10/13/2009

မြန်မာပြည် တောင်ပိုင်းသို့ မူးယစ်ဆေးဝါး ပျံ့နှံ့မှု ပိုမိုများပြားလာ

ဝီရ | ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံ တောင်ဘက်ပိုင်း မြို့ကြီးများနှင့် နယ်စပ် ဒေသတို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှု သိသာစွာ ကျယ်ပြန့် လာကြောင်း စုံစမ်း သိရှိရသည်။

ရန်ကုန်မြို့ခံ လူငယ် တဦးက “အခု မူးယစ် ဆေးဝါးတွေ ဖြန့်နေတာ ဗြောင်ကျကျပဲ။ Shopping Center တချို့က စားသောက်ဆိုင် တန်းတွေမှာ တနေ့လုံးထိုင်ပြီး ရောင်းဝယ် နေတာတောင် ရှိလာတယ်။ ဥပမာ ယုဇနပလာဆာ ဆိုရင် စားသောက်ဆိုင်တန်း ရှိတယ်လေ။ ရာဘလို့ ခေါ်တဲ့ စိတ်ကြွဆေးရယ်၊ ချောင်းဆိုးပျောက်ဆေးရည်လို ပျစ်ပျစ်လေး ဖျော်ထားတဲ့ ဆေးရည် သူတို့အခေါ် ‘ငါး’ ရယ် ဂေါ်ပုလင်းထဲ ထည့်ရောင်းတာ။ အကုန်ရတယ်။ စိတ်ကြွဆေး ဆိုရင် ဘာအရောင်လိုချင်လဲ အကုန်ရတယ်” ဟု ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအများအပြား အခြေချသည့် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့သည် ထိုင်းနိုင်ငံသို့ မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်ရာတွင် အဓိက လမ်းကြောင်းတရပ်အဖြစ် ပြန်လည်အသုံးပြုလာကြကြောင်း သိရသည်။

မွန်ပြည်သစ်မှ မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့ အရာရှိတဦးက “ထိုင်းနယ်စပ်ဂိတ်မှာ အရေအတွက် ထောင်ချီတဲ့ မြင်းဆေးတွေ ဒီလပိုင်းထဲမှ (၅) ခါတောင် ဖမ်းမိထားတယ်။ ဒါ ထိုင်းအာဏာပိုင်တို့က သတိပေးတာ။ ဘုရားသုံးဆူမြို့ပေါ်မှာလည်း မူးယစ်ဆေးဝါးတွေ ရောင်းဝယ်တာ၊ သုံးစွဲတာ အခု သိသိသာသာ ပိုများလာတယ်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တဝန်းမှာလည်း မနှစ်ကထက်စာရင် မူးယစ်ဆေးဝါး သုံးစွဲတာ ပိုမိုလာတယ်လို့ နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့တုန်းက သက်ဆိုင်ရာထိုင်းနဲ့မြန်မာ အာဏာပိုင် တွေကို ကျနော်တို့ အစီရင်ခံထားတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

မွန်ပြည်နယ် ဘက်သို့ အများဆုံး ရောက်ရှိလာသည့် မူးယစ်ဆေးဝါးများသည် ပဲခူးတိုင်းအထက်ပိုင်းနှင့် နယ်စပ် ဒေသများမှ သယ်ဆောင် လာခြင်း ဖြစ်ပြီး လောင်းကစားဝိုင်းများနှင့် လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေရေးလုပ်ငန်းများတွင်ပါ သုံးစွဲမှု ကျယ်ပြန့် လာကြောင်းနှင့် ယခုအခါ လူငယ်များသာမက အိမ်ထောင်သည်ယောက်ျားများလည်း သုံးစွဲလာကြသည်ကို တွေ့ရှိရကြောင်း မွန်ပြည်သစ်၏ အစီရင် ခံစာတွင် ရေးသားထားပြီး ထိုကဲ့သို့ဖြန့်ဖြူးရာတွင် အပစ်ရပ်တိုင်းရင်းသား အဖွဲ့အစည်းမှ အဖွဲ့ဝင်အဖြစ် အမည်ခံထားသူ လူငယ် အများစုက တာဝန်ယူကြခြင်းဖြစ်ကြောင်း ပါရှိသည်။

သို့သော် ရာဘ ဆေးပြားများ၏ ဈေးနှုန်းသည် မွန်ပြည်နယ် အတွင်းပိုင်း ဒေသများတွင် (၆,၀၀၀) ကျပ် ဝန်းကျင် အထိ ပေးဆောင်နေရ၍ သုံးစွဲသူအများစုမှာ ထိုဆေးပြားဖြင့် ဖော်စပ်ထားသည့် ဆေးရည်များကို အများဆုံး အသုံးပြုကြကြောင်း မွန်ပြည်သစ်အရာရှိက ပြောသည်။

ထိုင်း အာဏာပိုင်တို့၏ အဆိုအရ ထိုင်း-မြန်မာ မြောက်ပိုင်း နယ်စပ်တွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုသည် လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် အစောပိုင်းက ဘိန်းဖြူ (၅၇) ကီလိုဂရမ်သာ ဖမ်းဆီးရမိခဲ့ရာမှ ၂၀၀၈ ခုနှစ် အောက်တိုဘာမှ ယခုနှစ် သြဂုတ် အထိ ဘိန်းဖြူ (၁,၂၇၀) ကီလိုဂရမ်အထိ ဖမ်းဆီးရမိခဲ့ကြောင်း၊ ယခုနှစ် အတွင်း ဖမ်းဆီးရရှိမှု ပမာဏမှာ အဆ (၂၀) ကျော် များပြားလာကြောင်း သိရသည်။

“အခုဆိုရင် နယ်စပ်က မူးယစ်ဆေးဝါး ဝယ်တဲ့သူတချို့ဟာ ပိုက်ဆံနဲ့ အရောင်းအဝယ် လုပ်နေရာကနေ ဘဏ်စနစ်ကတဆင့် ပြောင်းသုံးလာကြတယ်” ဟု ထိုင်းနိုင်ငံ မြောက်ပိုင်း မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့မှ ဒါရိုက်တာ နိုင်ဖွန်ထစ် အမ်ပရာပိုင်က မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ရှင်းပြခဲ့သည်။

တချိန်တည်း မှာပင် ထိုင်း-မြန်မာ နယ်စပ်များတွင် ရောင်းဝယ် နေသည့် မူးယစ် ဆေးဝါး ဈေးနှုန်းမှာ သိသိ သာသာ ကျဆင်း လာကြောင်း သိရသည်။

Ice ခေါ် မူးယစ်ဆေးသည် ယခင်က (၁) ကီလို ဘတ် (၁) သန်းမှ ယခုအခါ (၈) သိန်းဝန်းကျင်နှင့် ရာဘ ဆေးပြားများ အနက် အကောင်းဆုံးအဆင့်ဖြစ်သည့် Tiger ပါးခိုက်ဟုခေါ်သော (၅၀) ဘတ်တန် ဆေးတပြားကို ယခု ဘတ် (၄၀-၄၂) ခန့်သာ ဈေးရှိကြောင်း ရှမ်းမူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့တာဝန်ခံ ဦးခွန်ဆိုင်းက ပြောသည်။

မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု တို့အား နအဖ စစ်အစိုးရက ထိထိ ရောက်ရောက် မနှိမ်နင်းသည့် အကြောင်းမှာ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် လက်မခံသည့်အပစ်ရပ်အဖွဲ့တို့အား လိုအပ်သည့် အချိန်တွင် မူးယစ် ဆေးဝါး အမှုဖြင့် အကြောင်းပြကာ စစ်ရေးအရ ဖိအားပေးနိုင်ရန် ဖြစ်ကြောင်း လေ့လာ အကဲခတ်သူများက ယူဆကြသည်။

“ဒေသတရပ်ရပ်မှာ စစ်ရေး လှုပ်ရှားမှု များလာလေလေ၊ ရှုပ်ထွေး လာလေလေ၊ ဒီမူးယစ်ဆေးဝါးက များလာ လေလေပဲ။ ဒါက စစ်အစိုးရ ကျင့်သုံးနေတဲ့ သဘောတရားတရပ်ပဲဖြစ်တယ်။ ဒီစစ်ပွားမဖြစ်တဲ့ ဒေသတွေမှာဆိုရင် နအဖအာဏာပိုင်တွေရဲ့ သားသမီးတွေ၊ လက်အောက် ငယ်သားတွေ၊ ဆွေမျိုးတွေကပဲ အများစု ဖြန့်ဖြူးတယ်” ဟု ဦးခွန်ဆိုင်းက ပြောသည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: