ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ ဆက်ဆံရေး ၀န်ကြီး ထပ်မံ တွေ့ဆုံ
NEJ | နေအိမ် အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ယနေ့ နေ့လယ်တွင် စိမ်းလဲ့ ကန်သာဧည့်ရိပ်သာ၌ ထပ်မံ တွေ့ဆုံကြောင်း သိရသည်။
တွေ့ဆုံသည့် အကြောင်းအရာ အသေးစိတ်ကို မသိရ သေးသော်လည်း တွေ့ဆုံချိန် မိနစ် (၃၀) ခန့်ကြာမြင့်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပြန်ကြားရေး အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောသည်။
ယနေ့ တွေ့ဆုံမှုသည် ဒုတိယ အကြိမ်ဖြစ်ပြီး ပြီးခဲ့သည့် အောက်တိုဘာ (၃) ရက်ကလည်း ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အဆိုပါ ဧည့်ရိပ်သာတွင် (၄၅) မိနစ်ကြာ တွေ့ဆုံခဲ့သည်။
အဆိုပါ ပထမအကြိမ် တွေ့ဆုံမှုသည် စက်တင်ဘာ (၂၅) ရက်တွင် နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့ထားမှုများ ရုပ်သိမ်း ပယ်ဖျက်ရေး ကိစ္စနှင့် ပတ်သက်ပြီး စာရေးသားပေးပို့ခဲ့ပြီးနောက်ပိုင်း တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
အရေးယူ ပိတ်ဆို့ထားမှုများ ရုပ်သိမ်းရေးကို ထိရောက်စွာ ဆောင်ရွက် နိုင်ရန် အတွက် မြန်မာနိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့ထားမှုများ အားလုံးကို သိရှိ နားလည်စေရေး၊ မြန်မာနိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့ ထားမှုကြောင့် နစ်နာရမှု အတိုင်းအတာကို သိရှိ နားလည်စေရေးနှင့် မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့မှုများ ချမှတ်နေသည့် နိုင်ငံ အစိုးရများ၏ သဘောထားကို သိရှိ နားလည်စေရေးကို ဦးစွာဆောင်ရွက်ရန် လိုအပ်သည်ဟု အဆိုပါ ပေးစာတွင် ဖော်ပြထားသည်။

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment