အမျိုးအမည်မသိ တုပ်ကွေး ကရင်ဒေသခံ ၅၀၀ တွင် ဖြစ်ပွားနေ
ကျော်ခ ၊(ချင်းမိုင်)၊ ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းရှိ ကျေးရွာ ၉ ရွာနေ ဒေသခံ ၅၀၀ ကျော် အမည်မသိ တုပ်ကွေးရောဂါတမျိုး ခံစားနေရကြောင်း ဒေသတွင်း ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးနေသော နယ်လှည့် ကျောပိုးအိတ် ကျန်းမာရေးအဖွဲ့က ပြောသည်။
ဖာပွန်၏ မြောက်ဘက် ၃၂ မိုင်ခန့်ကွာဝေးသည့် လူသောမြို့နယ်အတွင်းရှိ သဒါးဒဲ၊ တာအိုဒဲ့၊ သေးမူဒဲ၊ သဒဲဒဲ၊ တခေါ်တို့ဘော့၊ ထီးဆီးထ၊ ဟီဖိုးဒ၊ဲ မိမော်ဒဲ၊ ဝဲလူ ကျေးရွာများမှ ဒေသခံတောင်သူ လယ်သမားများနှင့် ကလေးငယ် အများအပြားတွင် ပြီးခဲ့သည့်လမှစ၍ ၎င်းရောဂါ ခံစားနေရခြင်း ဖြစ်သည်။
“အခုဖြစ်တာ ပြီးခဲ့တဲ့လ ၁၁ ရက်နေ့ကစပြီးဖြစ်တာ၊ ၅၀၀ ကျော်လောက် ရှိသွားပြီ။ ကျောင်းသားအရွယ် ကလေးငယ်တွေ များတာပေါ့။ တုပ်ကွေးကတော့ သေချာနေပြီပေါ့နော်။ ဘယ်လို တုပ်ကွေးအမျိုးအစားလည်း ဆိုတာကို စမ်းသပ်ဖို့က သူတို့ရဲ့ နှာရည်တွေကို ယူပြီးတော့ မဲဆောက်ဆေးရုံကို စက်တင်ဘာ ၂၆ ရက်နေ့က ပို့ထားတယ်။ အကြောင်းမပြန်သေးဘူး” ဟု ထိုင်းနိုင်ငံအခြေစိုက် နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးအဖွဲ့ ဒါရိုက်တာ ဦးမန်းမန်းက မဇ္ဈိမကို ပြောသည်။
ယခု ဖြစ်ပွားနေသော ရောဂါ၏ လက္ခဏာမှာ A-H1N1 တုပ်ကွေးနှင့် ဆင်တူနေပြီး ကူးစက်ခံရသူများမှာ နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်ပူရှိန်တက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း စသည့် ဝေဒနာများ ခံစားရခြင်းကြောင့် ဒေသခံ ကရင်တိုင်းရင်းသားများမှာ စိုးရိမ်ထိတ်လန့် နေကြသည်။ ၎င်းကျေးရွာများထဲမှ စာသင်ကျောင်းတချို့ ပိတ်ထားကြောင်း သိရသည်။
“လွန်ခဲ့တဲ့နှစ်တွေတုန်းကဖြစ်တာ တချို့တော့ ရှိတယ်။ ဒီလောက်မြန်မြန်ကြီး လူအများကြီး ဖြစ်တာမျိုး မရှိဘူး။ စာသင်ကျောင်းတွေကိုတော့ ပြီးခဲ့တဲ့လ ၂၆-၂၇ ရက်တွေက ပိတ်လိုက်ပါတယ်။ သဒါးဒဲ့ကျောင်း အလယ်တန်းကျောင်း ပေါ့နော်။ ကျောင်းသား ၁၇၀ လောက်ရှိတယ်။ အထက်တန်းက တာအိုဒဲ့ ကျောင်း ၂ ကျောင်းရယ်။ သေးမူဒဲ့ကျောင်း တကျောင်းရယ်ပေါ့” ဟု နယ်လှည့်ကျောပိုးအိတ်အဖွဲ့၏ ဖာပွန်ခရိုင် ကျန်းမာရေးမှူး စောဝင်းကျော်က မဇ္ဈိမကို ပြောသည်။
ဖာပွန်မြို့ပေါ်မှ စစ်အစိုးရ ကျန်းမာရေးဌာနများမှ တုပ်ကွေးဖြစ်ပွားနေသည့် ကျေးရွာများသို့ ယခုအချိန်ထိ ကျန်းမာရေး စောင့်ရှောက်မှုများ မရှိသေးကြောင်းနှင့် မြို့ပေါ်သို့ သွားမည်ဆိုပါက ၃၂ မိုင်ဝေးကွာပြီး ကားလမ်းမရှိ၍ ခြေလျင် သို့မဟုတ် လှေဖြင့်သာ သွား၍ရကြောင်း သိရသည်။
ဖာပွန်ခရိုင်အတွင်းရှိ ယင်းဒေသများသည် ယခုလိုအချိန်မျိုးတွင် စွတ်စိုထိုင်းမိုင်းပြီး အလွန်အေးသည့် ရာသီဥတု ဖြစ်ကြောင်း၊ တုပ်ကွေးရောဂါ၏ သဘာဝသည်လည်း အအေးချိန်ပိုများလျှင် ပေါက်ပွားရလွယ်ကူကြောင်းနှင့် ခန္ဓာကိုယ် ခုခံစွမ်းအား ကျဆင်းသူများတွင် ဖြစ်လွယ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် အမျိုးသား ပညာရေးနှင့် ကျန်းမာရေး ကော်မတီမှ ဒါရိုက်တာ ဒေါက်တာသီဟမောင်က ပြောသည်။
“ကျနော်တို့ အကြံပေးချင်တာကတော့ များသောအားဖြင့် ချောင်းဆိုးတဲ့အခါမှာ၊ နှာချေတဲ့အခါမှာ လက်ကိုင်ပုဝါ၊ တစ်ရှုး ဒါမှမဟုတ်လို့ရှိရင် လက်နဲ့အုပ်ပြီးတော့ ချောင်းဆိုးတာ။ ဘာကိုပဲကိုင်ကိုင် လက်ဆေးတာပေါ့လေ။ အဲလိုမျိုးလုပ်တဲ့ အလေ့အကျင့်လေး မွေးသင့်ပါတယ်” ဟု ဒေါက်တာသီဟမောင်က အကြံပြုသည်။
ယခု တုပ်ကွေးရောဂါ ဖြစ်ပွားနေသည့် နယ်မြေအနီးတဝိုက်မှ ကျေးရွာများသို့ ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းမှ ဆေးမှူးများ၊ ဒေသခံကျန်းမာရေးမှူးများ ပူးပေါင်း၍ သွားရောက်ကာ ရောဂါကူးစက်မှု ကာကွယ်နိုင်ရန် ပညာပေးလုပ်ငန်းများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဦးမန်းမန်းက ပြောသည်။

source by :မဇ္ဈိမ
0 ယောက်ရဲ့ထင်မြင်ချက်:
Post a Comment