ဦးဝင်းတင်၏ မျက်လုံး ပြန်သက်သာလာပြီ
ကိုထွေး | အတွင်းတိမ်ကြောင့် မျက်လုံး ခွဲစိတ်ကုသမှု ခံယူခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင် တဦး ဖြစ်သူ ဦးဝင်းတင်၏ ဘယ်ဘက် မျက်လုံးသည် ယခုအခါ ပြန်လည် သက်သာ လာပြီ ဖြစ်ကြောင်း သိရသည်။
“မျက်လုံးက တော်တော် သက်သာလာပြီ၊ ဒီနေ့ ပါတီရုံးကို သွားတယ်၊ အခုထိတော့ မျက်စိကို ကာထား ရတုန်းပဲ၊ ဖုန်တွေ ၀င်မှာစိုးလို့ပါ၊ ညဘက်ရောက်လို့ အဲဒီကာထားတာကို ဖြုတ်လိုက်ရင် မြင်ရတယ်” ဟု အသက် ၈၀ အရွယ်ရှိ ဦးဝင်းတင်က ဧရာဝတီသို့ ပြောသည်။
၂၀၀၈ ဒီဇင်ဘာလက ယာဘက် မျက်လုံးကို ခွဲစိတ်ခဲ့ပြီးနောက် ဘယ်ဘက်ကို ဆက်လက် ခွဲစိတ်ရန် စီစဉ် ထားသော်လည်း နှလုံး အတွင်းသို့ စက်ထည့်သွင်း ခဲ့ရသဖြင့် ယခုမှ ခွဲစိတ်ခဲ့ရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဦးဝင်းတင်၏ ဘယ်ဘက် မျက်လုံးကို ရန်ကုန် လမ်းမတော် မြို့နယ် ၁၂ လမ်းရှိ ရွှေမြင်သာ ပုဂ္ဂလိက အထူးကု ဆေးခန်းတွင် သောကြာနေ့က ညနေ ၄ နာရီက ခွဲစိတ်ကုသ ခံယူခဲ့ခြင်း ဖြစ်သည်ဟု အတူနေ မိတ်ဆွေ ဖြစ်သူ ဦးမောင်မောင်ခင်က ပြောသည်။
“သောကြာနေ့က ခွဲစိတ် ကုသ ခံယူခဲ့တာပါ၊ အခုတော့ ကောင်းသွားပါပြီ၊ ခွဲစိတ် ပြီးပြီးချင်း အိမ်ပြန်လာတာပါ၊ ဆရာဝန်က မျက်စိထဲ ရေမ၀င်အောင် ဂရုစိုက်ဖို့ပဲ ပြောပါတယ်” ဟု ၎င်းက ဆိုသည်။
မျက်စိ အထူးကု ဆရာဝန်ကြီး ဦးလှမြင့်က ခွဲစိတ် ကုသပေး ခဲ့ကြောင်းနှင့် ခွဲစိတ်ချိန် မိနစ် ၄၀ခန့် ကြာမြင့်ခဲ့ ကြောင်းလည်း သိရသည်။
ဦးဝင်းတင်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့ရာ ၁၉၈၉ ခုနှစ် ဇူလိုင်လတွင် စစ်အစိုးရက အစိုးရ ဆန့်ကျင်သည့် နိုင်ငံရေး ပုဒ်မတို့ဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့သည်။ ထောင်တွင်း၌ ၁၉ နှစ် ကျော်နေခဲ့ရပြီး ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက်တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက် လာခဲ့သည်။
ဦးဝင်းတင်သည် ဂုဏ်သိက္ခာရှိပြီး ရဲရင့်သူ တဦး ဖြစ်ကြောင်း နိုင်ငံတ၀န်း ဒီမိုကရေစီရေး လှုပ်ရှားမှုများ အတွင်း ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက် ပေးခဲ့ဖူးသည်။
သတင်းစာ သမားတဦးလည်း ဖြစ်ခဲ့သော ဦးဝင်းတင်ကို ၂၀၀၁ ခုနှစ်က ယူနက်စ်ကို ဂွီလာရ်မို ကာနို ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့်ဆု၊ ကမ္ဘာ့ သတင်းစာများ အသင်းကြီးက လွတ်လပ်မှု ရွှေကလောင်ဆု၊ နယ်စည်း မခြား သတင်းထောက်များ အဖွဲ့နှင့် ပြင်သစ် ဖောင်ဒေးရှင်းများက ပူးတွဲ၍ လွတ်လပ်မှု ရွှေကလောင်ဆုများ ချီးမြှင့်ခဲ့သည်။
source by : ဧရာဝတီ

0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment