10/06/2009

တရုတ် စီးပွားရေး သမားများကြောင့် လယ်ယာမြေများ ရှားပါးလာ

လင်းနိုင်ဦး | ကချင် ပြည်နယ် အန်ဒီအေ (ကချင်) အဖွဲ့ ထိန်းချုပ်ထားသည့် တရုတ်ပြည် နယ်စပ် ဖီမော်နှင့် ဂေါ်လန် နယ်တို့တွင် လယ်သမားများ၏ လယ်ယာမြေတို့ကို တရုတ် စီးပွားရေး လုပ်ငန်းရှင်များက အတင်းအကျပ် ဝယ်ယူပြီး စီးပွားရေး လုပ်ငန်းများ ထူထောင် နေမှုကြောင့် လယ်ယာမြေများ ရှားပါးလာပြီး လယ်လုပ်ရန် အခက်အခဲ တွေ့လာရကြောင်း ဒေသခံများက ပြောသည်။

ဂေါ်လန်နယ်ခံ ရွာသားတဦးက “ကျနော်တို့ ဆီမှာ တရုတ် ကုမ္ပဏီတခု ရောက်လာတယ်။ သူတို့က ကျောက်ထင်းရှူး (တရုတ်အခေါ် ဟုန်ထူးရှား သစ်အမျိုးအစား) ဆီချက် စက်ရုံ ဆောက်ဖို့ လယ်တွေ ဝယ်မယ်ပြောတယ်။ လယ်သမားတွေက မရောင်းချင်ကြဘူး။ သူတို့က အန်ဒီအေ အဖွဲ့ကနေ ခွင့်ပြုချက်ရပြီးသားလို့ ပြောပြီး စက်ရုံဆောက်မယ့်နေရာမှာ ကျောက်တုံးတွေနဲ့ တံတိုင်းတွေ စပြီးကာတယ်။ လယ်တွေ သူတို့ကို မရောင်းရင် အတင်းသိမ်းယူမယ့်ပုံပဲ။ ဒီတော့ လယ်သမားတွေက မကျေမနပ်နဲ့ သူတို့ပေးတဲ့ ဈေးနဲ့ပဲ ရောင်းလိုက်ကြရတယ်။ (၁) ဧကကို တရုတ်ယွမ်ငွေ ရာဂဏန်းလောက်စီပဲ ရကြတယ်။ ခုဆို အဲဒီဒေသက လယ်သမားတွေ လယ်သိပ်မရှိတော့ဘူး။ မြေအနေအထား အရ လယ်တွေကို ထပ်ပြီး တိုးချဲ့ ဖို့ရာလည်း မဖြစ်နိုင်တော့ အခက်အခဲ ဖြစ်နေကြတယ်” ဟု ပြောသည်။

ဖီမော်၊ နဇွန်ဘောင် ဒေသဘက်မှာလည်း အလားတူ ငွေ အနည်းအကျဉ်းသာပေးပြီး လယ်များကို သိမ်းယူခဲ့ကြောင်း၊ အဆိုပါ လယ်ယာ မြေတို့ပေါ်တွင် ဆေးလိပ်စက်ရုံ၊ လောင်းကစားရုံများ၊ တည်းခိုခန်းများ၊ မြို့နယ် ရုံးများ၊ သစ်ခွဲစက်ရုံ၊ သစ်စုပုံရာနေရာ၊ မီးသွေး အချောကိုင်စက်ရုံ စသဖြင့် တည်ဆောက်ထားကြောင်း သိရသည်။

ယခုကဲ့သို့ လယ်ယာမြေများ သိမ်းယူပြီး လုပ်ငန်းတည်ထောင်ခြင်း၊ အန်ဒီအေ အဖွဲ့ရုံးများ တည်ဆောက်ခြင်းကြောင့် အဆိုပါ ဒေသတွင် တအိမ်ထောင် လယ် (၁) ဧက၊ (၂) ဧကသာ ပိုင်တော့သည့် အခြေအနေ ဖြစ်နေပြီး လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းများ ထိခိုက်ကုန်ကြောင်း ဒေသခံများက ပြောသည်။

ယင်းဒေသသည် ပြီးခဲ့သည့် နှစ်များစွာက ကေအိုင်အေ ထိန်းချုပ် နယ်မြေ ဖြစ်ခဲ့သော်လည်း နောက်ပိုင်း အဆိုပါ ဒေသ တပ်ဖွဲ့ကို ဦးစီးသည့် ဆခုံတိန့်ယိန်းက ဗကပနှင့် ပူးပေါင်းသွားသည့်အတွက် ဗကပ လက်အောက်ခံ နယ်မြေ ဖြစ်လာသည်။ အဆိုပါ ကာလတလျှောက်လုံး ဒေသတည်ငြိမ်မှုမရှိသည့်အတွက် ပြည်သူများ၏ဘဝ ဆင်းရဲခက်ခဲခဲ့သည်။ ၁၉၈၉ ခုနှစ် အဆိုပါ (၁ဝ၁) စစ်ဒေသနှင့် စစ်အစိုးရ အပစ်အခတ်ရပ်စဲပြီးနောက် အမည်ပြောင်းလိုက်သည့် အန်ဒီအေ (ကချင်) အဖွဲ့ပိုင် နယ်မြေ ဖြစ်လာသည်။

အန်ဒီအေ အဖွဲ့ အုပ်ချုပ်ပြီး နောက်ပိုင်း၌လည်း ခေါင်းဆောင်ပိုင်းတို့က တရုတ်လုပ်ငန်းရှင်များကို သစ်ထုတ်လုပ်ခွင့် ပြုခြင်း၊ သတ္တု တူးဖော်ခွင့် ပြုလိုက် ခြင်းကြောင့် သစ်တောနှင့် သတ္တုသယံဇာတများ အကြီးအကျယ် ဆုံးရှုံးပြီး ခေါင်းဆောင်ပိုင်း အနည်းငယ်သာ ချမ်းသာသွားခဲ့ကြသည်။

ထို့အပြင် တရုတ် လုပ်ငန်းရှင်များကို နှစ်ရှည် မြေငှားရမ်းခွင့် ပေးပြီး လုပ်ငန်းများ ထူထောင်ခွင့် ပေးလိုက်သည့် အတွက် ဒေသခံ ပြည်သူများသည် နဂိုရှိရင်းစွဲ လယ်ယာမြေတို့ပါ ဆုံးရှုံးကြရကာ စားဝတ်နေရေး ပိုမို ခက်ခဲလာကြောင်း စုံစမ်းသိရသည်။

source by : ခေတ်ပြိုင်

0 ယောက်ရဲ့ထင်မြင်ချက်: