12/24/2009

စစ်အစိုးရ အပေါ် အမေရိကန် အစိုးရက ပြင်းထန်သည့် ဖိအားပေးနိုင်

အာအက်အေ | မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရရဲ့ တိုက်တွန်း ချက်တွေကို မြန်မာစစ် အစိုးရ အနေနဲ့ မလုပ်ဆောင်ဘူးဆိုရင် သမတ အိုဘားမား အစိုးရအနေနဲ့ ပြင်းထန်တဲ့ ဖိအားပေးမှုတခု ဆောင်ရွက်နိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။

အမေရိကန် သမ္မတ ဘာရက် အိုဘားမား။ (Photo: AFP)

အဲဒီ ဖိအား ပေးမှုကတော့ မြန်မာ စစ်အစိုးရ ရရှိမဲ့ သဘာဝ ဓာတ်ငွေ့ ရောင်းရငွေတွေကို နိုင်ငံတကာ ဘဏ်တွေ ကနေ ထုတ်ယူ လွှဲပြောင်းလို့ မရအောင် ချုပ်ကိုင်မဲ့ နည်းလမ်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေး ဌာနကို RFA က ဆက်သွယ် မေးမြန်းတဲ့ အခါမှာ သူတို့ အစိုးရ အနေနဲ့ ဒီလိုထပ်ပြီး အရေးယူမဲ့ စဉ်းစားချက်မျိုး ရှိတယ်၊ အခုတော့ စောင့်ကြည့် နေတယ်လို့ အတည်ပြု ပြောဆိုပါတယ်။

ဘဏ်တွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက မြန်မာ စစ်ခေါင်းဆောင်တွေ အပေါ် ဒီလို အရေးယူ ဆောင်ရွက်မှုမျိုး သမတအိုဘားမားကို လုပ်စေချင်တဲ့ အပေါ် အထက် လွှတ်တော်ကလည်း အစိုးရအဖွဲ့ကို လုပ်ပိုင်ခွင့် ပြုထားပြီးပြီးလို့ ဆိုပါတယ်။

ဒီအစီအစဉ်တွေ အမေရိကန် အစိုးရမှာ ရှိပြီးသား ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စု အခြေစိုက် US Campaign for Burma အဖွဲ့ရဲ့ မူဝါဒရေးရာ ညွှန်ကြားရေးမှူး ဦးအောင်ဒင်က အခုလိုပြောပါတယ်။

ဦးအောင်ဒင်။ ။ “ဒီ တိုက်ရိုက်ဆက်ဆံ ဆွေးနွေးမှုတွေက အောင်မြင်မှု မရခဲ့ဘူး၊ နအဖ စစ်အုပ်စုရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ပိုပြီးတော့ ပြင်းထန် လာမယ် ဆိုလို့ရှိရင် ဒီလက်ရှိ စီးပွားရေး ပိတ်ဆို့မှုတွေ ကိုပဲ ခိုင်မာ အားကောင်းအောင် လုပ်ဖို့ဆိုတာ စီမံချက် ရှိပါတယ်။ အဲဒီ အဓိက စီမံချက်ကတော့ ဒီ ဘဏ္ဍာရေး ဝန်ကြီးဌာန အနေနဲ့ ဆက်ပြီးတော့ ဒီ နအဖရဲ့ အလိုတော်ရိ စီးပွားရေး သမားတွေကို ဆက်ပြီးတော့ ရှာဖွေ ဖော်ထုတ်နေတယ်၊ သူတို့ရဲ့ ပြည်ပမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ပြည်ပမှာ အပ်နှံထားတဲ့ ငွေကြေး၊ ဘယ်နိုင်ငံခြား ဘဏ်တွေမှာ ဘယ်လောက် ငွေကြေး ပမာဏကို ဘယ်လို account နဲ့ အပ်နှံထားတယ် ဆိုတာကို ဆက်ပြီးတော့ စုံစမ်း ဖော်ထုတ် နေဆဲပါ။ တချိန်မှာ တကယ်လို့ တွေ့ဆုံေ ဆွးနွေးမှုတွေ အောင်မြင်မှု၊ တိုးတက်မှု မရှိဘူးဆိုလို့ရှိရင်တော့ လိုအပ်သလို ဆက်ပြီး အရေးယူဖို့ အစီအစဉ် ရှိပါတယ်။”

အမေရိကန် အစိုးရက မြန်မာ စစ်ခေါင်းဆောင် တွေနဲ့ တိုက်ရိုက် ဆက်ဆံ ညှိနှိုင်းခဲ့သလို စစ်အစိုးရ အနေနဲ့ လိုက်လျောမှုတွေ လုပ်လာဖို့ အချိန်ပေးလိုတယ် ဆိုတာလည်း ပြသထားတယ်လို့ ဆိုပါတယ်။

မြန်မာစစ် အစိုးရကို နိုင်ငံတကာနဲ့ စီးပွားရေး ဆက်ဆံမှုမှာ ဘဏ်စနစ်နဲ့ပတ်သက်ပြီး အရေးယူ ပိတ်ဆို့တဲ့ ကိစ္စဟာ အချိန် ကြာမြင့်တတ် သလို တန်ဖိုးကြီးကြီးလည်း ပေးရတတ်ပြီး၊ အမေရိကန် အစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒမှာ အာဖဂန်နဲ့ အီရန် အရေးကို ဦးစားပေးနေရတဲ့ အတွက် မြန်မာ့ အရေးကတော့ ထိပ်ဆုံးမှာ ရှိမနေဘူးလို့ ဆိုပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် အမေရိကန် ဘဏ္ဍာရေး ဌာနကတော့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးမှာ စစ်အစိုးရက ကိုယ့်ပြည်သူကို အကြမ်းဖက် သတ်ဖြတ် ဖြိုခွင်းခဲ့တာနဲ့ ပတ်သက်ပြီး စစ်အစိုးရနဲ့ တိုက်ရိုက် ပတ်သက်သူ စီးပွားရေးသမား အယောက် ၄၀ နဲ့ သူတို့နဲ့ အပေါင်းပါ ၄၄ ဦးကို အရေးယူ ပိတ်ဆို့ ထားသလို ၂၀၀၈ ခုနှစ်မှာလည်း ဘဏ် စနစ်ဆိုင်ရာ အရေးယူ ပိတ်ဆို့မှု ဥပဒေ ထပ်မံ သက်တမ်းတိုးထားပါတယ်။

source by : RFA

0 ယောက်ရဲ့ထင်မြင်ချက်: