တိုင်းရင်းသား လူမျိုးများ ကောင်စီ၏ ပေးစာ ပြည်တွင်း တိုင်းရင်းသား ပါတီများနှင့် ဆန့်ကျင်
မင်းနိုင်သူ | တိုင်းရင်းသား လူမျိုးများ ကောင်စီက အမေရိကန် အထက်လွှတ်တော် အမတ် မစ္စတာဂျင်မ်ဝဘ်ထံ ပေးပို့ခဲ့သည့် စာသည် တိုင်းရင်းသား အဖွဲ့အစည်းများကို ကိုယ်စားပြုခြင်း မရှိကြောင်းနှင့် ပြည်တွင်း တိုင်းရင်းသား ပါတီများ၏ ရပ်တည်ချက်နှင့် ကိုက်ညီမှု မရှိကြောင်း ပြည်တွင်း တိုင်းရင်းသား ခေါင်းဆောင် များက ပြောကြားသည်။
၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ဇိုမီး အမျိုးသား ကွန်ဂရက် ပါတီမှ ချင်းတိုင်းရင်းသား ခေါင်းဆောင် တဦးဖြစ်သူ ဦးပူကျင့်ရှင်းထန်က “ကျနော် ပွင့်ပွင့်လင်းလင်း ပြောရရင် တိုင်းရင်းသား လူမျိုးများ ကောင်စီ (အီးအန်စီ) ဆိုတာကလည်း ပြည်ထောင်စု မြန်မာ နိုင်ငံမှာရှိတဲ့ တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုတဲ့ အဖွဲ့မဟုတ်ဘူး။ အဲဒီ အထဲမှာပါတဲ့ လူတွေကလည်း ပြည်တွင်းမှာ လူထုအတွက် အနစ်နာခံပြီး ထောင်ကျခံခဲ့ကြရတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းတာ၊ ဆွေးနွေးတာလည်း မရှိပါဘူး။ ဒီလို ဂျင်မ်ဝဘ်ဆီကို စာရေးတယ် ဘာညာဆိုတာက ရွေးကောက်ပွဲမှာ သူတို့ ပါချင်တဲ့သဘော၊ သူတို့ကိုယ်ရေး အတွက်သာ စည်းရုံးတဲ့ သဘော ဖြစ်တယ်လို့ပဲ ကျနော်တို့ သဘောရပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ (၂၈) ရက်တွင် ထိုင်းနိုင်ငံ အခြေစိုက် တိုင်းရင်းသား လူမျိုးများ ကောင်စီ (အီးအန်စီ) က အမေရိကန် အထက် လွှတ်တော် အမတ် မစ္စတာဂျင်မ်ဝဘ်ထံ ၂၀၁၀ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ စာတစောင် ပေးပို့ခဲ့သည်။
တိုင်းရင်းသား လူမျိုးများကောင်စီ၏ အထွေထွေ အတွင်းရေးမှူး စောဒေးဗစ်ထော လက်မှတ် ရေးထိုးထားသည့် အဆိုပါစာတွင် အမေရိကန် ပြည်ထောင်စု အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲအား ကြိုတင်ဆန့်ကျင်မှုမပြုရန်၊ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ပညာပေးသင်တန်းများ ပို့ချရေးနှင့် ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့များ ဖွဲ့ရေးတို့တွင် အကူအညီ ပေးရန် စသည့် အချက်များကို ထည့်သွင်းရေးသား ဖော်ပြထားသည်။
“အခု ကုလသမဂ္ဂ ကတောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့၊ အားလုံး ပါဝင်နိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ ဆိုပြီးပြောနေတာပဲ။ ကျနော်တို့ ပြည်တွင်းက တိုင်းရင်းသားပါတီတွေနဲ့ အန်အယ်လ်ဒီ ကလည်း ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ပေးဖို့၊ တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ ဒါတွေတောင်းဆိုနေကြတာ။ လောလောဆယ် အားဖြင့် ဒါတွေက အရေးကြီးဆုံးပါပဲ” ဟု ဦးပူကျင့်ရှင်းထန်က ပြောသည်။
၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီများဖြင့် စုဖွဲ့ထားသည့် ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ (စီအာပီပီ) အတွင်းရေးမှူး ဦးအေးသာအောင်ကလည်း ၂၀၁၀ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည် ဖြစ်စေ မမျှတသည် ဖြစ်စေ တိုင်းရင်းသား ပါတီများ အနေဖြင့် ၀င်ရောက် ယှဉ်ပြိုင်မည် မဟုတ်ဟု ပြောဆိုသည်။
“၂၀၁၀ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ နည်းကျ ပြုလုပ်မယ့် ရွေးကောက်ပွဲ မဟုတ်ဘူး။ တိုင်းရင်းသား လူမျိုးတွေ အတွက် အကျိုးရှိစေမယ့် ရွေးကောက်ပွဲမဖြစ်နိုင်ဘူးလို့ မြင်တယ်။ ပထမအချက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးခွန်ထွန်းဦးတို့လို တိုင်းရင်းသား ခေါင်းဆောင်တွေ အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရမယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်လည်သုံးသပ် ပြင်ဆင် ပေးရမယ်။ ဒါတွေ မလုပ်ရင် ရွေးကောက်ပွဲကို မ၀င်ဘူး” ဟု ဦးအေးသာအောင်က ပြောသည်။
အမေရိကန် အထက် လွှတ်တော် အမတ် မစ္စတာ ဂျင်မ်ဝဘ် အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ရခဲ့ခြင်း၊ မစ္စတာ ယက်တောကို ခေါ်ထုတ် သွားနိုင်ခြင်း မျှဖြင့် သူ၏ စွမ်းဆောင်မှု၊ ၂၀၁၀ ရွေးကောက်ပွဲ အပေါ် ပါဝင် ပတ်သက်နိုင်မှုကို အများကြီး မျှော်လင့် ထား၍ မရနိုင်ဟုလည်း ၎င်းက ပြောဆိုသည်။
“အမေရိကန်ကရော မြန်မာပြည် အတွက် ဘာများလုပ်နိုင်မှာလဲ။ ပြည်တွင်းက နိုင်ငံရေးအင်အားစုတွေ မလုပ်ဘဲနဲ့ ဘာမှဖြစ်မလာနိုင်ဘူး။ နောက်ပြီးတော့ ဒီအစိုးရက ပြည်ပကလာပြီး ကြီးကြပ်မယ်၊ စောင့်ကြည့်မယ် ဆိုတာကိုလည်း ဘယ်တုန်းကများ လက်ခံခဲ့ဖူးလို့လဲ။ ပြည်ပကလာပြီး ကြီးကြပ်နေလည်း ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ရင် ၂၀၁၀ ရွေးကောက်ပွဲဟာ တိုင်းပြည် အတွက် အနာဂတ် ကောင်းမယ့် ရွေးကောက်ပွဲ တရပ် ဖြစ်မလာနိုင်ဘူး လို့ဘဲ မြင်တယ်”ဟု ဦးအေးသာအောင်က ပြောသည်။
တိုင်းရင်းသား လူမျိုးများ ကောင်စီ (အီးအန်စီ) ကို ၂၀၀၁ ခုနှစ်မှစ၍ ပြည်ပရောက် တိုင်းရင်းသား ပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် စုဖွဲ့ထားခြင်းဖြစ်ကာ လက်ရှိ ဥက္ကဋ္ဌမှာ ခူးထဲဘူးဖဲ ဖြစ်သည်။
source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment