ကျေးလက်တွင် ဆိုလာပါဝါက လျှပ်စစ်ဓာတ်အားနေရာ အစားထိုးလာ
နန်းဒေဝီ ၊ နယူးဒေလီ၊ လျှပ်စစ်မီး ပေးဝေရေးနှင့် အလှမ်းဝေးကွာသည့် မြန်မာနိုင်ငံ ဒေသအများအပြားတွင် နေရောင်ခြည် စွမ်းအားမှ ဆိုလာစနစ် အသုံးပြုခြင်းဖြင့် လျှပ်စစ်မီးထွန်းမှု ပိုမိုပြုလုပ်လာနေသည်။
သဘာဝ နေရောင်ခြည် စွမ်းအား တိုက်ရိုက်ရယူပြီး ဆိုလာပြားဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူအသုံးပြုခြင်းကို ဧရာဝတီနှင့် ပဲခူးတိုင်း၊ ကချင်၊ ချင်းနှင့် ကယားပြည်နယ်တို့အပြင် နိုင်ငံတဝှမ်းတွင် ယခင်ကထက် ပိုမိုပြုလုပ်လာ ကြောင်း မြို့နယ်တချို့မှ ဆိုလာပြား အရောင်းဆိုင်များက ဆိုသည်။
“မီးလုံးဝ မရတဲ့ ဒေသတွေမှာ မရှိမဖြစ် အသုံးပြုကြတယ်။ ဆိုလာအသုံးပြုမှုက လွန်ခဲ့တဲ့ ၂ နှစ်ကစပြီးတော့ အရောင်းသွက်လာတယ်။ အထူးသဖြင့် လျှပ်စစ်မီးမရတဲ့ ဒေသတွေက အမှာများတယ်” ဟု ရန်ကုန်တွင် ၁၀နှစ်ကျော် ကြာ ဆိုလာနှင့် ဆိုလာဆက်စပ်ပစ္စည်းများ ရောင်းချပေးနေသည့် ဈေးကွက်ရှာဖွေရေး ဝန်ထမ်းတဦးက မဇ္စျိမကို ပြောသည်။
မကွေးတိုင်း ပခုက္ကူမြို့ရှိ ‘ဇော်’ ဆိုလာအရောင်းဆိုင် ပိုင်ရှင်ဖြစ်ပြီး၊ ကိုယ်တိုင်လည်း ဆိုလာတပ်ဆင်ထားသူက “နေ့ခင်းဘက် မီးပုံမှန်မလာတော့ ဆိုလာနဲ့ အစားထိုး ထိန်းရတာပေါ့ဗျာ။ ၂၅ ဝပ် သုံးပါတယ်။ တယ်လီဖုန်း အားသွင်း တယ်။ ဖန်ချောင်း ၄-၅ ချောင်း သုံးတယ်” ဟု ပြောသည်။
ပခုက္ကူတွင် လျှပ်စစ်မီးကို အလှည့်ကျ စနစ်ဖြင့် ပေးဝေနေသဖြင့် လျှပ်စစ်မီး ရရှိသူများကပင် ဆိုလာတပ်ဆင်မှုများ ပြုလုပ်နေရသည်။
အနံ ၂ ပေနှင့် အလျား ၄ ပေရှိ ဆိုလာအပြားတပြား၏ ပေါက်ဈေးမှာ ကျပ် ၁၀ သိန်း ကျော်ရှိပြီး၊ ထုတ်လုပ်သည့် နိုင်ငံပေါ် မူတည်ကာ ဈေးနှုန်း ကွာခြားမှု ရှိသည်။ ဆိုလာပြားကို တရုတ်၊ ဂျပန်နှင့် အိန္ဒိယမှ တင်သွင်းသည်။ တရုတ်ထုတ် ဆိုလာပြား ၁ ပေခွဲပတ်လည် အရွယ်အစားကို ကျပ် ၃ သောင်းခန့်သာ ရှိပြီး၊ ၅ နှစ်ခန့် တာရှည်ခံကြောင်း ဆိုလာအရောင်းဆိုင်များက ဆိုသည်။
တရုတ်ထုတ် ဆိုလာပြား၊ ဘက်ထရီများသည် ဈေးနှုန်းချိုသာပြီး အသုံးပြုသူများပြားသည်။
အိမ်သုံးအဆင့် ဆိုလာတပ်ဆင်ပါက ဆိုလာပြားအပြင် ဘက်ထရီ၊ မီးအားမြှင့်စက်၊ ဝါယာကြိုးများအပြင် အခြားဆက်စပ် ပစ္စည်းများ အပါအဝင် ကုန်ကျစရိတ်မှာ ကျပ် ၁၈ သိန်းအထိ ရှိကြောင်း ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်အတွင်းက မြန်မာ ဆိုလာစွမ်းအင်စနစ် အရောင်းဆိုင်က ဆိုသည်။
ဓာတ်အား ၃၆၀ ဝပ်ပြည့် ဆိုလာတပြားကို လျှပ်စစ်ဓာတ်အား တရက်တာ အသုံးပြုနိုင်မည် ဖြစ်ပြီး၊ တီဗီ၊ ဗီဒီယို ကြည့်နိုင်မည့်အပြင် ၂ ပေမီးချောင်း ၃ ချောင်းကို တပြိုင်တည်း ထွန်းလင်းနိုင်သည်။
“တခါပဲ အရင်းအနှီးက လိုတယ်။ နောက်ပိုင်းကျတော့ ဘာမှထပ်မလိုတော့ဘူး။ ဂျပန်ထုတ်ဆိုရင် နှစ်ပေါင်း ၁၀ အထိ အာမခံတယ်။ ဒါပေမဲ့ လျှပ်စစ်မီး လိုတဲ့နေရာတွေမှာတော့ တခြား မီးစက်တွေ အသုံးပြုတာထက်စာရင် ကုန်ကျစရိတ် သက်သာပါတယ်” ဟု လှိုင်မြို့နယ် ဆိုလာပြားအရောင်းဆိုင်က ဆိုသည်။
ရန်ကုန်တွင် ဆိုလာပြားနှင့် ဆက်စပ်ပစ္စည်း အရောင်းဆိုင် အနည်းဆုံး ၁၀ ဆိုင်အထိ ရှိကြောင်း သိရသည်။
လွန်ခဲ့သည့် ၅ နှစ်ခန့်က မြစ်ကြီးနားမြို့နှင့် ၁၈ မိုင်ကွာဝေးပြီး လျှပ်စစ်မီး မရရှိသည့် Cart Centre တွင် ဆိုလာပြား တပ်ဆင် အသုံးပြုခဲ့ရာ ယနေ့ထိတိုင် လျှပ်စစ်မီးရရှိပြီးသော်လည်း ဆက်လက်အသုံးပြုနေရသေးကြောင်း KBC ခေါ် ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ လက်အောက်ခံ ဖွံ့ဖြိုးရေးဌာန တာဝန်ရှိသူတဦးက ပြောသည်။
“မြစ်ကြီးနားမှာ KBC ကနေ လုပ်တာ နေရာ ၃ ခုမှာတပ်ထားတယ်။ Shalom မှာရော Cart Centre မှာဆို မီးပျက်ရင် အခုထိ သုံးနေတုန်း။ ကွန်ပြူတာ တလုံး၊ ၂ ပေမီးချောင်းသုံးချောင်း ထွန်းတယ်။ အများကြီးမသုံးဘူး။ ရုံးခန်းလေးမှာပဲ သုံးတာ” ဟု သူက ပြောသည်။
သို့သော် ကွန်ပြူတာ၊ ရေခဲသေတ္တာနှင့် တီဗီ၊ ဗီစီဒီ အသုံးပြုလိုသူများအနေဖြင့် ၁၀၀ ဝပ်ရှိသည့် ဆိုလာပြားကို အသုံးပြုနိုင်ကြောင်း သိရသည်။
ဆိုလာပြား အသုံးပြုခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု မရှိသည့်အပြင် မီးစက်၊ အင်ဗာတာတို့ကဲ့သို့ အသံဆူညံခြင်း မရှိခြင်း၊ ပြုပြင်ထိန်းသိမ်းရန် လွယ်ကူပြီး၊ လျှပ်စစ်ဝါယာကြိုး မီးလောင်ကျွမ်းခြင်းကဲ့သို့ ဘေးထွက် ဆိုးကျိုးများ မရှိကြောင်း အသုံးပြုသူများက ဆိုသည်။
“(+) အပေါင်း၊ (-) နှုတ် မှန်အောင် တပ်ဆင်ရင် ဘာမှပြဿနာ မရှိပါဘူး။ မှားသွားရင်တော့ မီးချောင်း ကျွမ်းတယ်။ တခြားတော့ မရှိဘူး။ နေရောင်ခြည်ဓာတ်အား အပြည့်ဝင်နိုင်ဖို့ ပုံမှန် ဖုန်သုတ်ပေးဖို့ လိုပါတယ်” ဟု ပခုက္ကူမြို့မှ ဆိုလာလျှပ်စစ်စွမ်းအင်စနစ် အသုံးပြုသူက ဆိုသည်။
ဆိုလာပြား တပ်ဆင်အသုံးပြုသူများအနေဖြင့် နေရောင်ခြည်ဓာတ်အား တိုက်ရိုက်ရရှိနိုင်ရန် အိမ်ခေါင်မိုးတွင် တပ်ဆင်သည့်အပြင်၊ အလွယ်တကူ သန့်ရှင်းရေး လုပ်နိုင်ရန် မြေပေါ်တပ်ဆင် အသုံးပြုခြင်းများလည်း ပြုလုပ်ကြသည်။
မြန်မာနိုင်ငံလူဦးရေ သန်းပေါင်း ၅၀ ကျော်တွင် လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးရွာများတွင် နေထိုင်သူများ ဖြစ်ပြီး၊ အများစုမှာ လယ်ယာလုပ်ငန်းလုပ်ကိုင်သူများ ဖြစ်သည်။
မြန်မာ-တရုတ် ပူးပေါင်းကာ ဧရာဝတီမြစ် အထက်ပိုင်း ဒေသများတွင် ရေအားလျှပ်စစ်စီမံကိန်း ၇ ခုကို စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်းနှင့် လုပ်ငန်းပြီးစီးပါက ဓာတ်အား မီဂါဝပ် ၁၀၀၀၀ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း နေပြည်တော် အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ညွှန်ကြားရေးမှူးအဆင့်ရှိ အရာထမ်းတဦးက မဇ္စျိမကို ပြောသည်။
“စီမံကိန်းက မြစ်ကြီးနား အထက်ပိုင်းမှာပါ။ ပူပေါင်း စုံစမ်း (survey) ပြီး အဖြေထုတ် နေတုန်းပါ။ စီမံကိန်းကာလက ၁၀ နှစ်လောက် ကြာမယ်။ မီဂါဝပ် ၁ သောင်းဆိုတာက မြန်မာတနိုင်ငံလုံးပေးဖို့ လုံလောက်တဲ့အပြင်၊ ပိုလျှံမယ် ဖြစ်တဲ့အတွက် ပြည်ပကိုရောင်းမယ်” ဟု သူက ပြောသည်။
အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ တရုတ်၊ အိန္ဒိယတို့ ပူးပေါင်းကာ မြန်မာနိုင်ငံ အထက်ပိုင်း စစ်ကိုင်းတိုင်းတွင် ထမံသီ (Htamanlthi)၊ ရှမ်းပြည်နယ်တွင် ဟတ်ကြီး (Hutgyi)၊ နှင့် တန့်ဆန်း (Tasang)၊ တနင်္သာရီတိုင်းနှင့် ထိုင်း-မြန်မာနယ်စပ်တွင် နန်ကော့ (Nam Kok) တို့တွင် ရေအား လျှပ်စစ်စီမံကိန်းများ တည်ဆောက်နေသည်။
နေပြည်တော် စွမ်းအင် ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံတွင် ဆိုလာအသုံးပြုမှုကို တိုက်ရိုက်ပံ့ပိုးမှု မရှိသော်လည်း အလှူရှင်နိုင်ငံများရှိပါက ကြားဝင်ဆောင်ရွက်ပေးကြောင်း သိရသည်။
“ဒီဌာနအနေနဲ့ တခြားနိုင်ငံက အလှူရှင်၊ ဥပမာ - ထိုင်းတို့က လှူမယ်ဆိုရင် ကျနော်တို့ ကြားကနေ ဆောင်ရွက်ပေး တယ်။ ဒါပေမဲ့ အဓိကလုပ်နေတာက ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကိစ္စကို အဓိကထားလုပ်တယ်။ ပုဂ္ဂလိက ကုမ္ပဏီတွေက လုပ်နေတယ်” ဟု နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူတဦးက ပြောသည်။
လတ်တလော မြန်မာတနိုင်ငံလုံး အတိုင်းအတာအရ လျှပ်စစ်ဓာတ်အား ရရှိမှု လုံလောက်မှု မရှိသေးသည့်အတွက် ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲမှုမှာ အတိုင်းအတာတခုအရ ဆက်လက် ရှိနေဦးမည်ဟု Myanmar Eco Solution က ဒါရိုက်တာတဦးဖြစ်သည့် ဦးငြိမ်းချမ်းဝင်းက ဆိုသည်။
“ရေရှည်မှာ အသုံးပြုဖို့ များတယ်။ လျှပ်စစ်မီး လုံးဝ မရတဲ့နေရာတွေမှာ ဆိုလာအသုံးပြုမှုဟာ ဆက်လက်ပြီး အမြဲတမ်း ဖြေရှင်းနိုင်တဲ့ နည်းလမ်းအဖြစ် သွားရမယ့် အနေအထား ဖြစ်တယ်” ဟု သူက ပြောသည်။
မြန်မာနိုင်ငံတဝှမ်းတွင် နေရောင်ခြည်ရရှိမှုမှာ တရက်လျှင် ၈ နာရီ ရရှိနေသဖြင့် နေရာဒေသမရွေး ဆိုလာစနစ်ကို တွင်ကျယ်စွာ အသုံးပြုနိုင်ကြောင်း ဦးငြိမ်းချမ်းဝင်းက ပြောဆိုသည်။

source by :မဇ္ဈိမ
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment