12/23/2009

ပြည်တွင်းဖြစ် ဂျစ်ကားထုတ်လုပ်မှု ရပ်ဆိုင်း

စိုးမိုး | ကားပစ္စည်း တင်သွင်းခွင့် (၅) ဆ တိုးပေးသည့်တိုင် ပြည်တွင်း တပ်ဆင် ကားထုတ်လုပ်ရေး လုပ်ငန်းများ ဈေးကွက် မရှိသည့် အတွက် ဂျစ်ကားတပ်ဆင်ထုတ်လုပ်မှု လုပ်ငန်းအများစုကို ရပ်ဆိုင်းလိုက်သည်။

ယခု ဘဏ္ဍာနှစ်တွင် ကားပစ္စည်း တင်သွင်းခွင့်ကို ယခင်နှစ်ထက် (၅) ဆ ပိုတိုး ခွင့်ပြုထားပြီး စက်မှုဇုန် အလိုက် တင်သွင်းခွင့် ပြုလိုက် သော်လည်း ဂျစ်ကား တပ်ဆင်ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။

“အော်ဒါမှာမှပဲ ဂျစ်ကား ထုတ်တော့တယ်။ အော်ဒါ မမှာရင် ထုတ်ကို မထုတ်တော့တာ။ အခု ထုတ်တာက light truck ပိုများတယ်။ ဂျစ်ဈေးကွက်က ပျောက်သွားပါပြီ” ဟု မန္တလေး စက်မှုဇုန် ကားထုတ်လုပ်ရေး လုပ်ငန်းရှင်က ပြောသည်။

ကာလ ပေါက်ဈေး သိန်း (၆၀) ခန့်ရှိပြီး ထုတ်လုပ်မှု ကုန်ကျစရိတ် သိန်း (၆၀) ကျော်နေသည့် ဂျစ်ကားထက် ကုန်ပစ္စည်း သယ်ဆောင် နိုင်သည့် ထရပ်ကား ထုတ်လုပ်မှုကို ဇောင်းပေး လုပ်ဆောင် လာရကြောင်း သိရသည်။

လိုက်ဖ်ထရပ် အရောင်းအ၀ယ် ကလည်း အေးနေသည့် အတွက် ပြည်တွင်းတပ်ဆင် ကားထုတ်လုပ်ရေး လုပ်ငန်းများ အခြေအနေ စောင့်ကြည့် နေရဆဲ အနေအထားတွင်သာ ရှိနေသည်။

“ကားထုတ်လုပ်ရေး (၂) ခုလောက် လုံးဝနားသွားပြီ။ အခုကတော့ ရှိတဲ့ အလုပ်လေးလုပ်ပြီး မြောလိုက် နေရတာ။ အခြေအနေ ကြည့်ပြီး ရပ်ချင်ရပ်သွားမှာ” ဟု မန္တလေးမြို့ခံ ကားထုတ်လုပ်ရေး လုပ်ငန်းရှင်က ပြောသည်။

ပြည်တွင်း တပ်ဆင် ကားထုတ်လုပ်ရေး လုပ်ငန်းများ ရပ်နားရပါက နိုင်ငံတ၀ှမ်း ကားထုတ်လုပ်ရေး လုပ်ငန်းများမှ သောင်းနှင့်ချီ ရှိသည့် အလုပ်သမားများ အလုပ်လက်မဲ့ ဖြစ်မည်ကို စိုးရိမ်မှုများ ရှိလာနေသည်။

ကားထုတ်လုပ်ရေး လုပ်ငန်းများမှ လုပ်သားများသည် စားဝတ်နေရေးအပြင် လုပ်ငန်းလည်ပတ်နိုင်ရေးအတွက် အဓိကထား လုပ်ကိုင် နေရသော်လည်း ကားထုတ်လုပ်ရေးထက် တင်သွင်းခွင့် ရထားသည့် ကားပစ္စည်းများ ရောင်းချ ရခြင်းက အကျိုးအမြတ် ပိုရှိကြောင်း သိရသည်။

“အဓိကက အလုပ်သမားတွေ ပြဿနာ ဖြစ်တာပေါ့။ ကျနော် တို့ကတော့ အလုပ်သမားတွေ ထမင်းအိုးက ရှိသေးတယ်လေ။ အဆင်ပြေအောင်တော့ လုပ်နေရတာပဲ။ အခြေအနေတော့ မကောင်းလှဘူး” ဟု မန္တလေး စက်မှုဇုန် အမှုဆောင်က ပြောသည်။

ပြည်တွင်း တပ်ဆင် ကားထုတ်လုပ်ရေး လုပ်ငန်းများတွင် ပြည်ပမှ အင်ဂျင်အပါအ၀င် စက်ပစ္စည်းအားလုံး တင်သွင်းရပြီး ပြည်တွင်းတွင် ဘော်ဒီတခုကိုသာ ပြုလုပ်ခြင်းဖြစ်သည်။

စစ်အစိုးရက ၂၀၀၁ ခုနှစ်ခန့်ကစပြီး ပြည်ပမှ ကားပစ္စည်းများ တင်သွင်းကာ ပြည်တွင်း တပ်ဆင် ထုတ်လုပ်ခဲ့သည့် ပြည်တွင်းထုတ် ကားဈေးကွက်မှာ ၂၀၀၇-၂၀၀၈ ခုနှစ်တွင် အစိုးရက စက်သုံးဆီဈေး တိုးမြှင့် လိုက်ပြီးနောက် ၀ယ်လိုအား လျော့ကျသွားပြီး ဈေးကွက်ပျက်သွားသည်။

“ပြည်တွင်းထုတ်က ကောင်းလွန်းလို့ မဟုတ်ဘူး။ ငွေပိုတဲ့သူက သိန်း (၆၀) လောက်နဲ့ ကားလေးဝယ်ထားပြီး ဆီထုတ် ရောင်းမယ် ဆိုတာမျိုးတွေးခဲ့ လုပ်ခဲ့ကြတာ။ အစိုးရက ဆီမပေးတော့ အရောင်းအ၀ယ် မဖြစ်တော့တာ” ဟု မန္တလေးမြို့ခံ ကားထုတ်လုပ်ရေး လုပ်ငန်းရှင်က ပြောသည်။

ယင်းသို့ ကားဈေးကွက် ပျက်ပြီးနောက် အရှုံးပေါ်လာသည့် ကားထုတ်လုပ်ရေး လုပ်ငန်းကို ၂၀၀၈- ၂၀၀၉ ခုနှစ်တွင် ထုတ်လုပ်သည့် ကား အရေအတွက်ကို စစ်အစိုးရက ကြပ်မတ်ပြီး လျှော့ချစေခဲ့သည်။

ကားပစ္စည်း တင်သွင်းခွင့်ကိုလည်း ယမန်နှစ်က ရန်ကုန် အခြေစိုက် ကုမ္ပဏီများကိုသာ ခွင့်ပြုခဲ့သည့်အတွက် စက်မှုဇုန် လုပ်ငန်းရှင် များကြား မကျေနပ်မှုများ ဖြစ်ပေါ်ပြီး နောက်ပိုင်း ယခုနှစ်တွင် စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းက ကားပစ္စည်း တင်သွင်းခွင့်ကို စက်မှုဇုန် အလိုက် တင်သွင်းရန် ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: