် ပြည်တွင်း ခရီးစဉ်များသာမက ပြည်ပ ခရီးစဉ်များ အဖြစ် ကူမင်း၊ ကိုရီးယား၊ စင်ကာပူ နိုင်ငံတို့သို့ ပြေးဆွဲနေကြောင်း ၎င်း၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ချင်းမိုင်မြို့သို့ ယခင်က အဲမန္တလေး (Air Mandalay) လေကြောင်းလိုင်း ပြေးဆွဲ ခဲ့ဖူးကြောင်း၊ ယင်း လေကြောင်း လိုင်းသည် ၂၀၀၈ ခု၊ စက်တင်ဘာတွင် ရန်ကုန်-ချင်းမိုင် ခရီးစဉ်ကို ရပ်နားခဲ့ရကြောင်း၊ ထိုအချိန်က ခရီးသွားလုပ်ငန်း စီးပွားရေး ကျဆင်းခဲ့ရုံမျှမက ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကာလနှင့်လည်း ကြုံတွေ့ နေရခြင်းကြောင့် ဖြစ်ကြောင်း ပို့ဆောင်ရေး ဌာနမှ အရာထမ်း တဦးက ပြောသည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: