ဘတ်စ်ကားတို့တွင် ထိုင်ခုံမရှိ၍ ပြည်သူများ အခက်အခဲဖြစ်
အောင်ကျော်မိုး | ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ဘတ်စ်ကား တို့တွင် ထိုင်ခုံများ စနစ်တကျ တပ်ဆင်ရန် အာဏာပိုင်များက ညွှန်ကြားထားသော်လည်း လိုက်နာခြင်း မရှိသဖြင့် ခရီးသွားပြည်သူများ အခက်အခဲ ဖြစ်နေသည်။
ယုဇန ဥယျာဉ်မြို့တော်မှ ရန်ကုန်မြို့တွင်းသို့ နေ့စဉ် အလုပ်ဆင်းသူ ပုဂ္ဂလိက ကုမ္ပဏီ ဝန်ထမ်းတဦးက “ကျမ (၆၂) ဘတ်စ်ကားကြီးနဲ့ နေ့စဉ် မြို့ထဲကို လာရတယ်။ ကားတိုင်းလိုလို လူများများ တင်နိုင်အောင် ခုံတွေ အကုန်လုံး ဖြုတ်ထားကြတယ်။ ဘေးနှစ်ဘက်မှာပဲ သစ်သားတန်းလေး ရိုက်ထားတာ ရှိတယ်။ ကားကို နာရီဝက်ကျော်ကျော် မတ်တပ်ရပ်ပြီး နေ့တိုင်းစီးရတော့ အတော်လေး အခက်အခဲဖြစ်တယ်။ ကားကြပ်ရင် ပိုဆိုးတယ်။ အနံ့အသက်လည်း မကောင်း၊ အသက်ရှူလည်းမဝ၊ မတ်တပ်ကလည်း ရပ်ရနဲ့” ဟု ပြောသည်။
ကျပ် (၂ဝဝ-၃ဝဝ) ပေးရသည့် အထူးကားများ ပြေးဆွဲ နေသော်လည်း အဲကွန်း မပါခြင်း၊ ခုံများကို ဒူးလွတ်အောင် မတတ်ဆင်ဘဲ လူများများ ဆံ့ရန် ခုံနေရာ ပြုပြင်ထားခြင်း၊ ရပ်စီးခရီးသည်တင်ခြင်း စသည်တို့ကြောင့် စိတ်အေးချမ်းသာ မစီးရဘဲ ဈေးကြီး ပေးရခြင်းသာ အဖတ်တင်ကြောင်း တာမွေ မြို့နယ်တွင် နေထိုင်သူ တဦးက ပြောသည်။

လောလောဆယ် ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် ကားများ အနက် ရိုးရိုး ဘတ်စ်ကားများ အားလုံး လိုလိုသည် အတွင်း ထိုင်ခုံများ ဖြုတ်ပြီး ပြေးဆွဲ နေကြသည်။
အထူးကားများမှာ မူလ နိုင်ငံခြားက တပတ်ရစ်အဖြစ် တင်သွင်းလာစဉ်က ပါလာသည့် ကောင်းမွန်သောထိုင်ခုံများကို ဖြုတ်ပစ်ပြီး လူ (၄၅) ယောက်စာ ထိုင်ခုံနေရာတွင် လူအယောက် (၆ဝ၊ ၇ဝ) တင်နိုင်ရန် ပြန်လည်တပ်ဆင်ကြသည့်အတွက် ကြပ်ညှပ်ပြီး သက်သောင့်သက်သာ စီး၍ မရကြပေ။
ထို့ကြောင့် ရန်ကုန်တိုင်း မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်း ကြီးကြပ်မှု ကော်မတီက ထိုင်ခုံ ဖြုတ်ထားသည့် ဘတ်စ်ကားများ အားလုံး သတ်မှတ်ချက် အတိုင်း ထိုင်ခုံများကို ပြန်လည်တပ်ဆင်ရန် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။
ညွှန်ကြားချက်အရ ဖူဆို၊ နစ်ဆန်း၊ ဒေဝူး၊ ဟွန်ဒိုင်း စသည့် ခရီးသည်တင်ယာဉ်ကြီးများတွင် ခရီးသည် (၄၅) ဦး လိုက်ပါ စီးနင်း နိုင်သည့် ထိုင်ခုံ အရေအတွက် ပါရှိရမည်ဟု သတ်မှတ်ထားသည်။
ရန်ကုန်မြို့တွင် နေစဉ် ခရီးသည် (၃) သန်းခွဲခန့် ခရီး သွားလာ နေကြကြောင်း ဂျပန်နိုင်ငံမှ လာရောက်လေ့လာသည့် အဖွဲ့တခုက ပြောသည်။
“ဒီလောက် များပြားလှတဲ့ ခရီးသည်တွေ အတွက် အသုံးပြု နေတဲ့ ဘတ်စ်ကားတွေဟာ ကမ္ဘာပေါ်မှာ အညံ့ဖျင်းဆုံး ဖြစ်ပြီး စီမံ ခန့်ခွဲမှုကလည်း အလွန်ညံ့ဖျင်းတယ်လို့ မှတ်ချက်ချကြတယ်” ဟု သုတေသနပြုရာတွင် ပါဝင်ကူညီခဲ့သည့် မြန်မာလူမျိုးတဦးက ပြောသည်။
source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment