10/13/2009

စစ်တွေ ရထား စီးသူနည်းပါး

ဘစောတင် | ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်တော်သာ ဘူတာနှင့် ရေချမ်းပြင် ဘူတာကြား ဖောက်လုပ် ထားသော ရထား လမ်းပိုင်းသည် အန္တရာယ် ဖြစ်နိုင်သည့် အတွက် ရထားစီးသူ အလွန်နည်းပါးလျက်ရှိကြောင်း သတင်းရရှိသည်။

အဆိုပါ ရထား လမ်းပိုင်းကို ပြီးခဲ့သော မေလ (၁၉)ရက်နေ့က ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ကိုယ်တိုင် ဖွင့်လှစ် ပေးခဲ့သော်လည်း သတ်မှတ် ကာလတွင် ပြီးဆုံးရန်ကိုသာ အဓိကထားသဖြင့် ဇလီဖားတုံးများ အရည် အသွေး ညံ့ဖျင်းခြင်းနှင့် အောက်ခံမြေကြီး မကောင်းခြင်းစသည့် အရည်အသွေး ဆိုင်ရာ လိုအပ်ချက်များ ကြောင့် ဇွန်လ(၁၂)ရက်နေ့က မြေကြီးနိမ့်ကျ ကျွံဝင်သွား၍ ရထားလမ်း တိမ်းစောင်းသွားကာ ရထားပြေးဆွဲ ခြင်းကိုပင် ခေတ္တ ရပ်ဆိုင်း ခဲ့ရသည်ဟု စစ်တွေမြို့ခံ တဦးက ပြောပြသည်။

“ဒီရထားလမ်းကို သုံးလအတွင်း အပြီးဖောက်ရမယ်ဆိုပြီး ဖောက်တာ၊ ဇလီဖားတုံးတွေ ကလည်း သိပ် မကောင်းဘူး၊ အောက်ခံ မြေကလည်း ပျော့တယ်လေ၊ အထက် အမိန့်အရ ဆိုပြီး အချိန်မီပြီးအောင် လုပ်တာ ဆိုတော့ အရည်အသွေးမမီလို့ ရထားလမ်းဖွင့်ပြီး တလလောက်ပဲကြာတယ်၊ ပိတ်လိုက်ရသေးတယ်၊ လမ်းမကောင်းလို့လေ”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

ယင်း ရထားလမ်း ခရီးသည် တနာရီခန့် မောင်းရမည့် ခရီး ဖြစ်သော်လည်း အလွန် အန္တရာယ်များသည့် အတွက် ၃နာရီကြာ မောင်းနှင် နေရသောကြောင့် စစ်တွေ ဒေသခံများက “သေမင်း တမန် ရထားလမ်း”ဟု ပြောဆိုနေ ကြကြောင်းလည်း ၎င်းက ဆိုသည်။

ထို ပြည်တော်သာ ဘူတာနှင့် ရေချမ်းပြင် ဘူတာ ခရီးစဉ် အတွက် ရထားလက်မှတ်ခမှာ ကျပ် ၁၀၀ ဖြစ်သော် လည်း ပြည်သူနှင့် ကျောင်းသားများက ရထားမစီးဘဲ လိုင်းကားများ အငှားကားများကိုသာ ဆက်လက်အသုံး ပြုနေကြကြောင်း၊ လိုင်းကားဖြင့်သွားလျှင် ၁ နာရီခန့်သာကြာကြောင်း စစ်တွေ ဒေသခံက ဆက်လက်ပြော ဆိုသည်။

စစ်အစိုးရက ယခင် ရထားလမ်း မရှိခဲ့သော ရခိုင်ပြည်နယ်တွင်၂၀၀၉ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ စစ်တွေ- အမ်း-ရန်ကုန် ရထားလမ်းကို ဖောက်လုပ်ခဲ့ရာ ယင်း စစ်တွေမြို့ ပြည်တော်သာ ဘူတာနှင့် ရေချမ်းပြင် ဘူတာ ကြား လမ်းပိုင်းသည် ပထမ လမ်းပိုင်း ဖြစ်ကြောင်း သိရသည်။

ယခုရထားလမ်းဖောက်လုပ်ခြင်းသည် စစ်တွေ တက္ကသိုလ်ကျောင်းသားများနှင့် လိုင်းကား သမားများ အကြား ခိုက်ရန် ဖြစ်ပွားသည့် ပြဿနာကြောင့် ကျောင်းသားများ မကျေနပ်မှု တိုးပွားလာမည့်အရေး ဖြေရှင်းသည့် အချက် တချက်လည်း ပါဝင်သည်ဟု စစ်တွေ တက္ကသိုလ် ကထိက တဦးက ပြောဆိုသည်။

“ကျောင်းနားမှာ ရေချမ်းပြင်ဘူတာရှိတယ်၊ စစ်တွေက အမြန်မောင်း မယ်ဆိုရင် တနာရီအလွန်ဆုံးပေါ့လေ ကျောင်းကိုရောက်ဖို့ ပေါ့၊ ဒါပေမယ့် အခုဟာက လမ်းမကောင်းတော့ ၃ နာရီလောက် သွားရတယ်၊ အစိုးရ တွက်လိုက်တာက ဒီရထားလမ်းကို ဖောက်ပေးလိုက်ရင် ကားသမားတွေနဲ့ ကျောင်းသားတွေ ပြဿနာ အေးမယ်၊ လမ်းလျှောက်တာမျိုး မပေါ်ပေါက်နိုင်ဘူးလို့ တွက်လိုက်တာ၊ ဒါပေမယ့် အန္တရာယ်များလို့ ကျောင်း သားတွေက အသုံးမပြုဘူး”ဟု ၎င်းက ပြောသည်။

စစ်အစိုးရက စစ်တွေ တက္ကသိုလ်ကို မြို့ နှင့် (၇) မိုင်ခန့်ဝေးသော ဘုမေရွာအနီးသို့ ပြောင်းရွှေ့ခဲ့သည်။ ထို့ကြောင့် ကားခများ ဈေးကြီးခြင်း သွားရေးလာရေး အခက်အခဲရှိခြင်းကြောင့် ကျောင်းသားများနှင့် ကားသမားများအကြား မကြာခဏ ခိုက်ရန်ဖြစ်ပွားကြခြင်းနှင့် ကျောင်းသားများ အုပ်စုလိုက် လမ်းလျှောက် ကြခြင်းများ ရှိသည်ဟုလည်း ၎င်းက ဆိုသည်။

စစ်အစိုးရက အဆိုပါ ရထားလမ်းဖောက်လုပ်ရာတွင် အဓမ္မမြေယာများ သိမ်းခြင်း၊ ရွာများကိုပြောင်းရွှေ့ပစ် ခြင်းနှင့် အဓမ္မ လုပ်အားပေးခိုင်းစေခြင်းများရှိခဲ့ပြီး စစ်တွေ-အမ်း-မင်းဘူး ရထားလမ်းစီမံကိန်းကိုလည်း ဆက်လက် အကောင်အထည်ဖော်ရန် စတင်နေပြီဖြစ်ကြောင်း သိရသည်။

source by : ဧရာဝတီ

0 ယောက်ရဲ့ထင်မြင်ချက်: