တိုင်းရင်းသား လူမျိုးများကောင်စီ ထုတ်ပြန်ချက် ကေအန်ယူ ကန့်ကွက်
ရဲရင့် | တိုင်းရင်းသား အဖွဲ့များကို လာမည့် ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရန် အတွက် တိုင်းရင်းသား လူမျိုးများ ကောင်စီ (အီးအန်စီ) က ထုတ်ပြန်သည့် တိုက်တွန်းချက်သည် အဖွဲ့၏ သဘောထားမဟုတ်ဘဲ လူတစု၏ သဘောထားသာ ဖြစ်သည်ဟု ကရင် အမျိုးသား အစည်းအရုံး (ကေအန်ယူ) က ပြောသည်။
ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ခြင်းဖြင့် အနာဂတ် မြန်မာ့ နိုင်ငံရေးတွင် တိုင်းရင်းသားများ ပါဝင်ရန် တိုက်တွန်း ထားသည့် စာကို အီးအန်စီ အဖွဲ့က အမေရိကန် အထက် လွှတ်တော် အမတ် ဂျင်ဝက်ဘ်ထံ ယခင်လ (၂၈) ရက်တွင် ပေးပို့ခဲ့ခြင်းနှင့် ပတ်သက်၍ ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒို ဒေးဗစ်သာကပေါ်က ပြောကြားခြင်း ဖြစ်သည်။
၎င်းက “ဒီစာကို ကေအန်ယူက ကန့်ကွက်တယ်၊ ကေအန်ယူ လိုင်းနဲ့လည်း ဆန့်ကျင်တယ်၊ ဒီစာထုတ်တာ အီးအန်စီ အဖွဲ့ရဲ့ သဘောထား မဟုတ်ဘူး၊ လူတဦး၊ နှစ်ဦးရဲ့ သဘောထားပဲ ဖြစ်တယ်။ အန်ဂျီအိုတွေက လုပ်ခိုင်းတဲ့ အတိုင်း လုပ်တဲ့လူအချို့ ရှိတယ်။ အီးအန်စီကို စဖွဲ့တာ နိုင်ငံရေးအဖွဲ့အစည်းအနေနဲ့ ဖွဲ့တာမဟုတ်ဘူး၊ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး ပေါ်ထွန်းရေးနဲ့ တိုင်းရင်းသားအားလုံး စုစည်းတဲ့ ဆုံရပ်ဖြစ်ဖို့ အတွက် ဖွဲ့ခဲ့တာ” ဟု ပြောသည်။

ပြည်ပရောက် တိုင်းရင်းသား ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် အီးအန်စီ အဖွဲ့တွင် ကရင်ပြည်နယ် ကိုယ်စားလှယ်ဟု ခံယူထား သူများသာပါရှိပြီး ကေအန်ယူ အနေဖြင့် ပါဝင်ခြင်းမရှိသည့်အတွက် ယခုဖြစ်ရပ်နှင့်ပတ်သက်၍ တစုံတရာ ဂယက်ရိုက်ခတ်မှု မရှိနိုင်ဟုလည်း ၎င်းကပြောကြားသည်။
အီးအန်စီအဖွဲ့၏ အကြံပေးအဖွဲ့ဝင်တဦးဖြစ်သည့် ဦးခွန်မားကိုဘန်းက “ဒီစာနဲ့ပတ်သက်ပြီး အဖွဲ့က တာဝန်ရှိသူအဆင့်ဆင့်ကို မေးကြည့်တော့ ဘယ်သူမှမသိကြဘူး။ ဖွဲ့စည်းပုံမှာက သဘာပတိအဖွဲ့ဟာ နိုင်ငံရေးဦးတောင်မှုမှာတာဝန်ရှိပြီး အထွေထွေ အတွင်းရေးမှူး အဖွဲ့ဟာ နေ့စဉ်လုပ်ငန်းတာဝန် လုပ်ဆောင်ဖို့ဖြစ်တယ်။ ဒီလို အထွေထွေအတွင်းရေးမှူး လက်မှတ်ထိုးပေးတဲ့စာကို အဖွဲ့ရဲ့ သဘောထား စာလို့ သတ်မှတ်လို့ မရဘူး။ အီးအန်စီဥက္ကဋ္ဌ ခူးထဲဘူးဖဲကလည်း ဒီစာနဲ့ပတ်သက်ပြီး သူဘာမှမသိရဘူးလို့ ပြောပါတယ်” ဟု ပြောသည်။
အဆိုပါစာသည် အဖွဲ့၏သဘောထား အမှန်မဟုတ်ကြောင်း သိရှိရန်နှင့် ယင်းပြဿနာကို ဖြေရှင်းရန် လာမည့် (၃) လပတ် အစည်းအဝေးတွင် အကျေအလည် ဆွေးနွေးမည်ဟု အီးအန်စီ ဥက္ကဋ္ဌ ခူးထဲဘူးဖဲက ပြောသည်။
အီးအန်စီသည် နအဖ၏ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကို လုံးဝ လက်မခံကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲ ကိုလည်း လက်မခံကြောင်း၊ သို့ရာတွင် ၀င်ရောက် အရွေးခံမည့် တိုင်းရင်းသား အဖွဲ့များ၊ ပုဂ္ဂိုလ်များနှင့် ဆန္ဒမဲပေးမည့် ပြည်သူလူထုကို ဆန့်ကျင် တိုက်ခိုက်သွားမည် မဟုတ်ကြောင်း သဘောထား ချမှတ်ထားသည် ဟုလည်း ပြောသည်။
source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment