12/23/2009

မတရားမှု ဖော်ထုတ်မည့် သတင်း မှန်များ စိစစ်ရေးက ပိတ်ပင်

အောင်သက်ဝိုင်း | နိုင်ငံတွင်း လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး များနှင့် ပတ်သက်၍ မတရား အနိုင်ကျင့် ဗိုလ်ကျ ခံရမှုများကို ဖော်ထုတ် ရေးသားထားသည့် လူထုနှင့် ဆက်နွှယ်သော သတင်းမှန်များကို မြန်မာနိုင်ငံ စာပေ စိစစ်ရေးနှင့် မှတ်ပုံတင်ဌာ၏ အရေးပေါ် ညွှန်ကြားချက်ဖြင့် ပိတ်ပင်လျက် ရှိကြောင်း သိရသည်။

ပြည်သူများ အကြားတွင် ရိုက်ခတ်မှု ရှိပြီး အစိုးရ၏ လွဲချော် ဖိနှိပ်မှုများကို ထင်ရှား ပေါ်လွင်စေသည့် လူထုနှင့် ဆက်နွှယ်သော သတင်းများကို ပိတ်ပင်မှုများ ရှိနေသည်မှာ မှန်ကန်ကြောင်း အမည်မဖော်လိုသူ စာစစ်မှူး တဦးက အတည်ပြု ပြောဆိုသည်။

အသက် ၁၅ နှစ်အရွယ် ၉ တန်းကျောင်းသူ မခိုင်ရွှန်းလဲ့ရည် မှားယွင်းခွဲစိတ် ကုသမှုကြောင့် သေဆုံးသွားသည် ဆိုသော သတင်းကို ပြည်တွင်း မီဒီယာများက ဖော်ပြခဲ့ကြရာ ပြည်သူ လူထုအကြား အုတ်အော် သောင်းနင်း ဖြစ်သွား ရသည့် အတွက် ခွဲစိတ် ကုသသူ ဆရာ ၀န်ကြီးနှင့် ဆေးခန်းကို အာဏာပိုင်များက အရေးယူသည် အထိ ဖြစ်ခဲ့ ရသည်။

အဆိုပါ ကိစ္စများ ဖြစ်ပွားပြီး နောက်တွင် သတင်းမီဒီယာများအပေါ် လူထု၏ ယုံကြည်ကိုးစားမှု ပိုမိုရရှိလာခဲ့ပြီး ပြည်သူလူထုက ၎င်းတို့ နေ့စဉ် ကြုံတွေ့ နေရသည့် ဒုက္ခ အခက်အခဲများ၊ မမျှတမှု၊ မတရားမှုများကို သတင်း ဂျာနယ်များသို့ ဆက်သွယ် အကြောင်းကြားကာ အကူအညီ တောင်းခံမှုများ ပိုမို များပြား လာသည်ဟု ရန်ကုန် အခြေစိုက် သတင်း လောကမှ သိရသည်။

“ပုဂ္ဂလိက ဆေးခန်းကြီးတွေနဲ့ အစိုးရ ဆေးရုံတွေမှာ ဆရာဝန်တချို့ မှားယွင်းဆေးကုသတာတွေ၊ ငွေမျက်နှာ တခုတည်းကို ကြည့်ပြီး ဂရုမစိုက်တဲ့ အတွက် လူနာသေဆုံးတာ၊ နစ်နာသွားတာမျိုး ကြုံရတဲ့ မိသားစုတွေက ဂျာနယ်တွေကို ဆက်သွယ် အကူအညီ တောင်းပြီး အမှန်တရားကို ဖော်ထုတ် ပေးဖို့ မေတ္တာရပ်ခံကြတယ်” ဟု အမှုဆောင် အယ်ဒီတာ တဦးက ပြောသည်။

ကျန်းမာရေး ဆိုင်ရာ မတရားမှုများ အပြင် အလုပ်ရှင်၏ ဖိနှိပ်မှုကြောင့် အခက်အခဲများ ကြုံတွေ့ရသော အလုပ်သမား သတင်းများကိုလည်း စာပေစိစစ်ရေးက ပြင်းထန်စွာသတိပေး ပိတ်ပင်မှုများရှိလာသည်ဟု သိရသည်။

“ဒီဇင်ဘာလ ၁၇ ရက်နေ့က လှိုင်သာယာစက်မှုဇုန် ၃ က Weng Hong Hung အထည်ချုပ် စက်ရုံမှာ အလုပ်သမားတွေ ဆန္ဒပြတဲ့ သတင်းကို ဂျာနယ်တွေက ဖော်ပြဖို့ စိစစ်ရေး တင်တယ်။ ဒါပေမယ့် စိစစ်ရေးက ဒီသတင်းတွေကို မဖော်ပြဖို့ သတိပေး ပိတ်ပင် တယ်” ဟု အကြီးတန်း အယ်ဒီတာတဦးက ဆိုသည်။

ထို့အပြင် ရန်ကုန်မြို့တွင် အိမ်ဖော် အလုပ်လုပ်နေစဉ် အိမ်ရှင်၏ အနိုင်ကျင့်နှိပ်စက်မှုနှင့် လူမဆန်စွာ ခန္တာကိုယ် တခုလုံးကို ဓားဖြင့် မွှန်းခဲ့သောကြောင့် ဆေးရုံတင် လိုက်ရသော ဘိုကလေး မြို့နယ်၊ မြင်းကကုန်း ကျေးရွာမှ အသက် ၂၀ ကျော် အရွယ် မအိအိသန်း ဆိုသော အိမ်ဖော် မိန်းကလေး အကြောင်းလည်း သတင်း ဂျာနယ် အများစုတွင် ဖော်ပြခွင့် မရဟု သိရှိရသည်။

ပြည်သူ တချို့၏ အခက်အခဲ ဒုက္ခများကို ဂျာနယ်များက ဖော်ထုတ် ရေးသားရင်း နောက်ဆုံးတွင် အာဏာရှင် စစ်အစိုးရ၏ မှားယွင်းသော မူဝါဒကို ထောက်ပြ ရေးသားခြင်း၊ လူထုအတွင်း မတရားမှုကို မခံချင်သော စိတ်များမှသည် အစိုးရကို တော်လှန် လိုသည် အထိ စိတ်ဓာတ်များ နိုးကြားလာခြင်းတို့ ဖြစ်ပေါ်မည်ကို စိုးရိမ်၍ အာဏာပိုင်များက ထိုသို့သော လူထု သတင်းများကို ပိတ်ပင်ခြင်း ဖြစ်သည်ဟု စာနယ်ဇင်း လောကသားများက သုံးသပ်သည်။

“အာဏာရှင်ဆိုတာက မီဒီယာကို ကြောက်တယ်။ မီဒီယာ ဆိုတာကလည်း သမိုင်းအဆက်ဆက် လူထုဘက်က ရပ်တည် ခဲ့တာချည်းပဲ။ ဘယ်လိုပုံစံမျိုးနဲ့ပဲ မီဒီယာတွေ ထွက်ပေါ် လာခဲ့ပါစေ၊ နောက်ဆုံး စစ်မှန်တဲ့ မီဒီယာတွေက ပြည်သူတွေ အရေးကိုပဲ ဦးတည် သွားတယ်။ ဒီအချိန်မှာ မီဒီယာတွေ အားလုံး ပြည်သူတွေရဲ့ တမျက်နှာကိုပဲ ကြည့်ပြီး စည်းလုံးကြပါ” ဟု ၀ါရင့် သတင်းစာ ဆရာကြီးတဦးက တိုက်တွန်းပြောဆိုသည်။

စစ်အစိုးရက ၂၀၁၀ ပြည့်နှစ်တွင် လွတ်လပ် မျှတသော ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပ ပေးမည်ဟု ပြောဆို ထားသော်လည်း ယခု အချိန်အထိ ပြည်တွင်း သတင်း မီဒီယာများကို သတင်း လွတ်လပ်ခွင့် မပေးဘဲ ထိန်းချုပ်မှုများ ပိုမို တင်းကျပ် လာသောကြောင့် ၂၀၁၀ ရွေးကောက်ပွဲ ကာလတွင် စာနယ်ဇင်း လွတ်လပ်ခွင့် လုံးဝ မရှိနိုင်ကြောင်း ပြည်တွင်း သတင်းသမား များက သုံးသပ်သည်။

source by : ဧရာဝတီ

0 ယောက်ရဲ့ထင်မြင်ချက်: